နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ {၁}

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ၊ ဇရပ်ကြီး ဒိုင်နယ်။ အရှေ့တောင်ဖက် နှင့် အနီဆုံး ကျောင်းကုန်းရွာမှ ခါးဝတ် ခါးစားနှင့်ပင် ညအမှောင် အင်တိုင်းတောထဲ ကဆုန်စိုင်း ပြေးထွက် လာခဲ့ကြသည်။ ကျနော်က တောထဲ၊ တောင်ထဲ၊ တခါမျှ မရောက်ဖူးသေး။ အဖော် နှစ်ယောက်မှာ နယ်ခံ လူတွေဖြစ်သည့် အလျှောက် လမ်းမှားနိုင်စရာ အကြောင်းမရှိ။

လှမ်းနေသော ခြေလှမ်းတိုင်းကို ခပ်သုတ်သုတ် လှမ်းလိုက်ရင်း ကျနော့် စိတ် အတွေးများက တထင့်ထင့်။ သောက စိတ်တွေက အမျှင်မပြတ်သလို အတွဲလိုက်၊ အတွဲလိုက် ကပ်ပါ လာခဲ့သည်။

မိသားစုနှင့် မွေးကတည်းက ကြာကြာ ခွဲခွာသွားလေ့ မရှိ။ အခုလိုနှစ်ရှည် လများခွဲခွာဖို့ အကြောင်းက ဖန်လာတော့ ယုံကြည်ရာကို အကောင်အထည် ဖော်နိုင်ဖို့ အိပ်မက်တွေ အလီလီ မက်ခဲ့ရသည်။ မက်ခဲ့သည့် အိပ်မက်အတိုင်း သွားကို သွားရမှဖြစ်မည်။ ခြေလှမ်းတွေက တောင်တက် လမ်းလေးအတိုင်း လူမသိသူမသိ သူပုန်တယောက် ဖြစ်ဖို့။ ထို့ထက် မမြင်ရနိုင်သည့် ဟန့်တား နှောက်ယှက်မှုတွေကို ရင်ထဲမှ လူထုအတွက် ပေးဆပ်စွန့် လွှတ်ရမယ် ဆိုသည့် စိတ်ဓာတ်က အချိန်တိုင်း အလဲထိုး အနိုင်ယူရင်းနဲ့ပေါ့။

တော်လှန်ရေး နယ်မြေသို့ ရောက်ရှိခြင်း

မဲတင်းတိမ် တံတား ရောက်တော့ သုံးယောက်သား ညှိုနှိုင်း သဘောတူထားတဲ့ နိမိတ်ပြ သင်္ကေတတွေက ခြေလှမ်းအားလုံးကို ခေတ္တတုန့်ကနဲဖြင့် ရပ်လိုက်သည်။ လမ်းဘေး ခြံုစပ်အတွင်း။ ရှေ့မှာမြင်နေရသည့် တံတား ဘယ်လို ဖြတ်ရဆိုသည့် အသိကြောင့်။ စစ်တပ်မှ ထိုတံတားထိပ်တွင် မကြာခဏ ကင်း ထိုးတတ်သည်။ သုံးယောက်ထဲမှ တယောက်ထွက်၍ စစ်တပ်ရှိ မရှိစုံစမ်းရမည်။ ကုန်သည်တွေ စခန်းချမှု ရှိ မရှိစုံစမ်းရန်။ ထိုစဉ် ဗိုက်ပေါက်မှ သူသွားမည်ဟု ပြောသည်။ အကယ်၍ စစ်တပ်ရှိခဲ့လျှင် သူ့အတွက် မငဲ့ကွက်ပဲ လွှတ်ရာသို့ ပြေးဖို့ ကျနော်တို့ကို ပြောနေသည်။ သို့သော် ထိုည ထိုတံတား၌ စစ်တပ်မရှိ။ ရင်ထဲ စို့နေသည့် သောက အလုံးကြီး ခဏဖြုတ်ချ၍ ခရီးဆက်ကြပြန်သည်။

သုံးနာရီကျော် ဒုန်းစိုင်းလာတော့ ခြေထောက်က သွေးကျလာသလို။ ခြေဖဝါးတွေ နာကျင် ကျိန်းစပ်နေသလို ခံစားရသည်၊ ဗိုက်ထဲ ဟာလပ်ကာ ဆာလောင်နေမိသည်။ ထိုဆာလောင်မှုသည် ကျနော့အတွက် စိန်ခေါ်မှု နံပါတ်တစ် အဖြစ် သတ်မှတ်လိုက်သည်။ အဖော်နှစ်ယောက်မှာ သူတို့ ယုံကြည်ချက်နှင့် သူတို့ ဘဝအတွက် လက်မှတ် ဖြတ်လာကြဟန် တူသည်။ သို့သော် ဤခရီး၌ ကျနော်တို့ တူညီသော သဘောထားတွေ ကိုယ်စီ ရှိကြနေသည်။

တော ခပ်နက်နက်ထဲ ရောက်လာကြပြန်သည်။ ယခင်လို မြေညီလမ်း မဟုတ်တော့။ တောင်တန်းတွေ ကျော်ဖြတ်ဖို့ အတွက် တောင်တက် လမ်းစကို ခပ်ရေးရေး တွေ့စပြုပြီ။ လမ်းစ၏ ညာဘက် ရေတလျှောက်မှ စမ်းကျရေကို လက်ခုပ်နှင့်ခပ်ပြီး တဝ သောက်လိုက်သည်။ လက်မှ နာရီကြည့်လိုက်တော့ ညဆယ့်နှစ်နာရီ ထိုးပြီ။ ဆက်နား၍ မဖြစ်။ တောင်တက်စ လမ်းကြောင်းလေး အတိုင်း စကားတိုးတိုးပြော၍ တက်စဉ်။ ဟေ့! ရပ် ဘယ်သူလဲ ? ။ စူးရှသည့် နက်မှောင်းသည့် အသံနက်ကြီး။ တကိုယ်လုံး ပူထူသွားသည်။ ကြောက်ရွ့ံ တုန်လှုပ်မှုများ နှင့်အတူ ဆွံ ့အ နေကြ။ လက်မြှောက်။ အမိန့်ပေးသံ အတိုင်း တသွေမတိမ်း နာခံလိုက်ကြရပြီ။ အတတ်နိုင်ဆုံး ထိန်းချုပ်ထားသည့် ဒူးနှစ်ဘက်က နတ်ပူးနေသည့် အလား သဏ္ဌာန်။ ခင်ဗျားတို့ ဘယ်သူတွေလဲ၊ ဘာလာ လုပ်တာလဲ၊ တောင်ပိတ်ထားတာ မသိကြဘူးလား၊ အမှောင်ထဲ ဘာလို့ ထွက်လာကြ သလဲ။ မေးခွန်းများက ဒလစပ်။

ကျနော်တို့ ဈေးသည်တွေပါ ဗိုလ်ကြီး၊ ဗိုလ်ကြီးတို့ တောင်ပိတ်ထားတာ မသိလို့ပါ။ ကျနော့ စူးစမ်းနေမှုက မီးစင်ကြည့်ပြီး ကဖို့ သက်သာနိုင်မယ့် အဖြေတခုပါ။ သေနတ်နှင့် လူက သူနှင့်အတူ လိုက်ခဲ့ဖို့ အမိန့်ပေးတယ်။ ချောင်ကျကျနေရာ တခုမှာ ခေါ်သွားထားတယ်။ ဝါးနွယ်ဝါးတွေ ထူထူထပ်ထပ် ပေါက်နေတဲ့ကြားထဲက ခနော်ခနဲ့ တဲတလုံးကို တွေ့ရသည်။

ဒီပုံနှင့် တညလုံး ဖြုတ်ကိုက်၊ ခြင်ကိုက် မိုးမြန်မြန် လင်းပါစေလို့သာ ဆုတောင်းနေမိ၏။ နံနက်ရောက်တော့ သေနတ်နှင့်လူက ထင်ထားတဲ့ စစ်တပ်မှ မဟုတ်ပဲ လက်နက်ကိုင် တော်လှန်ရေးမှ ရဲဘော်တယောက် ဖြစ်နေတာ သိရ၍ ကျနော်တို့ အားတက် ဝမ်းသာ နေမိသည်။ ကျနော်တို့က သူ့ကို အကျိုးအကြောင်း ရှင်းပြလိုက်၏။ တမုဟုတ်ချင်း ခင်မင်ရင်းနှီးမှု နှင့်အတူ မိတ်ဆွေ ဖြစ်သွားသည်။ ခဏအကြာ ခေါင်းဆောင် ဖြစ်ဟန်တူသူ တယောက် ရောက်လာသည်။ ပျူပျူငှာငှာ နှုတ်ဆက်ပြီး သိမ်သိမ်မွေ့မွေ့ စကားဆိုသည်။ လွန်ရော ကျနော့ထက် အသက် ငါးနှစ်ခန့် ကြီးမည် ထင်ရသည်။ မုတ်ဆိတ်မွှေး ညှင်းသိုးသိုးနှင့် ထိုရဲဘော်၏ ပါးစပ်တွင် ဆေးတံတချောင်း ကိုက်လျှက်။ ဆေးတံသောက်လိုက်၊ စကားပြောလိုက်နှင့် တခါတခါ သူမှုတ်ထုတ် လိုက်သည့် ဆေးတံမီးခိုးက ကျနော့ နှာခေါင်းထဲတိုးဝှေ့ ဝင်၍ အနေရကြပ်လှ၏။ လာရင်း အကြောင်းကို လေးလေးနက်နက် ဖွင့်ဆိုပြသည်။ တဘက်မှာတော့ ကြောက်စိတ်နှင့်။ ထိုခေါင်းဆောင်မှ ကျနော်တို့ကို ယခုလို အသိစိတ်ဓါတ် ရှိရှိနှင့် တော်လှန်ရေး တာဝန်ထမ်းဆောင်ဖို့ ရောက်လာကြသည့် အတွက် အထူး လေးစားကြောင်း၊ ဒီနေ့ စစ်အာဏာရှင်ကို ဘာကြောင့် တော်လှန်နေရသလဲ ? ဆိုသည့် သူတို့၏ ယုံကြည်ချက်ကို စိတ်ဝင်စားဘွယ် ရှင်းပြနေသည်။ ကျနော့် စိတ်ထဲမှ ထိုရဲဘော်ကို တိုးတိုးတိတ်တိတ် မှတ်ချက်ပြုနေမိ၏။

