အဖြည့်ခံ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ကျနော် ဇောင်းလျားသီး မကြိုက်ပါ… ဒါပေမယ့် ဇောင်းလျားပင် ပေါ်သို့ တက်၍ ကစားရခြင်းကို ပျော်မိသည်။ ကျနော်တို့ နေထိုင်ရာ ပတ်ဝန်းကျင် အနီးအပါး၌ ဘုန်းတော်ကြီး ကျောင်းတခု ရှိသည်။

မနက် အရုဏ်တက်လို့ ဆွမ်းစား အုန်းမောင်းခေါက်သံ ကြားရင် ကျနော့် အမေက ထိုဘုန်းတော်ကြီး ကျောင်းသို့ အပြေး သွားနေကျပေါ့။ ကျနော် ကတော့ အမေ ဘုန်းကြီးကျောင်းက ပြန်လာပြီး အတော်ကြာမှ အိပ်ယာက ထတယ်။ ပြီးတော့ အမေက သံဃာတော်တွေ စွန့်လိုက်တဲ့ စားစရာတွေနဲ့ ကျနော့်ကို မနက်စာ စားဖို့ ပြင်ဆင် ပေးပါတယ်။ ကျနော်နဲ့ အမေရဲ့ဘဝက အမေတခု သားတခုလို့ ဆိုရမယ်… အဲလိုပြောလို့ အဖေ မရှိဘူးလို့တော့ မထင်ပါနဲ့ အဖေကို ပြမယ်ဆိုရင်………..(ထားပါလေ..) နောက်တော့ ကျနော့်ကို ခင်ဗျားတို့ နားလည်သွားမှာပါ။

အမေတခု သားတခုဆိုတော့ သိတဲ့အတိုင်း၊ အမေက ကျနော့်ကို သိပ်ကိုဂရုစိုက်ပြီး စိုးရိမ် တတ်တာပေါ့ဗျာ။ ဘယ်သွားသွား သူမပါပဲ သွားရတယ်ဆိုတာ မရှိဘူး။ ကျနော်ကလ ဲငယ်တော့ အဆော့မက်တယ်၊ အခါအခွင့် သင့်တာနဲ့ ဆော့တော့တာပဲ။ သိပ်ဆော့လွန်းတော့ ထိပ်ပေါက် ခေါင်းကွဲဖြစ်ရတာလဲ အကြိမ်ကြိမ်ပါပဲ၊ ဒီတော့ အမေကျနော့်ကို စိတ်မချဘူးဆိုတာ မဆန်းဘူးပေါ့ဗျာ။

ကျနော် အမေ့ကို မကြာခဏ ပူဆာတတ်တာ တခုရှိတယ်၊ အမေ မနက် မနက်ဆိုသွားနေတဲ့ ဘုန်းကြီးကျောင်း ကို လိုက်ချင်တယ်လို့။ အမေက နောက်အားတဲ့အခါ ပို့ပေးမယ် ပြောပါတယ်၊ ပြီးတော့ အဲဒီ ဘုန်းကြီးကျောင်းက ဆရာတော်ကြီးက ဝေနေယျ သတ္တဝါတွေကို ကြင်နာ သနားတတ်တယ်လို့ အမြဲပဲ ပြောပြတတ်တယ်။ ပိုပြီး လိုက်ချင်ရတဲ့ အကြောင်းက ကျနော်တို့ရဲ့ အိမ်နီးချင်း သူငယ်ချင်းတွေနဲ့ ကစားတိုင်း သူတို့ ပြောပြောနေတဲ့ စကားတွေထဲမှာ ဘုန်းကြီးကျောင်းမှာ ဇောင်းလျားပင်တွေ အများကြီး ရှိတဲ့အကြောင်း၊ အပင်တွေက တက်ရ လွယ်ပြီး အပင်ပေါ်မှာ တူတူပုန်းတမ်း ကစားရတာ ဘယ်လောက် ပျော်ဖို့ ကောင်းတယ်ဆိုတဲ့ အကြောင်းတွေလဲ ပါတယ်။

