အာဖဂန် စစ်တပ်အတွက် အမေရိကန်မှ လေယာဉ်များ လှူဒါန်းဦးမည်

alt

အမေရိကန် နိုင်ငံသည် အာဖဂန် နစ္စတန် စစ်တပ်တွင် အသုံးပြုရန် နိုဝင်ဘာ (၁၅)ရက် နေ့က လေယာဉ် အစင်း၂၀ ကို ပေးပို့ လှူဒါန်းမည် ဖြစ်ကြောင်း အတည်ပြု လိုက်ပြီ ဖြစ်သည်။

C-27 အမျိုးအစား သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ အနက် လက်ရှိ အာဖဂန် တပ်မတော်တွင် (၂)စင်းသာ ရှိနေသေးသည်။ ကျန်(၁၈) စင်းမှာ နောက်(၂)နှစ် အတွင်း အာဖဂန်သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်သည် ယခု လေယာဉ်များကို အာဖဂန် လေတပ်အင်အား ဖြည့်တင်းရေး စီမံကိန်း၏ တစိတ်တဒေသ အဖြစ် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ NATO အဖွဲ့၏ အပြည်ပြည်ဆိုင်ရာ လုံခြံုရေး အကူအညီ တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး စတန်လီ မက်ခရစ်စတယ် က အာဖဂန် စစ်တပ်များအား ပိုမိုအားဖြည့်ပေး သင့်ကြောင်း ထောက်ခံ ပြောဆိုခဲ့ပြီး နောက် အမေရိကန်က ယခုလို လေတပ် အားဖြည့်မှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

အာဖဂန် တပ်ဖွဲ့များသည် ယခု လက်ရှိတွင် အင်အား ၈၀၀၀၀ ကျော်ရှိပြီး ၂၀၁၁ ခုနှစ်တွင် အင်အား ၁၃၄၀၀၀ ကျော် ရှိလာမည်ဟု ဆိုသည်။ လက်ရှိအာဖဂန် လေတပ်တွင် ရုရှားလုပ် ရဟတ်ယာဉ် (၃)ဒါဇင်ခန့်အပြင် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများက တည်ဆောက်သည့် သယ်ယူပို့ဆောင်ရေး လေယာဉ် အနည်းငယ်သာ ရှိသည်။

အမေရိကန်သည် အာဖဂန် စစ်တပ်အတွက် လူတင် သံချပ်ကာယာဉ် APC နှင့် Humvee စစ်ကား အစင်း(၆၀၀)စာ အစိတ်အပိုင်း များနှင့် M16 ရိုင်ဖယ်သေနတ် (၆၀၀၀)ကျော်ကို ပေးပို့ထားပြီး ဖြစ်သည်။ ယင်း သေနတ်များကို ဆယ်စုနှစ်များစွာ အာဖဂန်တပ်များ အသုံးပြုခဲ့သည့် ရုရှားလုပ် AK-47 သေနတ်များ နေရာတွင် အစားထိုးသွားရန် ရည်ရွယ်ထားသည်။

အာဖဂန် လေတပ်သည် (၂၀၁၆) ခုနှစ်တွင် လေယာဉ်အစင်း (၁၅၀)အထိ တိုးပွားလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here