ချီဂိုလာတောင် အမြင့်ကြီးပေါ်သို့ ရဲဘော်တွေ နှင့်အတူ လိုက်ပါခဲ့ကြသည်။ ကရင်ရွာလေး တရွာ၌ အဖွဲ့တွေဆုံကြ၍ ရဲဘော်အချင်းချင်း စကြ၊ နောက်ကြ၊ တယောက် လက်မောင်း တယောက် ထိုးကြိတ် ကျီစယ်နေကြပုံ သားရင်းများနှယ်။ သူတို့ဝတ်ထားသော ယူနီဖောင်းတွေက ကျနော် ကြည့်ခဲ့ရသော စစ်ကားများထဲမှ ဝတ်ထားသည့် ပြောက်ကျား ယူနီဖောင်းများနှင့် တပုံစံတည်း။ တချို့ ရဲဘော်တွေက ဆံပင်ရှည်ပြီး တချို ့က တယ်လည်း သန့်သန့်ပြန့်ပြန့် ရုပ်ရည်တွေနဲ့ မိန်းမချော ချောပြီး ရဲဘော်တွေမှာ တောထဲတောင်ထဲ ကြီးမားလေးနက်သည့် တော်လှန်ရေး တာဝန်တွေ ထမ်းဆောင် နေကြပါလားဟု စိတ်ထဲက မှတ်ချက်ချ နေမိ၏။ လူနေမှု အဆင်အတန်းမြင့်သည့် မိသားစုမှ သားသမီးများ၊ တောင်သူလယ်သမား သားသမီးများ၊ အလုပ်သမား သားသမီးများ၊ ခေတ်ပညာတတ် သားသမီးများ အပြင် တိုင်းရင်သား လူမျိုးစုတွေထဲမှ အမျိုးအစားတို့ စုံလင်စွာနှင့်။

ကျနော်လည်း အဘယ်ကြောင့် တော်လှန်ရေးတာဝန် မထမ်းဆောင် နိုင်ရမှာလဲ ကိုယ့်ကို ကိုယ် မကျေမနပ် ဖြစ်နေမိ၏။ တောင်ထိပ် ရောက်လုနီး၊ “မဒယ်ဂါလဲ” ကရင်သံဝဲဝဲ နှင့်အော်သံ။ ရှေ ့ပွိုင့် ထွက်ရဲဘော်မှ “ကျိုးဖိုး” လို့ ကရင်လို ပြန်ပြောလိုက်သည်။ ထိုစကားလုံး ကို မှတ်ထားပြီး အိပ်ရာဘေးမှ ရဲဘော်ကို မေးကြည့်တော့ “ကျိုးဖိုး” ဆိုသည့် ဝေါဟာရ အဓိပ္ပါယ်မှာ ကျောင်းသား ဟု သိရသည်။ ကျနော့ အတွက် ထိုစကားလုံးသည် ထိုဒေသ၊ ထိုလူမျိုး၊ ထိုလူထုနှင့် တချိန်ချိန်မှာ ပေါင်းကူးတံတား ထိုးပေးနိုင်ခဲ့ လိမ့်မည်ဆိုတာ မတွေးမိခဲ့သေးချေ။

ရှေ့တန်း ဧရိယာမို့ ရဲဘော်တွေ ထမင်းစောစော ချက်ကြသည်။ နံနက် ငါးနာရီတွင် ရဲဘော်အားလုံး တန်းတူ ထကြရသည်။ ကျနော်တို့ က အရပ်ထဲမှာ အရပ်သားလို နေခဲ့ပြီး နေဖင်ထိုးမှ အိပ်ရာ ထတတ်သည့် အကျင့်ဆိုးကြောင့် ရဲဘော်တွေလို စောစောမထ နိုင်ခဲ့။ ဝါးနှင့်ခင်းထားသည့် ကွပ်ပျစ်ပေါ်၌ လှဲနေသည်။ နောက်ရက်များ၌ တပ်စိတ်မှူးမှ ထမင်းချက်ရန် ကျနော်တို့ကို အကူအညီ တောင်းသည်။ ထိုသို အကူအညီ တောင်းသည်ကို ဆံပင်ရှည်နှင့် ရဲဘော်မှ ကျနော်တို့သည် ရဲဘော်အသစ်များ ဖြစ်သည့်အတွက် ရေမခပ် ခိုင်းစေလို။ အကယ်၍ လျှပ်တပြက် တိုက်ပွဲဖြစ်ခဲ့လျှင် မိမိတို့မှာ တာဝန် ရှိကြောင်းထောက်ပြ ပြောဆို၏။ ကျနော်တို့မှ ရပါတယ်ဟု အားတက်သရောနှင့် ဝါးဘိုးဝါး ခပ်ထူထူ ဗူးကြီးကို ထမ်းပြီး တောင်အောက်သို့ ဆင်းလာခဲ့ကြသည်။ ကျနော်တို့ နှင့်အတူ ရေခပ်ဆင်းလာသည့် ရဲဘော်မှာ AK- မောင်းပြန်သေနတ်ကို စလွယ်သိုင်းပြီး ရေခပ်ဆင်းရာသို့ ဦးဆောင်သွားသည်။ ရေခပ်ဆိပ်မှာ စခန်းကုန်းမှ အတော်လေး ဆင်းရသည်။ ဝါးဗူးထဲ ရေဖြည့်ပြီးသောအခါ ဘယ်လိုထမ်း တက်ရမလဲ မေးတော့ ထိုရဲဘော်မှ ဝါးဗူးကို ကျောပြင်မှာကပ်ပြီး ခြေနှစ်ဘက်ကို တောင်ကွေး ကွေးထားရတယ်၊ လက်နှစ်ဘက်က ဝါးဘိုးဝါးကို နောက်ပြန်လက်အုပ်မိုးပြီး ကုန်းကုန်းကုန်းနှင့် တရွေ့ရွေ့တက် သွားသည်။

ကျနော်လည်း ထိုပုံစံလုပ်ပြီး ထမ်းတက် ကြည့်သည်။ တောင်တက်လမ်း တလျှောက် ကို့ရိုးကားယားနှင့် တကိုယ်လုံး ရေတွေစိုပြီး စခန်းကုန်းပေါ်သို့ အဆင်မပြေစွာနှင့် ရောက်ရှိသွားသည်။ စခန်းကုန်းပေါ်သို့ ပါလာသည့်ရေ နည်းနည်းမှ ကျန်တော့သည်။ နောက်ဆိုလျှင် တောင်ကုန်းပေါ် ရောက်သည့် ရေတွေကို ရိုရိုသေသေ သုံးစွဲရန် ကျနော့ကိုယ် ကျနော် စည်းကမ်းသတ်မှတ် လိုက်ရသည်။

ည အိပ်ချိန်ရောက်သည့် အခါ တချို့က ရေဒီယို နားထောင်နေကြ၊ တချို့ သရဲအကြောင်း ပြောနေကြသည်။ ကျနော့ ညာဘက်က အုပ်စုကတော့ သူတို့ ရည်းစားတွေ အကြောင်း ပြောဆို ရင်ဖွင့်သံတွေက ကျနော့ နားကို တချက် တချက် ကြားဖြစ်နေသည်။ ကျနော့ ကွပ်ပျစ်ပေါ်မှ အတော်ဝေးဝေး မှုန်ပျပျမှ လင်းလိုက်၊ မှိတ်လိုက် ဖြစ်နေသည့် မိုက်ကရိုဝေဗ့် ကြေးနန်းတိုင်မှ မီးနီလေး မြင်နေရသည်၊ ပိုစုန်းကြူး အလင်းရောင်လောက်နှင့် တအိအိ သွားနေကြသည့် မီးတန်းတွေက ကားတွေ ဖြစ်လိမ့်မည်ဟု ငေးမော ခန့်မှန်းရင်း။ မနေ့က မြို့ပြမှ ကျနော် ဒီနေ့ တောထဲ တောင်ထဲကို ဘယ်လိုရောက်ခဲ့သလဲ ဆိုသည့် နောက်ပြန်ငေးမော၊ တွေးကြည့် စဉ်းစားခန်းတွေ နှင့်။ မြို ့ပြကို မသိစိတ်က ရောက်နေသည်။ သိစိတ်၏ အချို ့အစိတ်အပိုင်း မှာတော့ ခန္ဓာကိုယ်က မှေးစက်အနားယူ သွားမှန်း မသိလိုက်မိတော့။

သင်တန်း ကာလ(၃) လ။

မိုးတွင်းဖြစ်၍ သက်လုံကောင်းစေဘို့ နံနက် ငါးနာရီ တန်းတူ ထကြ၊ ပီတီ ပြေးကြရသည်။ သံလွင်မြစ် ကမ်းနဘေး သဲသောင်ခုံမှာ စစ်ချီတေး သံပြိုင်သီဆိုသံများ ကတော့ (တိပ်၊နှိပ်၊သုံး၊လေး) ၂-ဘာလုပ်နေလဲ လေ့ကျင့်နေတယ်) ဘာလုပ်ဖို့လဲ (ဘာလုပ်ဖို့လဲ)- တိုက်ပွဲဝင်ဖို့၊- ဘယ်သူ့ အတွက်လဲ (ပြည်သူ့ အတွက်ပဲ) ၃။ သက်သာ အနေအထားနှင့် နေစေပြီး သင်တန်းမှူးမှ ဩဝါဒ ချွေနေသည်။ ကျနော်က စိတ်မဝင်စား၊ မျက်စေ့ရှေ့ မှဖြတ်လာသည့် လှေကို မျက်စေ့တဆုံး ကြည့်မိ၍ မိကျောင်းတက် တက်ခိုင်း၍ ကျနော့မှာ ဒါဏ်ပေး ခံရသည်များ အမှတ်ရနေမိသည်။