သူတို့တွေက ကျနော့်ထက်တော့ အသက် နည်းနည်းကြီးကြတယ်၊ ဒီတော့ သူတို့က ကျနော့်ထက် လွတ်လွတ်လပ် လပ်သွားလာခွင့် ရကြတာပေါ့ဗျာ။ သူတို့တွေ ဘုန်းကြီးကျောင်း ၀င်းကြီးထဲမှာ ဘယ်လို ပျော်ပျော်ပါးပါး ကစား ခဲ့တယ် ဆိုတာတွေ ကျနော့်ကို အားပါးတရ ပြောပြတတ်တယ်။ ကျနော့်စိတ်ထဲ သူတို့ပြောတဲ့ အဲဒီအကြောင်း တွေ ဘယ်လောက်ထိ စွဲလန်းနေသလဲ ဆိုရင် ညအိပ်ရင်တောင် အိမ်မက်ထဲ မက်တာ ခဏခဏပဲ။ စိတ်ထဲမှာတော့ တေးထားတယ် အခွင့်သင့်ရင် တခေါက်လောက်တော့ သွားလည်မယ်လို့။

အဲ… သိပ်မစောင့်လိုက်ရပါဘူး။ တရက်မှာ အမေက သူ့အဖော်တွေနဲ့ တောလည်သွားတာ လိုက်သွားမယ်လို့ ပြောပါတယ်။ ကျနော်တို့တွေ နေတဲ့နေရာက တောနဲ့လဲနီး လူနေ အိမ်ခြေတွေနဲ့လဲ နီးတယ်။ ဒါပေမယ့် အခု နောက်ပိုင်း စားစရာ သောက်စရာ ရှားပါးလာလို့သာ အမေက တောလည်ထွက်တာပါ။ အမေက ကျနော့်ကိုထား ပြီး ဘယ်မှ သွားချင်ပုံမပေါ်ဘူး။ တောထဲကို ခေါ်သွားဖို့ကျတော့လဲ အန္တရာယ်ဖြစ်မှာ စိုးရတယ် ဆိုတော့ နောက်ဆံ တင်းတင်းနဲ့ပဲ ကျနော့်ကို အိမ်မှာ ထားခဲ့ရတယ်။ အဝေးကြီးတွေ လျှောက်မဆော့ဖို့လဲ အထပ်ထပ် မှာခဲ့ပါတယ်။ ကျနော်ကတော့ ဆော့ချင်သလို ဆော့ရဖို့အတွက် မုတ်ဆိတ် ပျားစွဲတဲ့ကိန်း ဆိုက်ပြီဆိုပြီး ကြိတ်လို့ ၀မ်းတွေ သာနေတာပေါ့ဗျာ။

အမေတို့အဖွဲ့ ထွက်သွားကြပြီ ဆိုတာနဲ့ ဘေးအိမ်က သူငယ်ချင်းတွေဆီကို အပြေးလေး သွားလိုက်တယ်။ ပြီးတော့ သူတို့နဲ့ ဘုန်းကြီးကျောင်းဝင်းထဲ သွားဆော့ဖို့ပြောတော့ သူတို့ကလဲ လူကြီးတွေမရှိတုန်း ဆော့ဖို့ အသင့်ဖြစ်နေတယ်။ ဒါနဲ့ ကျနော်တို့ သူငယ်ချင်းတသိုက် ဘုန်းကြီးကျောင်းဝင်းထဲကို ချီတက်ကြတာပေါ့။ သွားတဲ့ လမ်းတလျှောက် ပျော်ပျော်ပါးပါး အော်ဟစ်ပြီး သွားလိုက်ကြတာ ကျနော့်အသံက အကျယ်ဆုံး ဖြစ်မယ် ထင်တယ်ဗျ ။ ဒါပေမယ့် ဘုန်းကြီးကျောင်းဝင်းနဲ့ နီးလာတော့ အဲဒီမှာမကြာခဏ လာလာ ဆော့နေကျ သူငယ်ချင်းက အသံတွေ မဆူကြနဲ့ ကျောင်းဝင်းထဲမှာ အရမ်းဆိုးတဲ့ ဘုန်းကြီး ကျောင်းသားတချို့ ရှိတယ်လို့ ပြောတယ်။ ငါတို့ ဒီနေရာမှာ ကစားရင် နည်းနည်းတော့ သတိထားရမယ်လို့ အသေအချာ သတိပေးတယ်။

