အရက်မူးပြီး ကလေးငယ်ကို ရှစ်ထပ်တိုက်မှ ပစ်ချခဲ့သည့် ရုရှားစစ်သား

alt

အရက်မူးပြီး ချစ်သူ၏ သမီးငယ် နှစ်ဦးအား (၈)ထပ် တိုက်မှ ပစ်ချ လိုက်သည့် ရုရှား စစ်သားတဦးအား လူသတ်ရန် ကြံစည်မှုဖြင့် တရားစွဲဆို ထားကြောင်း သိရှိရသည်။

မော်စကိုမြို့ရှိ တိုက်တခု၏ ပြူတင်းပေါက်မှ ပစ်ချခြင်း ခံရသောကြောင့် အသက် (၈)နှစ် အရွယ် အမြွှာညီအစ်မ ဒါရှာ လက်ဇီနာ နှင့် ကာရာ လက်ဇီနာ တို့ နှစ်ဦးသည် ဒဏ်ရာများ အသီးသီး ရရှိသွားသည်။

အရက်မူး နေသည့် ယင်း စစ်တပ်အရာရှိသည် ကလေးနှစ်ဦးအား မပစ်ချမီ ၎င်းနှင့် စကားများထားသည့် ချစ်သူအား ဒါရှာ နှင့် ကာရာ တို့အား Goodbye လုပ်ရန်ပင် ပြောလိုက်သေးကြောင်း သိရှိရသည်။

ပစ်ချလိုက်စဉ် သစ်ပင်များဖြင့် ငြိမိသဖြင့် အရှိန်နည်း သွားသော်လည်း ဒါရှာ ၏ ဒဏ်ရာမှာ အတော်လေး ပြင်းထန်ပြီး ကာရာ ကမူ စိုးရိမ် ရလောက်အောက် မဖြစ်ခဲ့ပေ။ ဒါရှာသည် နံရိုး(၅)ချောင်း ကျိုးသွားပြီး တချောင်းက အသည်းကိုပင် ထိခိုက်မိခဲ့ကြောင်း ဆရာဝန်များက ဆိုသည်။

သူမအား အရေးပေါ် အသက်ရှူ ကိရိယာဖြင့် ကုသပြီး အသည်းကိုလည်း ခွဲစိတ်မှုများ ပြုလုပ်ခဲ့ရကာ ယခုအခါ စိုးရိမ်ရသည့် အခြေအနေကို လွန်မြောက်သွားပြီ ဖြစ်သည်။ သူမသည် ကျောရိုး ကျိုးသွားသည်ဟု သံသယ ဖြစ်ခဲ့သော်လည်း အာရုံ ကြောမကြီးကို မထိခိုက်ခဲ့ဟု ဆရာဝန်များက ဆိုသည်။ သရက်ရွတ် စုတ်ပြဲသွားသည့် ကာရာ သည်လည်း အခြေအနေ တည်ငြိမ်နေပြီ ဖြစ်သည်။

ဗိုလ်ကြီး အဆင့်ရှိ အသက် (၃၀)အရွယ် နစ်ကိုလေး ဇူဟာကင် သည် ယခု သီတင်းပါတ် အစောပိုင်းက ကျူးလွန်ခဲ့သော ယင်းလုပ်ရပ်ကြောင့် အဖမ်းခံခဲ့ရပြီး၊ ၎င်းသည် ကလေးများအား ပစ်မချခင် အလွန်အကျွံ အရက် သောက်ထားကြောင်း သတင်းများက ဆိုသည်။

ကလေးနှစ်ဦး၏ မိခင်ဖြစ်သူ အသက် (၂၇)နှစ် အရွယ် အာရီနာ လာပူဇီနာသည် ယခု ဖြစ်ရပ်ကြောင့် အလွန်ခြောက်ခြား နေကြောင်း အိမ်နီးချင်းများက ဆိုသည်။ နိုဝင်ဘာ (၁၁)ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁)နာရီက ဖြစ်ပွားခဲ့သော ကြောက်စရာ အခြေအနေ အကြောင်း ကြားသိပြီးနောက် လာပူဇီနာ ၏ ခင်ပွန်းဟောင်း၊ ကလေးနှစ်ဦး၏ ဖခင် မစ်ဟေးက ပြောမပြ တတ်အောင် အံ့ဩ ထိတ်လန့်မိကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here