မိုးရွာထဲ သင်တန်းတက်ရ၍ သင်တန်းသားအချို့ ပမ်းဖျား ဖျားနေကြသည်။ အိပ်ဆောင်မှာ ဆေးကို့စ် ယူထားရသည်။ ကွီနိုင်းက ငှက်ဖျားမဖြစ်ဖို့ အော့ကြောလန် ချင်စရာ ဖြစ်အောင် သောက်ရ၍ နားနှစ်ဘက်စလုံး အူသည်။ ဗိုက်ထဲ၌ အစာမရှိ၍ မကြာခဏ အန်၍ အားမရှိ။ မည်သည့် အစားအစာမှ မဝင်ပါ။ ဆေးကို့စ် ပြည့်သည့်နေ ့ ထမင်း စစားသည်။ နာလန်ထ ဖြစ်၍ ဘာဟင်းနှင့် ဖြစ်ဖြစ်စား၍ အလွန်ကောင်းသည်။

တောတွင်း ရှာဖွေ စားသောက်နည်း။

အဖွဲ့နှစ်ဖွဲ့ ခွဲ၍ တောထဲလွှတ်သည်။ ဆန်နှစ်ဗူးဆီ ယူ၍ သွားရသည်။ တောထဲ၌ စခန်းချသည်။ ကင်းစောင့်တဲ့သူ စောင့်။ ကတုတ်ကျင်း တူးသည့်အဖွဲ့က တူးကြ။ ထမင်းချက်သူ ချက်နှင့်။ သင်တန်းမှူးမှာ ညမှောင်ရီ ပျိုးစ၌ သူ့ မိန်းမထံ ပြန်သွားသည်။ ကျနော်တို့အား ရိက္ခာ သွားထုတ်ဦးမည်ဟု လည်း ပြောသွားသည်။ (ပြန်လာတော့ လက်ထဲ ဘာရိက္ခာမှ ပါမလာ။ ဒါတောင် သင်တန်းမှူး ရိက္ခာယူ ပြန်လာကြောင်း အသေအခြာ ထောက်ခံသူရှိသည်။) သူပြန်မလာမှီ ကျနော်တို့က သူလာမည့် လမ်းကို တိုက်မိုင်းတွေ ဆင်ထားကြသည်။ (တိုက်မိုင်း ဆိုသည်မှာ တကယ်မိုင်း မဟုတ်ပါ။ လူသွား လမ်းဘေး၌ ပေါက်နေသည့် ကိုင်းမြက်ပင်ရှည်တွေ ၊ ဝါးရုံးပင် ငယ်လေးတွေ ဟိုဘက်သည်ဘက် စုစည်းချည်ပြီး ချည်ထားကြသည်။ ) အားလုံး အိုကေ လို့ ဆုံးဖြတ်ပြီးသည်နှင့် တပြိုင်တည်း ကျနော်တို့ နှစ်ဖွဲ့စလုံး ကင်းတယောက်မှ မစောင့်ကြပဲ ပင်ပန်းထားသမျှ အတိုးချပြီး တခေါခေါနှင့် အိပ်ပျော် သွားကြသည်။ အိပ်၍ ကောင်းနေတုန်း မှောင်ကြီးမဲမဲထဲ ဂျီသရီး သေနတ်သံက တဒိုင်းဒိုင်းနဲ့ အော်တို ကုတ်ပါလေရော့လား။ ကျနောလည်း ကမူးရှူးထိုးနှင့် အိပ်ယာထဲမှ ဝုန်းကနဲ အထွက် တဲရှေ ့ သစ်ငုတ်တိုကြီးနှင့် အားရပါးရ တွဲဖက် မိတ်ဆက် မိသွားသေးသည်။ မျက်လုံးနှစ်လုံးသည် မီးပွင့် မတတ်ဖြစ ်သွားသည်။ ကိုယ်တူးသည့် ကတုတ်ကျင်း ထဲသို့ ရောက်အောင် သွားသော်လည်း ကတုတ်ကျင်းက ဘယ်ဆီနေမှန်း မသိအောင် ဖြစ်နေပြန်သည်။

နီးစပ်ရာ ကျင်းထဲ ခုန်ချတော့ ကျနော့ အလျှင်ရောက်နေသည့် ရဲဘော်မှ မောင်းထုတ်၍ လန့်ပြေး ပြေးလိုက်တော့မှ ကိုယ့်ကျင်းထဲ အခန့်သား အံကျဝင်မိ ရက်သား ဖြစ်သွားသည်။ ကျင်းထဲ ငုတ်တုတ်ထိုင် မျက်စိမှိတ်ပြီး ကျောင်းသား တပ်မတော်ကွ ၊ အရှင်ဖမ်း၊ အရှင်ဖမ်း။ သူများတွေ အော်သလို လိုက်၍ အော်နေမိသည်။ နှစ်ဖွဲ့ စလုံး လူစုပြီး လူစစ်ကြတော့ တစ်ယောက် လိုနေသည်။ လိုက်ရှာကြည့်တော့ – “ကြောင်နာ” ဟု အမည်ပေးထားသော ရဲဘော်က သူများ ကမာ္ဘပျက်ချိန်မှာ သူက သူ့နေရာမှာ သိုးလို့ ကောင်းတုန်း။ အားလုံးမှာ တကိုယ်ရေ စစ်သုံးပစ္စည်းများ အိပ်ရာဘေး၌ အကုန် ကျန်ရစ်သည်။ ကျနော်တို့နှင့် ပါလာတာ ကတော့ လေ့ကျင့်ရေး သေနတ်များ (သစ်သားဖြင့်) ကျနော့လက်ထဲ ပါလာတာ ကတော့ သေနတ် မဟုတ်ပဲ ဝါးရင်းတုတ်ကြီး ဖြစ်နေသည်။ မနေ့က ကျောင်းသားတွေကနေ ဒီနေ့ အရှင်မွေးလို့ နေ့ချင်းကြီး တဲ့ စစ်သားတွေမို့လေ တွေးကြည့်ပေါ့။

တခါသား မှာတော့ ကျနော်တို့ အားလုံး နေပူကြီးထဲ တောတိုးနေရသည်။ တောတိုးသည် ဆိုရာ၌လည်း ဖြစ်ပုံက သစ်ပင် ကြီးကြီးမားမား မရှိသည့် နေရာ။ တံမြက်စည်းတော၊ သက်ငယ်(ကယ်)တော၊ ဂျာမဏီ ခြံုတွေ တိုးရလွန်း၍ မျက်နှာ၊ လည်ပင်း၊ လက်မောင်း၊ ခြေထောက်၊ တကိုယ်လုံး သက်ကယ်ကြောတွေ ရှထား၍ ပူစပ်ပူလောင် နှင့် ဒီကြားထဲ ချွေးတွေ စွဲစိုနေတော့ ခံရ အတော်ဆိုးသည်။ တောတိုးပြီးသည်နှင့် တပ်ရင်းသို့ ပြန်ကြရသည်။ အယင်ရောက်သည့် ရဲဘော်တွေက ရေချိုးဆိပ်တွင် သင်တန်းမှူးကို မကျေမနပ်နှင့် ကျိန်ဆဲ နေကြသည်။ ရဲဘော်-ဂီ-တယောက် ပြန်မရောက် လာနိုင်၍ ကျနော်တို့သူ့ကို အသံပေး အော်ခေါ်ကြသည်။ တနေရာ ရောက်တော့ ရဲဘော်ဂီမှာ- အသံဩဩနှင့် ငိုနေသည်ကို တွေ့ရသည်။ နေကလည်းပူ၊ မောကလည်းမော၊ မွန်းတက်ချိန် ဖြစ်သော ကြောင့်- ရဲဘော်ဂီမှာ ထမင်းဆာနေ၍လား မသိ။ စကားပြောလျှင် နွမ်းဟဟလေးပဲ စကားကိုဖွပြောသံ ကြားရသည်။ ဘဝမှာ မမေ့နိုင်ကောင်းသည့် နေ့ရက်တွေ ပါလားဟု ကျနော့ရင်ထဲ ထင်ကျန်၍ နေသည်။