ဒီလိုနဲ့ ဘုန်းကြီးကျောင်းဝင်း ထဲမှာ ရှိသမျှ အပင်တွေပေါ် အကုန်လိုက်တက်၊ တွေ့သမျှ အသီးတွေ အကုန်ခူးစားနဲ့ ပျော်စရာကြီးပေါ့ … ဗျာ။ တကျောင်းလုံး အပေါဆုံး အပင်ကတော့ ဇောင်းလျားပင်တွေပဲ အချိုသီး၊ အချဉ်သီး တွေလဲရှိတယ်။ သူငယ်ချင်းတွေ ပြောခဲ့သလို အပင် အကုန်လုံးက တက်ရလွယ်တော့ ကျနော့်လို အကောင်ခပ် သေးသေးအတွက် အတော်ကြီးကို ဟန်ကျနေတာပေါ့ဗျာ။ အဲ.. ဇောင်းလျားသီးတော့ လုံးဝ မကြိုက်ဘူးဗျ။ ပုံစံကိုက ပုံမကျ ပန်းမကျကြီး၊ စားကြည့်တော့လဲ အရသာက ချိုတမျိုး၊ ချဉ်တမျိုးဆိုတော့ တခြား အပင်မျိုးတွေက အသီးတွေပဲ စားပြီး ဆော့နေ လိုက်တာပေါ့။

အဲဒီအချိန်မှာ အချိန်အခါမဟုတ် မိုးက ၀ုန်းကနဲ ရွာချလိုက်တယ်ဗျို့။ ဒါနဲ့ကျနော်တို့ အုပ်စုလဲ စားနေ၊ ကစားနေရင်းက ဖရိုဖရဲ ထွက်ပြေးကြရတာပေါ့။ နီးစပ်ရာ လုံခြုံတဲ့ အပင်တွေပေါ် တက်တဲ့သူက တက်၊ အိမ်ပြန်ပြေးတဲ့ သူကပြေးနဲ့ ပွက်လောကို ရိုက်နေတာပဲ။ ကျနော်လဲ နီးစပ်ရာ ဇောင်းလျားပင် ပေါ်တက်ပြီး မိုးခို နေလိုက်တယ်။ အချိန်အတော်ကြာတဲ့ အထိ မိုးကမစဲဘူး။ စိတ်ထဲမှာတော့ မိုးမြန်မြန် တိတ်ပါစေ ဆုတောင်း နေမိတယ်။ အမေပြန်လာလို့ အိမ်မှာမတွေ့ရင် ကျနော်တော့ အရိုက်ခံရတော့မယ် ဆိုပြီး စိုးရိမ်စိတ်တွေက တသီ တတန်းကြီးရယ်။ မိုးကအေးတော့ ကစားထားတဲ့ အရှိန်နဲ့ ပင်ပန်းပြီး တချက်တချက် အိပ်တောင် ငိုက်လာတယ်ဗျ။

အဲသလို ငိုက်မြည်းနေတုန်း “ဖြန်း” ဆို ကျနော်ထိုင်နေတဲ့ သစ်ကိုင်းကို တခုခုက အရှိန်ပြင်းပြင်း ထိမှန်လာတဲ့ အသံ ကြားလိုက်ရတယ်။ ဒီတော့ ကျနော်လန့်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်တော့….

