ပါကစ္စတန် ထောက်လှမ်းရေး ဌာနအနီး အသေခံ ကားဗုံးခွဲမှု ဖြစ်ပွား

alt

နိုဝင်ဘာ (၁၃)ရက် နေ့က အသေခံ ကားဗုံး ခွဲမှုတခု ပါကစ္စတန် ထောက်လှမ်းရေး ဌာနအနီး ဖြစ်ပွား ခဲ့ရာ အနည်းဆုံး (၈)ဦး သေဆုံးပြီး (၄၀)ကျော် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

နံနက်ပိုင်းက ခိုင်ဘာ လမ်းမပေါ်ရှိ ကား တစင်း ပေါက်ကွဲခဲ့ရာ ထောက်လှမ်းရေး အေဂျင်စီ အဆောက် အအုံ အကြီးအကျယ် ထိခိုက် ပျက်စီး ခဲ့ရကြောင်း တာဝန်ရှိသူ များက ဆိုသည်။ ပီဆာဝါမြို့ ဗုံးခွဲမှုကြောင့် ထောက်လှမ်းရေး အေဂျင်စီ အဆောက်အအုံ နေရာ အတော်များများ ပြိုကျသွားပြီး အလောင်း (၅)လောင်းနှင့် ဒဏ်ရာရသူ (၃၀)ကျော် တို့ကို မြို့လည်ရှိ လေဒီရက်ဒင်း ဆေးရုံသို့ ပို့ထားလိုက်ကြောင်း ရဲအရာရှိ ဆာဟီဘာဇန်ဒါ မိုဟာမက်အာနီး က ပြောကြားခဲ့သည်။

ဆေးရုံရှိ ဆရာဝန်များက မိမိတို့သည် အလောင်း (၈)လောင်းကို လက်ခံ ရရှိထားကြောင်း ပြောကြားခဲ့ပြီး၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကောင်းကင်တွင် မီးခိုးလုံးကြီးများ ဖုံးအုပ်သွားကြောင်း မျက်မြင်များက ဆိုသည်။ ထို့နောက်တွင် စစ်တပ်က ပေါက်ကွဲမှု ဖြစ်ပွားရာ ဒေသအနီး အခြေအနေကို ခေတ္တ ထိန်းသိမ်းထားပြီး လုံခြံုရေး တိုးမြှင့် ထားလိုက်သည်။

ယခု ဗုံးခွဲမှုသည် ပါကစ္စတန် အစိုးရအား တုန့်ပြန်သည့် တာလီဘန် အကြမ်းဖက် သမားများ၏ ဆက်တိုက် အကြမ်းဖက်မှုများ အနက် နောက်ဆုံးဖြစ်ရပ် အဖြစ် စာရင်းဝင် ခဲ့သည်။ ပါကစ္စတန် အစိုးရသည် တောင်ပိုင်း ၀ါဇီရစ်စတန်ရှိ တာလီဘန် တို့ကို အမေရိကန် အားပေးမှုဖြင့် နှိမ်နင်း တိုက်ခိုက်နေပြီး တာလီဘန် တို့ကလည်း ယခုကဲ့သို့ အသေခံ ဗုံးခွဲမှုများ ပြုလုပ်ကာ တုန့်ပြန်လျှက် ရှိနေကြသည်။

နိုဝင်ဘာ (၁၃)ရက်နေ့ ထောက်လှမ်းရေး အေဂျင်စီ ဗုံးခွဲမှုအတွင်း ဒဏ်ရာ ရသွားသူများ အနက် (၂၀)ကျော်သည် စစ်သားများ ဖြစ်ကြောင်းလည်း သိရပြီး၊ ထောက်လှမ်းရေး ရုံးအနီး နေထိုင်သည့် ပီဆာဝါမြို့ခံ ဆရာဝန်တဦးက မိမိသည် ဗုံးပေါက်ကွဲသော အသံကို ကြားလိုက်ရသော်လည်း ဗုံးဟု မထင်ဘဲ ငလျင်တော်လဲ သံကြီးဟု မှတ်ယူခဲ့မိကြောင်း ပြောပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here