သင်တန်း ဆင်းသည့်နေ့

တပ်ရင်းမှူးမှ ပြောက်ကျားယူနီဖောင်း ဝတ်စုံတွေကို သူကိုယ်တိုင် ဝယ်ယူခဲ့သည်။ ကျနော်တို့ သင်တန်းသားတွေကို ဝတ်စေပြီး သင်တန်းဆင်းရန်။ စက်ပစ်ကွင်း နောက်ဆုံး မောပန်း ပစ်ခတ်စဉ် သင်ခန်းစာ အမှတ်ယူဖို့ အချိန်။ AR ဆယ့်ခြောက် မောင်းပြန်သေနတ်ကို အကြိမ်ကြိမ် တိုက်ချွတ် ။ပစ်မှတ်ကို ဝင်အောင် ပစ်နိုင်ပါ့မလား ဟု သံသယ စိတ်နှင့် ရင်ခုန်နေမိ။ သင်တန်းသား အချို့ ပစ်ပြီးကြ၍ တပ်မှူး အချို့က ပစ်မှတ်တွေ၏ ရမှတ်များ ပေါင်းနေကြ၏။ ကျနော်အား သေနတ်ပစ်လျှင် ဘယ်လိုပစ်ရမယ် သင်ပေးလိုက်သည့် ရဲဘော်မုတ်ဆိတ်၏ စကားတွေကို စက်ပစ်ကွင်းရှေ့မှာ မြင်ယောင်နေရင်း သေနတ်ကို မှောက်ပြီးပစ်မယ်ဆို သေနတ်ဒင်ကို မိမိရဲ့ ညာဘက် ပုခုံးအောက်ထောက်၊ ဘယ်ဖက် လက်ကို ထောက်ပြီး သေနတ်ရဲ့ရှေ့ ဖိုက်ဘာအဖုံးကို ကိုင်ရမယ်။ ကိုင်တဲ့နေရာမှာ ညာဘက်ပုခုံးကို အားပြုပေး။ ညာဘက် လက်က သေနတ် ခလုတ်ဂွင်းထဲ ထည့်ဖို့ လက်ညိုးကို နီးနီးကပ်ထားပါ။ ညာဘက် မျက်စေ့ကိုမှိတ်။ ရှေ့ပြောင်းဝထိပ်မှာ တပ်ထားသည့် ချိန်သီးနှင့် အညီယူ(ရေအိုးတင်) ပစ်မှတ်ကိုချိန်။ ပစ်တော့မယ်ဆို လက်ညိုးကို ဂွင်းထဲ ထည့် အသက်ကို မှန်မှန်ရှု။ ပစ်ပြီဆိုတာနဲ့ အသက်ကိုအောင့်ထား၊ လက်ညိုးကို အသာလေးကွေး။ ခလုတ်ကို ဖြုတ်ချလိုက်။ ဒိုင်း …. အဲဒီနေ့ သင်တန်း ဆင်းတော့ ကျနော် ဒုတိယ ပစ်မှတ်အများဆုံး ရကြောင်းသိရ၍ ဝမ်းသာမှုနှင့် အတူ သင်တန်းနေ့ ရက်တွေကို ယခုတိုင် လွမ်းသလိုလို ခံစားနေရသည်။

ရှေ့တန်း ထွက်ရမယ်။

အတိုင်းမသိ ဝမ်းသာမှုနှင့်အတူ မျက်ရည်များပင် စို့တက်သွားမိသည်။ သုံးမရသည့် အီကွစ်မင့်န် အပုံထဲမှ သုံးရမည့် ပစ္စည်းတွေဖြုတ်။ ခရီးသွား အဆင်ပြေအောင် အပ်ပြန်နှင့် ရေဗူးအိတ်၊ ဘောက်ချပ်အိပ်၊ စစ်ခါးပါတ်မှာ သီပြီးချုပ် ။ ကျည်ဘောက်နှင့် သေနတ်ကို သေနတ်တိုက် ဆီနှင့် တိုက်ချွတ် ဆေးကြော။ အပြန်ပြန် အလှန်လှန် တိုက်ချွတ်၍ စိတ်ချ ရလောက်ပြီဆိုမှ နေပူထဲ ထုတ်လှန်း ပြီး ခေါင်းရင်းနဘေး သံချောင်းမှာ ချိတ်ဆွဲထားသည်။ ကျောပိုးအိပ်ထဲ အဝတ်အစားတွေ ထည့်နေတုန်း ရဲဘော်တယောက်မှ အဝတ်အစား နှစ်စုံလောက် ထည့် လမ်းကျ မသယ်နိုင်လို့ ဒုက္ခရောက် နေဦးမယ်။ ပြောတဲ့စကားကို နားမထောင်အား။ ဆန်ကြိုး၊ အီကွစ်မင့်န်၊ ကျောပိုးအိပ်၊ နေရာတကျ ထား။ ခေါင်းအုံးအောက်မှ ခေါက်ရိုးကျိုးနေသည့် ယူနီဖောင်း အသစ်ကို စတိုင်ကျကျ ဝတ်ရင်း စိတ်ဓတ်တွေ တက်ကြွနေသည်။ ကျနော့်ကိုကြည့်ပြီး ပီတိဖြစ်နေသည့် ရဲဘော်မုတ်ဆိတ်ကို ကျနော်က ရှေ့တန်း ထွက်ခါနီး ကြည်စယ်ခဲ့သေးသည်။ ကျနော်တို့အဖွဲ့ လှေပေါ်တက်ကြသည်။ စုစုပေါင်း ခုနှစ်ယောက်။ တပ်စိတ်မှုး ရဲဘော်ရဲနိုင်(အဘ) ။ ဒုစိတ်မှုး ရဲဘော်မင်းအောင် (ကိုရင်) ။ အားလုံးကို လက်ပြ နှုတ်ဆက်၊ တပ်ရင်းမှုးကို အလေးပြုပြီး ထွက်လာသည့် ရဲဘော်ရဲနိုင် ကို လှေပေါ်သို့ ဆွဲတွဲကူရင်း။ သံလွင်မြစ်၏ ရေဆန်ခရီးကို အန်တု၍ စတင် မောင်းနှင်လေတော့သည်။

စေထရွာ အထိ လှေပို့ပေးသည်။ ကေအန်ယူ ခရိုင် တာဝန်ရှိသူတွေနှင့် နယ်မြေ ဖြတ်သန်းသွားလာခွင့် ကိစ္စညှိနှိုင်း၍ ခရီးဆက်ကြသည်။ ရှေ့တန်း စထွက်ရ၍လား မသိ ကျနော် အူမြူး နေသည်။ သင်တန်းမှ သင်ပေးလိုက်သော သင်ခန်းစာတွေထဲမှ အချို့ အစိတ်အပိုင်းတွေကို လက်တွေ့ လှုပ်ရှားမှု ဧရိယာ၌ အသုံးချ စသွားရင်း။ ကျနော် ရှေ့ဆုံးမှ ပွိုင့်ထွက်သည်။ မမျှော်လင့်ပဲ မိုးက ရွာပါလေရော၊ စစ်မိုးကာ ကိုယ်စီ ခြံုကြသည်။ ကျနော် တယောက်တည်း မိုးကာမခြံု။ ကျနော်ကြည့်ဖူးသော စစ်ကားတွေ၌ စစ်သားတွေ မိုးကာခြံုတာ မတွေ့ရသည့် အတွက်ကြောင့် ကျနော့ စိတ်ထဲမလိုဟု ထင်နေမိသည်။ မိုးစက် မိုးပေါက်တို့က ကျောပိုးအိပ် ပေါ် ကျဖန်များတော့ ခရီးသွားရတာ အဆင်မပြေ။ တောင်တက်ဖိနပ်က အသစ်မို့လား မပြောတတ် အရေပြားတွေ ပေါက်ပြဲကုန်သည်။ ရေစိုထားသည့် ကျောပိုးအိပ် လေးသည်ထက် လေးလာသည်။ ရွာရောက်တော့ တွေ့သည့် မုန့်ဆိုင်တွင် အကျီင်္နှင့် မုန့် လဲစားလိုက်သည်။ ကေအန်ယူ တပ်မဟာ(၂) ဌာနချုပ်ရောက်တော့ အိပ်ထဲ အဝတ်အစား တစုံပဲကျန်တော့သည်။ ကျန်သည့် ကျောပိုးအိပ်မှာလည်း သိပ်အသုံးမဝင်တော့ မဟာမိတ်ရဲဘော် တယောက်ဆီမှ စစ် ဟားဗားဆိုက်နှင့် လဲလိုက်တော့မှ အတော် အဆင်ပြေ သွားသည်။

တောင်ငူ၊ ဇရပ်ကြီးဘက်မှ ရဲဘော်သစ်တွေ ရောက်လာမည်ဟု သတင်းရသည်။ သူတို့အတွက် ထမင်း၊ ဟင်း ချက်ပြုတ်ထားကြသည်။ ရဲဘော်သစ်တွေမှာ ကြောက်၍လား မပြောတတ် စကားပြောလျှင် ရိုကျိုး ခယစွာနှင့်။ ကျနော် တောခို စက ဤကဲ့သို့ ပုံစံမျိုးဖြစ်သည်၊ အခုတော့ သူတို့ထက်စာလျှင် အရေခွံထူလာပြီ၊ အဘနှင့် ရဲဘော်တွေ ဤကြေးနန်း ရရခြင်း နောက်တန်းဌာနချုပ်သို့ အမြန်ဆုံး တက်လာရန်။ အရေးတကြီး ကြေးနန်း ရိုက်ခေါ်တာကြောင့် ခရီးထွက်ဖို့ ပြင်ဆင်ကြရ ပြန်သည်။ ဆန်ကြိုးကို ဆန်ထပ်ဖြည့် အီကွစ်မင့်န်ကို ပြန်စစ်ဆေး၊ ရေဗူးထဲ ရေထပ်ဖြည့် ။ ရဲဘော် မင်းကိုအောင်မှ ရှေပွိုင့် ထွက်သည်။ သူပွိုင့်ထွက်ပုံမှာ ကြည့်၍ ကောင်းသည်။ အမှန်တကယ် ဤကဲ့သို့ ဖြစ်ရမည်ဟု သုံးသပ်မိသည်။ သေနတ်ကျည်ထိုး၍ ရန်သူကို တကယ်တွေ့နေသည့် အလား ပုံသဏ္ဍာန်နှင့် ဘေးဘယ်ညာသို့ သေနတ်ထိုးချိန်၍ မျက်လုံးအစုံမှာ သိမ်းငှက်ကဲ့သို့ စူးရဲဖြတ်လတ်နေသည်။ တောင်ကုန်း တခုအပေါ်သို့ ပေါ့ပါး လျှင်မြန်မှုနှင့်အတူ သူ၏ လှုပ်ရှား တက်သွားပုံမှာ ကျနော့အတွက် အစဉ်အမြဲ ရန်သူကို သတိရှိရှိ ရင်ဆိုင်နိုင်ဖို့ သတိပေးသလို ဖြစ်စေသည်။ တောချောင် တခုသို့ အဖြတ်၊ တောစပ်တခုသို့ အဝင် လူသံကြား၍ ရှေ့ပွိုင့်မှ အချက်ပြ သင်္ကေတ ပြုလိုက်တာနှင့် လမ်းဘေး ကျည်ကွယ်၊ မျက်ကွယ် နေရာကိုယ်စီ ယူလိုက်ကြသည်။ အတော်လေးကြာတော့ ရှေ့က လူသံမှာ ရွာသားဖြစ်နေတာ သိရသည်။ ထိုနေရာတွင် ရန်သူစစ်ကြောင်း အမြဲ အသုံးပြုနေသော လမ်းကြောင်းဖြစ်၍ သတိရှိစွာ ဖြတ်ကူးကြရသည်။