ဟေ့ရောင် ညိုကြီး.. မင်းလက်ကလဲ ချာလိုက်တာကွာ” “ငြိမ်ပြီး ထိုင်နေတဲ့ အကောင်တောင် မှန်အောင် မပြစ်နိုင်ဘူး” “ပေးစမ်း..လေးဂွ.. ငါပြစ်ပြမယ်…. ကြည့် …!

ဘုန်းကြီး ကျောင်းသားနှစ်ယောက် ကျနော့်ကို လေးဂွနဲ့ ပစ်နေတာ တွေ့လိုက်ရတယ်။ အသက် အန္တရာယ်နီး နေပြီဆိုတာ သိတာနဲ့ တပြိင်နက် မိုးတွေ ရွာနေတဲ့ကြားထဲက ရောက်ရာပေါက်ရာ ထပြေး ရတော့တာပဲ။ ဘုန်းကြီးကျောင်းသား နှစ်ယောက်ကလဲ လုံးဝမလျော့ဘူး တရစပ်ကို နောက်ကနေ လိုက်ပစ်တာ။ တနေရာ အရောက် ဇောင်းလျားပင် တပင်ကို ခုန်အကူး.. ကျနော့်ပေါင်ရင်းနားကို ပြင်းထန်တဲ့ လောက်စာလုံး လာမှန် တော့တာပဲ။ ကျနော်လဲ နာကျင်လွန်းတဲ့ ဝေဒနာကြောင့် ခုန်ကူးလိုက်တဲ့ အပင်ရဲ့ အကိုင်းကို လက်က မှီခဲ့တာတောင်မှ ခြေထောက် တဖက်က မတွယ်နိုင်တော့လို့ မြေပေါ်ကိုဖုတ်ကနဲ မြည်အောင် ပြုတ်ကျသွား ရတယ်။

“တွေ့လား ညိုကြီး”… “ငါ့လက် ဘယ်လောက်ဖြောင့်လဲ ဆိုတာ” “လေပေါ်မှာ ခုန်နေတဲ့ အကောင်တောင် ကွက်တိကျအောင် ပြစ်နိုင်တယ်”.. “ဟား..ဟားး”

အသားမဲမဲနဲ့ ဘုန်းကြီးကျောင်းသားက သူ့အဖော် ညိုကြီး ဆိုသူကို ဂုဏ်ယူဝမ်းမြောက်တဲ့ အပြံုးတွေနဲ့ ကြွားဝါရင်း ကျနော်ပြုတ်ကျနေတဲ့ နေရာကို တလှမ်းချင်း လျှောက်လာနေတာ တွေ့ရတယ်။ ကျနော် နီးစပ်ရာ အပင်တွေပေါ် ပြေးတက်ဖို့ ကြိုးစား ကြည့်ပါသေးတယ်။ ခြေထောက်က လုံးဝကို ထောက် မရတော့ဘူးဗျာ။ မျက်လုံးတွေလဲ မိုးရေကြောင့် ကောင်းကောင်း မမြင်ရဘူး။ အဲဒီအချိန်မှာ အမေ့ကို အရမ်း တမ်းတမိတယ်ဗျာ။ အမေ့ စကားသာ နားထောင်ပြီး အိမ် အနီးအနားမှာသာ ကစားရင် ဒီလိုအဖြစ်မျိုး ကြံုရမှာ မဟုတ်ဘူး။ အခုတော့….ကျနော်…..အသားမဲမဲ ဘုန်းကြီးကျောင်းသား…. ညိုကြီး…. သူငယ်ချင်းတွေ……..

((((( အမေ…အမေ… အမေရေ )))))!

