စပိန် သင်္ဘောသားများ ဆိုမားလီးယား ပင်လယ် ဓားပြလက်မှ ပြန်လည် လွတ်မြောက်လာ

alt

သင်္ဘောသား (၃၆)ဦး လိုက်ပါလာသည့် စပိန် နိုင်ငံပိုင် သင်္ဘောတစင်းကို စပိန် အစိုးရက ဆိုမားလီးယား ပင်လယ် ဓားပြများ လက်မှ ဒေါ်လာ(၃.၃)သန်း ပြန်ပေးငွေ ပေးချေကာ ကယ်တင် ခဲ့ရကြောင်း သိရှိရသည်။

နိုဝင်ဘာ (၁၇)ရက် နေ့က ပေးချေ လိုက်သော လျော်ကြေးငွေကို ပင်လယ် ဓားပြများထံ စပိန် စစ်သင်္ဘောမှ လှေငယ်ဖြင့် သွားရောက် ပို့ဆောင် ခဲ့ရသည်။ ထို့နောက် သီတင်း (၆)ပါတ်ကြာ ပြန်ပေး ဆွဲခံထားရသည့် Alakrana သင်္ဘောသည် စပိန် စစ်သင်္ဘောနှစ်စင်း ခြံရံလျှက် အိန္ဒိယ သမုဒ္ဒရာ အနောက်ဖက်ခြမ်းမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

သင်္ဘောသား များသည် ဟာရာဒါရီ မြို့တွင် ကာလကြာရှည်စွာ ထိန်းသိမ်း ခံထားရသော်လည်း ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း သိရှိရသည်။ မက်ဒရစ် မြို့တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ အတွင်း စပိန်ဝန်ကြီးချုပ် ဂျိုးလူးဝစ် ရိုဒရီဂွတ် ဇာပါတီရိုက အစိုးရအနေ နှင့် အကောင်းဆုံးလမ်းကို ရွေးလိုက်ရခြင်းသာ ဖြစ်ကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

စပိန် ဒုတိယ ၀န်ကြီးချုပ် ကမူ ယခုကဲ့သို့ ပြန်ပေးငွေဖြင့် သင်္ဘောသားများအား ကယ်တင် လိုက်ရခြင်းကို ကျေနပ်ဟန် မရှိဘဲ စပိန် နိုင်ငံသည် ဆိုမာလီ ပင်လယ်ဓားပြများကို ပြင်းပြင်းထန်ထန် ချေမှုန်းသွားရန် သံဓိဌာန် ချမှတ်ထားကြောင်း ကြံုးဝါးခဲ့သည်။

ဆိုမာလီ ပင်လယ်ဓားပြများသည် အာဖရိက ဦးချိုဒေသအနီး ပင်လယ်ပြင်တွင် (၂၀၀၈) ခုနှစ် မှစကာ ထကြွ သောင်းကျန်းလာပြီး လက်ရှိအချိန်တွင် သင်္ဘောပေါင်း တဒါဇင်နှင့် သင်္ဘောသား (၂၀၀)ခန့်ကို ဖမ်းဆီးထားပြီး ယနေ့ နံက်တွင်မူ လုံခြံုရေးများ လိုက်ပါလျှက်ရှိသော အမေရိကန်နိုင်ငံ ပိုင်  Maersk Alabama ကုန်သေတ္တာတင် သင်္ဘောအား ယခုနှစ် အတွင်း ဒုတိယ အကြိမ်မြောက် အဖြစ် တိုက်ခိုက်ခဲ့သေးသည်ဟု  သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here