ဒီလိုနဲ့ ယာပလို တဲသို့ မိုးချုပ်မှ ရောက်ကြသည်။ တောင်ကြားထဲ လယ်ကျင်းတွေ ဖော်ပြီး လုပ်ကိုင် စားသောက်ရသော ကရင်ရွာသား တစုကို တွေ့ရသည်။ ထိုရွာမှ တပ်မဟာ-(၁)၊ (၂)၊ (၃)၊ ဒေသ အသီးသီးသို့ လမ်းခွဲ၍ သွားရသည်။ တော်လှန်ရေး အဖွဲ့အစည်းများ၊ ကုန်သည်များ၊ ရွာနီးခြောက်စပ်မှ ရွာများ ၊ အဝေးမှ ရွာများမှ မြို့ပြသို့ လည်းကောင်း၊ နယ်စပ်သို့ လည်းကောင်း၊ ကူးလူး ဆက်သွယ် အသုံးပြုကြသည်။ ကျနော်တို့ အဖွဲ့ အိမ်ခွဲ၍ ခေတ္တ တည်းခိုကြသည်။ အိမ်ရှင်မှ တောင်ယာက အသီးအရွက်များ ချက်စားရန် ပေးသည်။ ဧည့်ခန်းတွင် ကျနော်တို့ထက် စောပြီး တည်းခိုနေသည့် လူတယောက် ရှိနေသည်။ သူသည် တုန်ရီစွာ ငှက်ဆိုးထိုးသလို ငြီးငြူသော အသံဖြင့် ငှက်ဖျား တက်နေသည်။ ကျနော်တို့၌ ပါလာသည့် ဆေးနှင့် သူ့ကို ကုသတိုက်ကျွေး လိုက်သည်။ ခဏအကြာ ထိုသူမှာ အေဘီအက်စ်ဒီအက်ဖ် ရဲဘော်တယောက် ဖြစ်နေမှန်း သိရပြန်သည်။

အလံတော် တခုထဲအောက် အဖွဲ့အစည်း တခုတည်း ဖြစ်သော်လည်း တာဝန် ထမ်းဆောင်သည့် တပ်ရင်း၊ တပ်ဖွဲ့ မတူကြ။ ဒေသခြင်းလည်း မတူကြ။ သူက ကေအန်ယူ ထိန်းချုပ်ရာ တပ်မဟာ(၃) ဧရိယာတွင် ရှေ့တန်း တာဝန်များနှင့် ထီးမူးခီး တိုက်ပွဲ၌ ပါဝင်ခဲ့သူ။ ကျန်းမာရေး မကောင်းတာကြောင့် နောက်တန်း၌ ဆေးကုသမှု ခံယူရန် သူ၏တပ်မှူးမှ ပြန်လွှတ်တာကြောင့် ပြန်ခဲ့ရကြောင်း ရှင်းပြသည်။ သူ၏မျက်နှာမှာ ဖောယောင်နေသည်။ အဟာရ ချို့တဲ့မှုကြောင့်လား မသိ။ ထီးမူခီး တိုက်ပွဲအတွင်း ရိက္ခာပြတ်၍ ရဲဘော်တွေမှာ ဆားနှင့် ထမင်းစားရကြောင်း သိရ၍ စိတ်မကောင်း ဖြစ်ရပြန်သည်။ ကျနော် နောက်တန်းသို့ ပြန်ရောက်ချိန် ဗဟို စစ်သင်တန်းကွင်း၌ သူ ကျန်းမာစွာ နှင့် သင်တန်း တက်နေတာ သိရ၍ ဝမ်းသာအားရ ဖြစ်မိသည်။

လုံခြံုရေး စိတ်ချရတဲ့ ဒေသ။

စိတ်ပူပင်စရာ သိပ်မရှိ။ တခုတော့ သတိထားရမည်။ ဖားဆောင်း ဘက်မှ တခါတရံ ရန်သူ့ စစ်ကြောင်း လှည့်လျှင် ထိုနေရာသို့ ရုတ်ခြည်း ရောက် ရောက်လာတတ်သည်။ သံလွင်မြစ်ထဲ လှေဖြတ်စီးပြီး ထောင့်ဖြတ် တောင်ကြော မျဉ်းအတိုင်း ဖြတ်လျှောက်လျှင် ယခု ထိထာရွာသို့ ရောက်သည်။ သို့သော် ရန်သူ့စစ်ကြောင်း ထိထာ ရွာ၌ ကြာကြာ စခန်းချ၍ မရ။ အဘယ့်ကြောင့် ဆိုသော် စစ်ရေး အမြင်အရ ချောင်ပိတ် အခင်းအကျင်း ဖြစ်နေသောကြောင့် တည်း၊ ထိထာ ရွာတွင် ခေတ္တနားကြသည်။ အိမ်ခြေ လေးဆယ်ကျော်၊ ငါးဆယ်ခန့်ရှိမည်။ ကုန်သည်တွေ ဖြစ်ကြဟန် တူသည်။ တောင်ငူ၊ လွိုင်ကော်၊ မော်ချီး၊ ဖားဆောင်း၊ ဒေသများမှ ဖြစ်ကြ၍ အချို ့မှာ မြန်မာပြည်တွင်းက နွားများကို ဈေးကြီးပေးပြီး အရှေ့တာင် ထိုင်းနယ်စပ်သို့ မှောင်ခို ဈေးနှုန်းနှင့် ရောင်းဝယ်ကြသည်။ မြန်မာငွေနှင့် ဝယ်သူပြီး ထိုင်းဘတ်ငွေနှင့် ပြန်ရောင်းရသည်မှာ အတော်လေး ထွက်ခြေကိုက် ကြသည်။ ထိုင်း စီးပွားရေးသမား များမှ နွားတွေကို နွားသတ်ရုံထဲ မောင်းသွင်းပြီး ခေတ်မီ ကိရိယာများနဲ ့ အမဲသားဗူး၊ အသားဗူး ထုတ်လုပ်ရောင်း ချကြသည်မှာ မြတ်သည်ဟု ကြားရသည်။

လမ်းတလျှောက်လုံး ယွန်းစလင်းချောင်း ဖြတ်လိုက်၊ ကျော်လိုက်နှင့် ခြေထောက်မှာ ရေစို၍ မခြောက်နိုင်အား။ ကရင် တိုင်းရင်းသားများ နောက်လွယ် ပလိုင်း ကိုယ်စီနှင့် စားသောက်စရာ ဝယ်သူပြီး ရွာသို့ ပြန်လာကြပုံ။ အဖွားအိုကြီး တယောက် ဆေးတံတို ကိုက်ပြီး တောင်ဝှေး တချောင်းနှင့် ကျနော်တို့ကို စူးစမ်းနေပုံ တစိမ့်စိမ့် ပြန်မြင်ယောင် နေမိသည်။ ယွန်းစလင်း ချောင်းမှ ရေမှာ ကြည်လင် စိမ်းမြနေသည်။ တံတားအောက်တွင် သူတို့့၏ ရင်သွေးငယ်များကို ရေချိုးပေးနေသည့် သားသည်အမေ မိခင်ကို မြင်တော့ ကျနော် စိတ်တွင် ဖြတ်ကနဲ အမေ့ကို သတိရမိသည်။ တံတားဆိုသည်မှာ ထိုရွာမှ ရွာသားများ စုပေါင်းပြီး ခိုင်ခိုင်ခန့်ခန့် လုပ်ထားကြသည့် ဝါးတံတား။ ဤတံတားမှ ဖြတ်သွားလျှင် တအိအိ၊ တကျွိကျွိမြည်တွန် တတ်သည်၊ ကျနော့ စိတ်အလျဉ်လဲ အမေ့ကိုလွမ်းတဲ့ စိတ်နဲ့ အတိတ်အိမ်ကို ပြန်ကာ တကျွိကျွိ တအိအိ မြည်နေဆဲ။

တောတောင်ညို့ညို့ အုပ်ဆိုင်းဆိုင်းထဲ နေပြောက်တွေ ဟိုတကွက် သည်တကွက် ဖြာထွက်နေသည်မှာ ကြည့်၍ ကောင်းသည်။ သက်တမ်းရင့် သစ်ပင်ကြီးတွေ၏ လုံးပတ်မှာ ခန့်ခန့်ထည်ထည်နှင့် ဝံ့ကြွားကာ အရိပ်တွေ ကောင်းလှသည်။ အတော်မြင့်မြင့် သစ်ပင်များ၏ ခွကြားတွင် အလှယိုဖိတ် ကျလာသည့် သစ်ခွပန်းများမှာ အရောင်မျိုးစုံ၏။ ကျောင်းတုန်းက သင်ခဲ့ရသည့် ရှင်မဟာသီလဝံသ ၏ တောလား၊ တောင်လားတွေကို သတိရနေသည်၊ တချို့ပန်းက ခရမ်းနုအရောင် ခပ်ပါးပါး နှင့်။ တချို့ ပန်းကြတော့ ကြက်တူရွေး နှုတ်သီးကဲ့သို့ ရဲရဲရင့်ရင့် စွာငွင့်စွာ ပွင့်ပြနေကြသည်။ တော်လှန်ရေးကြီး အောင်မြင်သည့် တနေ့ အိမ်ပြန်ချိန် ဒီလို သစ်ခွပန်းမျိုး ခွာယူပြီး ကိုယ်ပိုင်အိမ်လေး တလုံးမှာ ယုယုယယ စိုက်ဦးမယ်လို့ စိတ်ကူးတွေ ဝေစီမိသည်။