မျက်စိစုံမှိတ်ကာ ကျနော့်ရဲ့ အသံကုန်ခြစ်ပြီး အော်လိုက်တဲ့ အသံနဲ့အတူ ကျနော့်အနားမှာ ကျနော့်ကို အသာအယာ ဖမ်းယူတော့မယ် အသားမဲမဲ ကျောင်းသားရဲ့ အထိတ်တလန့် အော်သံက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတယ်။ ကျနော် မျက်စိဖွင့်ကြည့်တော့ မိုးအရမ်းရွာလို့ တောစပ်နားတင် လှည့်ပြန်လာတဲ့ အမေက အသားမဲမဲ ကျောင်းသားရဲ့ ဦးခေါင်းကို အားပါးတရ ကုတ်တွယ်ရင်း… (((သားလေး.. လွတ်အောင်ပြေးတော့… ပြေး…ပြေး..သားရေ))) လို့ ကုတ်ရင်းခြစ်ရင်း အော်ပြောနေတယ်။

ကျနော်လဲ စဉ်းစားမနေပဲ ရှိတဲ့အားနဲ့ ရသလောက် ထွက်ပြေးရတာပေါ့။ ဒါပေမယ့် အမေ့ကိုတချက် လှည့်ကြည့်မိ တော့ အသားမဲမဲ ကျောင်းသားက အမေ့ရဲ့ အမြီးကို ဖမ်းဆုပ်မိပြီး ခေါင်းပေါ်က ခါချကာ “ဖုန်း” ကနဲ တချက်ကိုင် ပေါက်လိုက်တာ တွေ့ရတယ်။ အရှိန်က တော်တော်ပြင်းတော့ အမေချက်ချင်း ပြန်မထ နိုင်ရှာဘူး။ ဒါတောင် အမေက ကျနော့်ကို တချက်လှမ်းကြည့်ပြီး “ပြေးလေ..သား.. ဘာကြည့်နေတာလဲ” လို့ လှမ်းအော်တယ်။ ကျနော် ဘယ်လို ပြေးနိုင်တော့မလဲ ..ဗျာ.. အမေကို ပြေးပြီးဆွဲတာပေါ့။ ဒါပေမယ့် ကလေးဆိုတော့ လူကြီးကိုယ်ကို ဘယ်ဆွဲ လို့ရမလဲ၊ ကျနော့် ခြေထောက်တဖက် ကလဲ အမေ့ဇောနဲ့သာ ထလျှောက်တာ ထောက်လို့ကို မရတော့ဘူး။

အဲဒီအခါမှာ ညိုကြီးက “ဟာ … ဒီမျောက်မ သားလေးက တမှောက်” ဆိုပြီး ကျနော့်ကို ပြေးကန်ပြန်တယ်။ ကျနော် ဇောင်းလျားပင် အောက်မှာ ခွေခွေလေး မထနိုင် ပြန်တော့ဘူး။ အမေက မူးဝေနေတဲ့ ကြားထဲက ကျနော့်ရဲ့ အဖြစ်ကိုမြင်တော့ အဲဒီ ကျောင်းသားနှစ်ယောက်ကို ၀ုန်းကနဲ တရှိန်ထိုးထပြီး တိုက်ခိုက်တော့တာပဲ။ ဇောင်းလျားပင်ကြီးရဲ့ အောက်မှာ အမေနဲ့ ကျောင်းသားနှစ်ယောက်ရဲ့ တိုက်ပွဲဟာ သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးရေတွေနဲ့အတူ ပြင်းထန်လို့နေပါတယ်။ ကျနော်ကလဲ အပင်ခြေရင်းက အသံကုန်အော်ပြီး ကယ်ပါ ယူပါ အော်ဟစ်လို့နေတယ်။

တချက်မတော့ အသားမဲမဲ ကျောင်းသားက သူ့ဆီ ခုန်ဝင်လာတဲ့ အမေ့ကို သစ်ကိုင်းကြီးတခုနဲ့ “ဖြောင်း”ကနဲ မြည်အောင် ရိုက်ထည့်လိုက်တာ တွေ့ရတယ်။ အမေ့ဦးခေါင်းက လွင့်စင်လာတဲ့ သွေးတွေဟာ ကျနော်ရဲ့ ကိုယ်ခန္ဓာကိုတောင် လာစင်တယ်ဗျာ။ အဲဒီအချိန်မှာတောင် အမေက သတိမလွတ်ဘူး..

