အာဖဂန်စစ်ပွဲ အစီအစဉ်အား သမ္မတ အိုဘားမား ပြောင်းလဲမှု ပြုလုပ်လို

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမား သည် အာဖဂန်နစ္စတန် စစ်ပွဲနှင့် ပတ်သက်ပြီး ပြောင်းလဲမှု များကို လိုလားနေကြောင်း သိရှိ ရသည်။

သမ္မတ သည် ၎င်း၏ အမျိုးသား လုံခြံုရေး အဖွဲ့က ဖြစ်ပျက်ခဲ့သမျှ အခြေ ခံ အချက်အလက် များအပေါ် သုံးသပ် ပြီး အာဖဂန် အစိုးရနှင့် အမေရိကန် စစ်တပ် ပူးပေါင်း ဆောင်ရွက်ရေး အကြံဉာဏ် အမျိုးမျိုး ပေးနေသည့်တိုင် မည်သည့် အစီအစဉ်ကိုမှ လက်မခံ သေးကြောင်း အမေရိကန် အစိုးရ အုပ်ချုပ်ရေး ရုံးအဖွဲ့က နိုဝင်ဘာ (၁၁)ရက် နေ့တွင် တရားဝင် ကြေညာ သွားခဲ့သည်။

အာဖဂန်ရောက် အမေရိကန် တို့အနက် ဒုတိယ ဩဇာ အကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည့် အာဖဂန်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကားအီကန်ဘာရီ က နောက်ထပ် အမေရိကန် တပ်များ အားဖြည့် စေလွှတ်မှုကို ပြန်လည် သုံးသပ်သင့်ကြောင်း အကြံပြုခဲ့မှုနှင့် ပတ်သက်ပြီး သမ္မတနှင့် ၎င်း၏ ရုံးအဖွဲ့သည် အာဖဂန် စစ်ဆင်ရေးဆိုင်ရာ သီးသန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အီကန်ဘာရီ က အမေရိကန် စစ်သည် အမြောက်အများသည် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း၏ အုပ်ချုပ်မှု အရည်အသွေးနှင့် ပတ်သက်ပြီး သံသယ ကြီးထွားနေဆဲ ဖြစ်ကြောင်း အိုဘားမားထံ သတင်းပေးပို့ ခဲ့ကြသည်။ အိုဘားမားသည် ၎င်း၏ စစ်ပွဲမူဝါဒ အသစ်အတွက် မကြာမီ ကြေညာဖွယ်ရှိပြီး အဖြစ်နိုင်ဆုံးမှာ ၎င်း၏ အာရှခရီးမှ အပြန် နိုဝင်ဘာ (၁၉)ရက်နေ့ နောက်ပိုင်းဟု လေ့လာသူ များက ခန့်မှန်းထားကြသည်။

သို့သော်လည်း သမ္မတ အနေနှင့် နိုဝင်ဘာ (၁၁)ရက်နေ့ အစည်းအဝေး ပြီးဆုံးချိန် အထိ မေးခွန်းများစွာကို အဖြေထုတ်ရန် ခက်ခဲ နေဆဲဖြစ်ပြီး စစ်သည်မည်မျှ ထပ်မံပို့လွှတ် ရမည်ကိုလည်း မဆုံးဖြတ် နိုင်သေးပေ။

အိုဘားမားသည် အာဖဂန် စစ်တပ်များ၏ အင်အား လျော့နည်းမှုကို ကျားကန် ပေးရန်နှင့် တာလီဘန်တို့ ကြီးစိုးဆဲ ဒေသများကို သိမ်းပိုက်ရန် အနည်းဆုံး အမေရိကန် စစ်သည် (၃၀၀၀၀) ကျော်ကို အင်အားဖြည့် ပို့လွှတ်ရန် စီစဉ်ထားပြီး အာဖဂန်ရှိ အမေရိကန် စစ်ဗိုလ်ချုပ် များက စစ်သည် (၄၀၀၀၀)နှင့် အထက် အလိုရှိ နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here