တော်လှန်ရေး မြေကွက်တခု။

ရှေ့တန်းက ပြန်တော့ တပ်ရင်းက ယခင်နေရာတွင် မရှိတော့ပြီ။ ဒါးဂွင်သို့ ရွှေ ့ပြောင်းသွားခဲ့ပြီ၊ ကျနော်တို့့အဖွဲ့ စခန်းဟောင်းမှာ တရက်၊ နှစ်ရက် နားနေလိုက် ကြသေးသည်။ လူမနေတော့သည့် ဘားတိုက်ကြီးမှာ ဖှုံမှုန့်၊ အမှိုက်များဖြင့် ပေကျံလျှက်၊ အမြဲစိုပြေနေသည့် ထမင်းစား အဆောင်လည်း တိတ်ဆိတ် ငြိမ်သက်လို ့နေသည်။ အိမ်ထောင်သည် နှစ်ဦးနေသည့် အိမ်ဖက်ကြည့်တော့လည်း နိုင်လွန်းကြိုး အဟောင်းနှင့် ရက်ထားသည့် ကလေးပုခက်လေး တလုံး လေတိုက်တိုင်း ယိမ်းနွဲ့လို့၊ ဝါးဆစ် ငြုပ်စုံဟောင်းလေး တခု။ ပန်းကန်ဆေးသည့် ရေဆိပ်မှ ရေတံလျှောက် ကတော့ တာဝန်ကျေပွန်စွာ ရေကျမြဲ ကျနေသည်။ ကျောက်ခဲတုံးကြီး ၃လုံးနှင့် ဖိုခနှောက် မီးဖိုက လေတိုက်တိုင်း ပြာမှုံတွေလွင့်လို့၊ စိုက်ထားသည့် ပဲပင် တိုင်ထောင် အပင်တွေက လဲသည့် အပင်ကလဲ ထူသူ မရှိတော့ပြီ၊ ပိုးစားသည့် အပင်ကစား။ ခြောက်သွေ့ ငြိမ်သက်သွားသည့် တပ်ရင်း အဟောင်းတခု။ ခုတော့ —— ။

ဒါးဂွင်မှာ ယခင် တပ်ရင်းဟောင်း နေရာ၏ မြောက်ဘက် အတော်ဝေးသည်။ သံလွင်မြစ် အထက် သော်လဲထ ဈေးအပေါ်ဘက်မှာ ဖြစ်သည်။ စခန်းသစ်ကို ယခုမှ စ၍ ဆောက်ရမှာ ဖြစ်သည်။ ဝါးရုံပင်တွေ၊ သစ်ပင် ခြံုနွယ်တွေ၊ သစ်ငုတ်တိုတွေ ခုတ်ထွင်ရှင်းလင်း ဖော်ထုတ်ရသည်မှာ အတော် ပင်ပန်းသည်။ တပ်ခွဲ၊ တပ်စု၊ တပ်စိတ်အလိုက် လူစုခွဲကြပြီး တဖွဲ့က ဝါးခုတ်၊ တဖွဲ့က ထမင်းချက်၊ တဖွဲ့က အဆောက်အဦး မြေနေရာ ညှိကြရသည်။ တချို့က အဆောက်အဦး မိုးရန် အတွက် လေးဆယ့်ငါး မိနစ်ခန့် သွားရသည့် အင်တိုင်း တောအတွင်း ဖက် ကောက်သွားကြရသည်။ ကောက်ယူ၍ ရလာသော အင်ဖက်များကို အိမ်ထောင်သည် ရဲမေများက အင်ဖက် ပစ်(ယက်)ပေးကြသည်။ အလုပ်နားချိန်၊ ထမင်းစားချိန် ရောက်လျှင် ပန်းကန်က မလောက်၍ စောင့် နေရသည့် အဖွဲ့က စောင့်။ အရင် စားသည့်အဖွဲ့က စားကြနှင့် တမျိုးပဲ ပျော်စရာ ကောင်းလှသည်။ ထမင်းစားပြီးသည်နှင့် ဝါးရုံပင် ခြေရင်း၌တချို့  အရိပ်ကောင်းသည့် သစ်ပင်အောက်၌ တချို့ အနားယူ နေကြသည်။ တပ်ထောက် ရဲဘော်က သုခိတာ ဆေးလိပ် နှစ်လိပ်နှုန်းကျ စကေးကိုက် ဝေနေသည်။ ဒီလိုနှင့် စခန်းသစ်ကြီးကို အောင်အောင်မြင်မြင် တည်ဆောက် နိုင်ခဲ့ကြသည်။

တပ်ရင်း၌ တပ်ဖွဲ့ဝင် ရဲဘော်များကို ခေါ်၍ တိုင်ပင်စည်းဝေး ညှိနှိုင်းကြသည်။ တဦးချင်း အလိုက် ကိုယ်ယုံကြည်သည့် တပ်ဖွဲ့ဝင် ရဲဘော်ကို ဆန္ဒမဲ ပေးကြရသည်။ ဆန္ဒမဲများကို ကော်မရှင်မှ ရေတွက်ပြီး ဆန္ဒမဲ အများဆုံးရရှိသည့် ရဲဘော်၏အမည်နှင့် မဲအရေအတွက်ကို ဖတ်ကြားပြပြီး အားလုံး၏ အရှေ့ သင်ပုန်းပေါ်တွင် အစဉ်လိုက် ရေးပေးသည်။ ဒါ … ဒီမိုကရေစီ၏ အခြေခံ သက်ဝင်မှု တစိတ်တဒေသ၊ တပ်ရင်း၌ မဲအများဆုံးရသည့် ရဲဘော်မှာ ရဲဘော်ဆန်းလင်း ဖြစ်ကြောင်းသိရ၍ ဝမ်းပန်းတသာ ကြိုဆိုခြင်း လက်ခုတ်များ တီးကြသည်။ တပ်ရင်းတွင် ထိုအချိန်က အုပ်စုစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ မကင်းသေးသည့် ရဲဘော်များ ရှိကြသေးသည်။ တပ်ရင်း ရွေးကောက်ပွဲ ကိစ္စနှင့် သဘောမတွေ့သူတွေ မနှစ်မြို့သူတွေ ရှိကြသေးသည်၊ တပ်ရင်းတွင် အများအားဖြင့် တောင်ငူ၊ ကညွှတ်ကွင်း ၊ ကျောက်ကြီး၊ ဇေယျဝတီ စသည့် ဒေသမှ ရဲဘော်များ ဖြစ်ကြသည်။ သို့သော် တပ်ရင်းမှာ တောင်ငူမြို ့မှ ရဲဘော် အရေအတွက်မှာ အများဆုံးဖြစ်သည်။ ကညွှတ်ကွင်း၊ ကျောက်ကြီးဒေသမှ ရဲဘော် အတော်များများမှာ လက်တွေ့ လုပ်ဆောင်မှု၌ အားကောင်းမှုရှိသည်မှာ မငြင်းသာ။

တပ်ရင်းတွင် ရှေ့တန်း မထွက်ရသေးသည့် အချိန်ဖြစ်သောကြောင့် ရဲဘော်တွေမှာ တောထဲမှ ပျဉ်းကတိုး အခြောက်တုံးတွေကို လွှဖြင့် ဖြတ်တောက်ကြပြီး မီးသွေးဖိုကြီးများ လုပ်၍ မီးသွေးဖုတ် ကြရသည်။ ဖုတ်ပြီး ရရှိလာသည့် မီးသွေးများကို ဂုန်နီအိတ်ကြီးတွေထဲ ထည့်ပြီး သော်လဲထ ဈေးသို့ ရောင်းကြရသည်။ ထိုအချိန်က မီးသွေးအိပ်ကြီး တအိပ်ကို ထိုင်းငွေ ဘတ်၃၀ဖြင့် ရောင်းကြရသည်။ ရောင်းရသည့် ငွေကို မီးသွေးဖုတ်သည့် အဖွဲ့က တပ်ရင်း မီးဖိုချောင်တွင် ငါးတန် ကီလို လိုက်ဝယ်ပြီး အားလုံး စားကြရသည်။ လွမ်းလောက် စရာတွေပေါ့၊ သူတို့လုပ်အားနှင့် ရလာသည့် ငွေစလေး အချို့ကို ဆေးလိပ်ဝယ်သောက်၊ ဆောင်တော်ကူး သနပ်ခါးဝယ်နှင့် အဖတ် မတင်ကြ။ ကြပ်ကြပ်တည်းတည်းနှင့် ချွေတာ စားသောက် နေကြရသည်။ တပ်ရင်း စီးပွားရေးဆိုလို့ ပန်းပဲဖိုလေးတခု တည်ထောင်ထားသည်။ ဆင်သမား၊ တောင်ယာ သမားတွေမှ ဓါး လာအပ်ကြ၍ ငွေဝင်ပေါက်မှာ မဆိုးလှ။ ထိုအလုပ်ရုံမှ ရရှိသည့်ငွေကို ရှေ့တန်း စစ်မျက်နှာ၌ တာဝန်ကျနေသည့် ရဲဘော်များအတွက် သွားတိုက်ဆေး၊ ခြေအိပ်၊ ဆေးလိပ်၊ စသည်တို့ ဝယ်နိုင်သလောက် ဝယ်ပြီး ပို့ပေးကြသည်။ ထို ပန်းပဲဖိုမှာလည်း ကြာကြာမခံ။ အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် နောင် … အလုပ် မဖြစ်တော့ချေ။

သီတင်းကျွတ်လ စောထ တိုက်ပွဲ။ (၁၉၉၁-၉၂)