သား… မင်း အခု လွတ်အောင်ပြေးနှင့့်… အမေနောက်က လိုက်လာခဲ့မယ်” လို့ အော်ပြော နေရှာတယ်။ ကျနော် သိတာပေါ့ဗျာ.. အမေဒီပုံစံနဲ့ ဘယ်တော့မှ လိုက်မလာနိုင်ဘူး ဆိုတာ။ ကျနော်က လဲကျနေတဲ့ အမေ့ဆီ ကို ထောက်လို့ရတဲ့ ခြေထောက် တဖက်ကို အားပြုသွားပြီး ပြေးဖက်ထားလိုက်တယ်။

အမေက အံကို တင်းတင်းကြိတ်ရင်း “ဟဲ့.. ပြေးလို့ပြောနေတယ်.. ငါ့အနားက ခုထွက်သွားစမ်း” လို့ ကျနော့်ကို ငေါက်တယ်။ ကျနော့် မျက်ရည်တွေ တသွင်သွင် စီးဆင်းနေရင်းက (((အမေ…အမေ))) လို့ အော်ငိုကာသာ နေတော့တယ်။ အသားမဲမဲ ကျောင်းသားက “ဒီမျောက် နှစ်ကောင် စွတ်အော်နေတယ်…ဆရာတော် ကြားတော့မှာပဲ နှစ်ကောင်စလုံး အသေရိုက် သတ်ကွာ” “ဒီညတော့ မျောက်သား ကောင်းကောင်း စားရတော့မယ်” လို့ ပြောရင်း… လက်ထဲက သစ်ကိုင်းခြောက်ကြီးကို လေထဲမှာ ဝှေ့ရမ်းလိုက်တယ်… ပြီးတော့ ကျနော်တို့ သားအမိရဲ့ ကိုယ်ပေါ်ကို…. (((ဖုန်း… ဖုန်း…. ဖုန်း….))) အမေက ရိုက်ချက်တိုင်းမှာ ကျနော့်ကို မထိရအောင် သူ့ကိုယ်ခန္ဓာနဲ့ အုပ်မိုးပေးထားတယ်။ ကျနော့် ကိုယ်လေးက သေးသေးလေးဆိုတော့ အမေကမရ ရအောင် ကာကွယ် ပေးနိုင်တာပေါ့။ အမေ့ရဲ့သွေးတွေက ကျနော့် တကိုယ်လုံးလဲ ပေကျံ လို့တောင်နေပြီ…

ထိုအခိုက်….

(((ဟိတ်))) ရပ်လိုက်ကြစမ်း… ငမိုက်သားတွေ!

င်းတို့တွေ ဘုန်းကြီးကျောင်းနေပြီး ဒီလောက်တောင် ရက်စက်မှု ကမ်းကုန်ရသလား!

င်းတို့ လူတွေမှ ဟုတ်ကျသေးရဲ့လား.. ဘီးလူး သဘက်တွေ လားကွ..ဟေ” “ကိုယ့်အထုပ် ကိုယ်ယူပြီး အခု ငါ့ကျောင်းက ထွက်သွားကြစမ်း!

ကျောင်းဝင်းထဲမှာ ကမာ္ဘပျက်မတတ် ဆူညံနေတော့ ဆရာတော်ကြီး ကိုယ်တိုင် ထီးတချောင်းနဲ့ မိုးရေထဲ ထွက်လာခိုက် ကျနော်တို့ သားအမိရဲ့အဖြစ်ဆိုးကို တွေ့လိုက်ဟန် တူတယ်။ ပြီးတော့ သူနဲ့အတူပါလာတဲ့ ဦးဇင်းတွေကို ကျနော်တို့ သားအမိကိုပြုစုဖို့ ကျောင်းကြီးထဲကို ခေါ်လာခိုင်းတဲ့ အသံကို ကျနော် ခပ်သဲ့သဲ့ ကြားလိုက်ရတယ်။ အမေကတော့ အခုချိန်အထိ ကျနော့်ကိုယ်ပေါ်မှာ အုပ်မိုးပြီး ကာကွယ်ထားတုန်းပဲ။