ဗဟို – အမိန့်စာကြောင့် ကျနော်တို့ တပ်ရင်း၊ ရှေ့တန်း ထွက်ရမည်။ အားလုံးပြင်ဆင် ထားကြဖို့ တပ်ရင်မှူးမှ ညွှန်ကြားသည်။ ဘယ်ဒေသကို ထွက်ရပါ့မလဲ။ ဘယ်နေရာမှာလဲ။ ကျနော် သိပ်သိချင်နေသည်။ ရှေ့တန်း ထွက်ခါနီး တပ်ကို တပ်ထွက်မိန့်ခွန်း ပြောသည့် အချိန်ကျမှ သိရသည်။ ထွက်ရမည့်ဒေသမှာ စောထ။ သေနတ်၊ အီကွစ်မန့်် ရေဗူး၊ ကျည်ဆံ၊ စစ်ဘိနပ်၊ ကျည်ဘောက်၊ ရှေ့ထွက် ရဲဘော်မျက်နှာများ ရွှင်လန်းတက်ကြွမှု များနှင့် လှေကြီးပေါ်သို့ တက်စဉ် နောက်တန်း၌ ကျန်ရစ်ခဲ့မည့် ရဲဘော်များ၊ ရှေ ့တန်းသို့ သွားရတော့မည့် ရဲဘော်များ၊ မှာလိုက်သည့် အမှာတော် စကားများ သွေးမတော် သားမစပ် သိပ်ရင်းနှီးလှသည်။ ဟေ့- အရာ ရာ သတိဝိရိယ ရှိကြကွနော်၊ ငါ မင်းတို့ အတွက် ဘီဘီစီမှာ သီချင်း တောင်းပေးမယ်။ စိတ်ချ စမ်းပါကွ၊ မင်းသိတယ် မဟုတ်လား- တချက် တကောင်ပစ်တာ- ကြိုးတုတ်ထားတဲ့ ဝက်ကိုလေ-ဟား-ဟား-ဟား။ ဒါနဲ့ မင်းသီချင်းတောင်ရင် ငါတို့ အားလုံးအတွက် ကိုမွန်းအောင်ရဲ့ ငြိမ်းချမ်းရေး တိုက်ပွဲ အခွေထဲက သီချင်း တောင်းပေးကွာ၊ ကျမ္မာရေးလည်း ဂရုစိုက်ဦး။ ငါ့– ဆေးလိပ်အကြွေး သုံးဘတ် ကရင်မ ဆိုင်ကို မဆပ်ရသေးဘူး။ အဲဒါ မင်း ဆပ်ပေးပါဦး။ တောင်တောင်အီအီ စကားသံတွေ ဝေစီလှသည်။

လှေကြီးက တရွေ့ရွေ့ ့ထွက်စအပြု–သူတို့ ပြံုးပြ၊ နှုတ်ဆက်၊ ဒါပေမယ့် ရင်ထဲ၊ အသဲထဲ၊ မျက်ဝန်းအိမ်ထဲ ထိန်းသိမ်းရင်း ကျလာတော့မယ့် မျက်ရည်တွေကိုယ်စီ ရှိကြနေသည် ကိုတော့——-။ ဒီတုန်းက ဘာရယ်ကြောင့်မှန်း မသိခဲ့ချေ၊ စာရေး လကွာ — လက်ကလေးတွေ ဝှေ့ယမ်း နှုတ်ဆက် ပုံရိပ်များ။ ကမ်းစပ်၌ ကျန်ရစ်ခဲ့သူ ရင်ထဲမှာတော့ – ဝမ်းနည်းစို့တက် မျက်ရည်စတွေနှင့် ။ သူ သိပ်ချစ်တဲ့ ရဲဘော်များ တရားသော စစ်အောင်မြင်ပါစေလို့ ဆုတောင်းယုံက လွဲပြီး ဘာများ တတ်နိုင်ဦးမှာလဲ။

မြန်ပြည်သစ်ရဲ့ သားကောင်း ဒေါင်း စစ်သည်တွေ။ ဒေါကြီးမောကြီးနဲ့ မောင်းအားပြင်းတဲ့ စက်လှေအသံ။ စက်မောင်းသမား ဘေးတွင် ဆေးတံ ကိုက်၍ တောတောင်တွေ၏ ပထဝီ အနေအထား တည်နေပုံကို ကြည့်ရင်း စဉ်းစားနေသော ရဲဘော်ဆန်းလင်း။ လှေကြီးပေါ်တွင် တချို့ ငိုက်မြည်းနေကြ။ တချို့ ကင်းစောင့်နေကြ။ ဝဲကြီး ဂိတ်စခန်းသို့ ရောက်၏။ ရန်သူ့တပ် လှုပ်ရှားမှု ၊ ထူးရှားမှု၊ ရှိမရှိကို စုံစမ်းစမ်းပြီး ခရီးဆက်လက် ထွက်ခွာ လာကြသည်။ စောထသို့ ညနေ ငါးနာရီထိုးတွင် လှေစိုက်သည်။ ရွာသူရွာသားများ တအံ့တဩ ငေးမော ကြည့်ရှု့ နေကြသည်။ စေးမူဝါးများ အထမ်းအပိုး ကိုယ်စီဖြင့် တစုံတခုကို ကြိုသိထားသည့် အလား စိုးရိမ် သောကများနှင့်။

မဟာမိတ် ရုံးကြီးပေါ်သို့ စစ်ကြောင်းရောက်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူအား သတင်းပို့ခိုင်းသည်။ စစ်ကြောင်းအသင့် နေရာယူနိုင်ရန် စောထရွာ အပြင်ဘက် တောင်ကုန်းများ ပေါ်တွင် လုံခြံုရေး စီစဉ်ထားကြပြီး ရဲဘော်များကို နေရာအသင့် ယူစေသည်။ ရွာသားများသည် သူတို့ ပိုင်ဆိုင်ရာ အိုးခွက်ပစ္စည်းများ ၊ ကြက်၊ ဝက်၊ ဆိတ်များကို ခြင်းတောင်းကြီးတွေထဲ ထည့်ပြီး ရွှေ့ပြောင်း နေကြသည်။ သူတို့ ရွှေ့ပြောင်းကြသည့် နေရာမှာ သံလွင်မြစ် တဘက်ကမ်း (ထိုင်း နယ်နိမိတ်) အတော်ဝေးသည့် နေရာသို့ ဖြစ်သည်။ တချို့က သယ်ယူ၍ မကုန်နိုင်သေး။

အချိန်ကား – မိုးချုပ် မှောင်ရီပျိုးစ။ ခြောက်နာရီ ထိုးပြီးလောက်တွင်။ – ရန်သူ- ဟု စူးရှ ပြတ်တောင်းသော အသံကြီးနှင့် အတူ အတွဲလိုက် အတွဲလိုက် ကုတ်ချလိုက်သော AK-သေနတ်သံက တတောလုံး၊ တတောင်လုံးကို မြည်ဟည်း ဟိန်းထွက်သွားစေသည်။ တိုက်ပွဲစပြီ လို့ သိလိုက် ရသည်နှင့် အတိုင်းမသိ ဆောင့်တက်လာသည့် ရင်ခုန်သံက ရင်ဝမှာ အောင့်ကနဲ ဖြစ်သွားသလို။ တကိုယ်စာ လုံခြံုဖို့ တူးထားသည့် ဝပ်ကျင်းထဲ၌ ကိုယ်ဟန် အနေအထား အမျိုးမျိုးပြင်ပြီး အလုပ်ရှုတ်ကာ ရန်သူကို ကျီးကန်းတောင်းမှောက် မျက်လုံးများနှင့် ရှာဖွေနေမိသည်။ ကိုယ်က ရန်သူကိုမတွေ့ နိုင်သေးသော်လည်း ကိုယ့်ရဲ့ ညာဘက်က တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ သေနတ်သံ တွေကတော့ ပေါက်ပေါက် ဖောက်သလို တရစပ် ပစ်ခတ်နေသည်။ လက်နက်ငယ်တွေ ပစ်ခတ်လို့ ခေတ္တ အသံတိတ်ချိန် မရှေးမနှောင်းမှာပဲ – အာပီဂျီ – သေနတ်အသံကြီးက တိုက်ပွဲ တခုလုံးကို လွှမ်းမိုး နေလေတော့သည်။

ဟေ့ … ဟိုမှာ- ဟိုမှာ- သစ်ပင်နား ပြေးကပ်ပြီ။ ငါ့ကိုပေး-ငါ့ကိုပေး-ဆော်ထည့်လိုက်မယ်။ ထုတ်—ဂျိမ်း။ သစ်ပင်နား ပြေးကပ်သည့် ရန်သူနှင့် အပေါ်စီးမှ ပစ်ချလိုက်သည့် လက်နက်ကြီး လုံးထွေး မဲမှောင်သွားသည်။ ထိုနေရာမှ ရန်သူအသံ မကြားရတော့။ -ကျောင်းသား တပ်မတော်ကွ- ဘာမှတ်သလဲ-တက်ရဲ တက်ခဲ့စမ်း- ရဲဘော် များမှာ အော်ဟစ် ဆူညံသံများ နှင့်အတူ ကြားနေရသည်။ တိုက်ပွဲ အတွေ့အကြံုရှိသည့် ရဲဘော်များနှင့် အတွေ့အကြံု နုသေးသည့် ရဲဘော်များ တွဲထားပေးသည်။ ရန်သူပစ်သည့် ကျည်ဆံလမ်းကြောင်းကို ကြည့်ရသေးသည်။ ကျည်လမ်းကြောင်း အတော်မြင့်မြင့်မှ ဖြစ်နေလျှင် ထိုအခွင့်အရေးကို အမိအရ လှုပ်ရှားပြီး ကိုယ့်ရဲဘော်များ စိတ်ဓါတ်ရေးရာ မကျဆင်းဖို့ ့ တဖက်ကလည်း အားပေးမှု လုပ်ရသည်။