ကျောင်းဝင်းကြီးထဲ ရောက်တော့ ဦးဇင်းတပါးက… “ဆရာတော်ဘုရား… မျောက်မကြီးက အသက် မရှိရှာတော့ဘူး ဘုရား” “အလို.. အဖြစ်ဆိုးလှပါလား… ဒါဆို မျောက်သားလေး ကရော… ” “ခပ်မျော့မျော့ပဲ ဆရာတော်ဘုရား… အခု တပည့်တော် ကိုရင်တပါးနဲ့ ကျေးလက် ဆေးမှူးလေးကို အခေါ် လွှတ်လိုက်ပြီ” “အိမ်း… ကြိုးစားပြီး ကယ်တင်ပါ ဦးဇင်းရေ… ကျုပ်တို့လုပ်နိုင်တာ လုပ်ပေးရမှာပေါ့” “သတ္တဝါတခု ကံတခုပေါ့ကွယ်…” “အကုသိုလ် တရားတွေ ကြီးမားလိုက်ကြတာ” “ပြုသူတွေ အတွက်.. အကုသိုလ် အသစ်ပေါ့… ဖြစ်သူတွေအတွက် ကတော့ အကုသိုလ် ကံဟောင်းက အကျိုးပေးခဲ့ ပြီးလေ”

ကျနော့် ခန္ဓာကိုယ်ကသာ မလှုပ်ရှားနိုင်တော့တာပါ ဆရာတော်ကြီးတို့ပြောတဲ့ စကားသံတွေကို ကျနော်နားက ကောင်းကောင်း ကြားနေသေးတယ်။ ((( အမေသေပြီတဲ့ )))… အမေ… အမေ….. ကျနော့်ပါးစပ်က အသံ မထွက်နိုင်တော့ပေမယ့်… စိတ်ထဲမှာ အမေ့ကို အော်ဟစ် ရေရွတ်လို့သာ နေပါတော့တယ်။

အထုပ်အပိုးတွေနဲ့ လူဆိုးကျောင်းသား နှစ်ယောက်က မဲ့ရွဲ့နေတဲ့ မျက်နှာပေးနဲ့ သင်္ဃန်းအဟောင်းတွေနဲ့ ထုပ်ပိုးထားတဲ့ ကျနော့်ကို တချက် လာကြည့်သွားတယ်။ ကျနော် သူတို့နှစ်ယောက်ကို မြင်တော့… ရက်စက်လိုက်ကြတာ.. တရားမဲ့လိုက်ကြတာ.. ကိုယ်ချင်း မစာလိုက်ကြတာ.. ခင်ဗျားတို့ အမေသာ ဒီလိုအဖြစ်မျိုး ဆိုရင် ခင်ဗျားတို့ ဘယ်လိုနေမလဲဆိုပြီး ကုတ်ဖဲ့ကာ မေးချင်တယ်။ လူသားမဟုတ်တဲ့ သက်ရှိတိုင်းဟာ လူသားတွေအတွက် အဖြည့်ခံ သက်သက်လား… ကျနော်တို့လို သတ္တဝါတွေ အတွက် ဘယ် ဘုရားသခင်ရဲ့ မေတ္တာတော်ကို ခံယူရမလဲ…။

သိဉာဏ် ရှိလှပါတယ်ဆိုတဲ့ လူတွေမှာ ကိုယ်ချင်းစာ တတ်တဲ့ နှလုံးသားတွေ အရာရာကို တတ်နိုင်စွမ်းပါတယ် ဆိုတဲ့ ဘုရားသခင်က ဘာလို့ ထည့်မပေး လိုက်နိုင်တာလဲ……………….!

ရွှင်လန်းချမ်းမြေ့ပါစေ…

မိုးမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here