မဲကနဲ- မဲကနဲ -အတင်း ထိုးတက်လာသော ရန်သူများ။ ကျွဲအုပ်ကြီး မောင်းသွင်း လိုက်သလိုမျိုး။ ထိုသို့ အတင်းဖိပြီး ထိုး၍ တက်လာသည့် ရန်သူများကို ကျနော်တို့ ့ဘက်ကလည်း အတွဲလိုက်၊ အတွဲလိုက်၊ တရဟော ပစ်ခတ် ဖျော်ဖြေသည်၊ မျက်စေ့မှိတ်၍ ပစ်ဦးတော့ အနည်းဆုံး အုပ်စုလိုက် တက်လာသည့် ရန်သူကြားထဲ ကျည် ရောက်သွားသည်နှင့် တယောက်၊ နှစ်ယောက် ကတော့ ထိစမြဲ။ ရန်သူ့ဘက်မှ ကျည်ပစ်အား ကလည်း မသေးလှပါ။ ရှေ့က ဖိတက်လာသည့် အဖွဲ့က ဖိတက်သလို ၊ အနောက်မှ လက်နက်ကြီးနှင့် ပစ်ကူပေးသည့် လက်နက်ကြီး အသံကလည်း နားထောင်၍ ကိုယ့်ဆီလာမှာ ကြောက်ရသေး၏။ ရန်သူသည် သူ၏ တပ်သားများ အတုံးအရုန်း ကျဆုံးနေသည်ကို ဂရုမစိုက်။ အထက်က ညွှန်ကြား ထားသည့်အတိုင်း – စောထရွာကို ယနေ့ မဖြစ်မနေ ရအောင် သိမ်းရမည်ဆိုသည့် အမိန့်အတိုင်း မျက်ကန်း တစ္ဆေမကြောက် လုပ်ဆောင်သည်။

ဂျိုင်း – ဂျိမ်း ဆိုးရွားသည့် အသံနက်ကြီး ကျကွဲသံ ကပ်ပြီးကြားသည်နှင့် ကျနော်သည် ပစ်ကျင်းထဲ၌ ဒူးနှင့် နဖူးကပ်ပြီး ဝပ်နေရ၏။ အသံကြီး ငြိမ်သွားသည့်အခါ လူသံများ ထွက်ပေါ်လာသည်။ ဒီတင် – ငါ့ထိသွားပြီ-။ ဘယ်ကို ထိသွားတာလဲ။ ငြိမ်ငြိမ်နေ၊ ငါလာမယ်။ ကျနော်တို့ ဖက်မှ ရဲဘော်နှစ်ယောက်မှာ-တစ်ရာ့နှစ်ဆယ် မမ လက်နက်ကြီး အစထိ၍ သူတို့၏ဦးခေါင်း ၊ ပေါင်၊ နေရာများ၌ သွေးစများ နီရဲပေကျံ၍ နေသည်။ ထိုအချိန် တပ်ရင်းမှူးဖြစ်သူ ရဲဘော်ဆန်းလင်းသည် တဘက်တောင်ကုန်း၌ ရဲဘော်များနှင့်အတူ ကြီးကြပ် ကွပ်ကဲနေသည်။ အိုင်ကွန် ဆက်သွယ်ရေး စက်ငယ်ကို အချိန်ပြည့် ဖွင့်ထားသောကြောင့် စက်နာမည် ခေါ်သံသူကြား နေရ၏။

(ဆီးကျိုလောကွား)၂-ကြားလား(အကြောင်းပြန်)၂ ဒါပဲ။

(ကြားတယ်)၂ ဘာရှိမလဲ ဒါပဲ။

(ဒေါင်းနှစ်ကောင် ခွေးကိုက်ခံရတယ် ရလား ဒါပဲ)

(ရတယ်)၂ (တူးသရီး လုပ်မယ် ရထားဖြစ်လား ဒါပဲ)

တိုက်ပွဲမှာ လက်နက်ကြီး၊ လက်နက်ငယ် အသံများ ပျောက်သွားလိုက်၊ ပြန်ပေါ်လိုက်နှင့် ဤတိုက်ပွဲကား ညတိုက်ပွဲ။ မဟာမိတ် ကေအန်ယူ ဘက်မှလည်း အော်၍ ပစ်နေကြသည်။ တပ်ရင်းမှူး ရဲဘော်ဆန်းလင်းသည် သူ့ ရဲဘော် ကျည်ထိသွားတာသိ၍ ရန်သူ၏ ပစ်ခတ်နေသည့် ကျည်များ ပလူ ပျံသလို ဖြစ်နေသည့် ကြားထဲ ဂရုမစိုက်အားပဲ ဒဏ်ရာရ ရဲဘော်နှစ်ဦးထံသို့ အရောက်သွားသည်။ (ဘယ်ထိ သွားလဲ၊ များလား။ အစ ထိသွားသော် ရဲဘော်မှာ ဒဿ(တင်ထွန်း) ဖြစ်သည်။ ခေါင်း၌ လက်နက်ကြီး အစထိ၍ သွေးများ ပန်းထွက်နေ သည့်အထဲ သူ၏မျက်နှာ ပြံုးထားလျှက် တပ်ရင်းမှူးကို ပြောလိုက်သေး၏ – ဘာမှမဖြစ်ပါဘူး၊ ဆော်ကျည် ဒဏ်ရာ လောက်ပါပဲ-ဟဲဟဲ။ ဆေးမှူးရဲဘော်မှ သူတို့နှစ်ဦးအား သွေးတိတ် ပတ်တီးများ စည်းထားပေးပြီး အရေးပေါ်ဆေးများ တလုံးပြီး တလုံး ထိုးနေပုံမှာ ကျွမ်းကျင် ပိုင်နိုင်လှသည်။ တပ်ရင်းမှူးက ဆေးမှူး ရဲဘော်အား ထိုရဲဘော် နှစ်ဦးအား နောက်တန်း ဌာနချုပ်သို့ အမြန်ဆုံး ပြန်ပို့နိုင်ရန် ညွှန်ကြားနေသည်။

ရန်သူက တဘက်၊ ကျနော်တို့နှင့်အတူ မဟာမိတ် ကေအန်ယူ က တဘက်။ အပြင်းအထန် တိုက်ပွဲ ဝင်နေကြသည်။ ကျနော်တို့၏ နောကိတန်း ဗျူဟာမှူး ရုံးမှ တိုက်ပွဲဝင်နေသော ရဲဘော်များအတွက် ရိက္ခာခြောက်ထုတ်များ တထုတ်စီ ပို့ပေးသည့် အပြင် အခြား လက်နက်ကြီး ကျည်ဆံများ၊ လက် နက်ငယ် ကျည်ဆံများပါ အကန့်အသတ်နှင့် ပို့ပေးသည်။ မဟာမိတ် ကေအန်ယူ ရဲဘော်များမှလည်း – ဗမာအသံ မပီတပီ နှင့် – “ကျောသား တပ်မတော်ကွ” ဟု အသံပြု၍ ပစ်ခတ်နေကြသည်။ ရန်သူစစ်ကြောင်းမှာ သတင်းအရ ဗျူဟာ သုံးခုပေါင်းပြီး ထိုးစစ်ဆင်ခြင်း ဖြစ်သည်။ ထို စစ်ဆင်ရေး အမည်မှာ နဂါးမင်း စစ်ဆင်ရေး ဟု သိရသည်။ ရန်သူသည် ၎င်းတို့ ရည်မှန်းချက်ကို အင်အား အတုံးအရုန်း အဆုံးအရှုံးခံပြီး နယ်မြေစိုးမိုးရန် အတွက် ကျားကုတ် ကျားခဲ မိုက်မဲပြနေ၏။

ပြန်ဆုတ်ဟု အထက်မှ ညွှန်ကြားသောကြောင့် ကျနော်တို့ စစ်ကြောင်း ပြန်ဆုတ်ကြသည်။ ရန်သူသည်-ထီးမူးခီး-တိုက်ပွဲ၌ ၎င်းတို့ ခံထား ရသောကြောင့် ယခုအခါ အခဲမကျေပဲ ပြန်လည်ပြီး စောထ ရွာကို စစ်ရေးအရ စိုးမိုးရန်အတွက် လက်နက်ကြီးများကို မိုးကြိုးပစ်သလို တဝုန်းဝုန်း၊ တဂျိမ်း ဂျိမ်း ဖြင့် ရွာထဲသို့ ပစ်သွင်းနေတော့သည်။ သံယောဇဉ် မပြတ်၍ ကြွက်ချောက်၊ ကျီးမောင်း နေခဲ့သော ကရင် အဖိုးအို၊ အဖွားအို ၊ ကလေးတွဲလောင်းနှင့် မိခင်၊ ငိုသံများ၊ သေနတ်သံများ ဤလောကကြီး တခုလုံး အကုသိုလ် လှိုင်းလုံးကြီး ကမာ္ဘမြေသို့ ပြိုဆင်းလာသည့် အလား။ ကျနော်တို့ စစ်ကြောင်းသည် ရွာသားများ၊ ရွာများ ထိုထက် အထိနာမည် စိုးသည့်အတွက် က တကြောင်း၊ ရန်သူ့ သတင်းက အချိန်တိုအတွင်း သိရသောကြောင့် ချက်ချင်း စစ်ပြင်ဆင်နေချိန် အတွင်း မမျှော်လင့်ပဲ ရွာအနီးစပ်တွင် ကပ်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ရသည်။ စစ်ရေး အခင်းအကျင်း မကောင်းတာက တကြောင်း ။ ကျနော်တို့ ဆုတ်လမ်းမှာ သံလွင်မြစ်ခံနေ၍ အချိန်မှီ အလျှင်အမြန် ဆုံးဖြတ်ချက်ချပြီး ခွာစစ်ဖြင့် စံနစ်တကျ ဆုတ်ခွာ နိုင်ခဲ့ကြသည်။ တချို့ အဖွဲ့မှာ ညမှောင်မဲ၍ လူစုကွဲ သွားကြသည်။ အိုင်ကွန် ( Icon )  ဆက်သွယ်ရေး စက်ငယ်များ ဖွင့်၍ ပြန်လည် ဆက်သွယ်မှု လုပ်ယူကြရ ပြန်သည်။

ရန်သူနှင့် ကျနော်တို့မှာ ကိုက်ခြောက်ရာ အကွာအဝေးသို့ ကပ်၍ ရောက်ရှိ လာခဲ့ကြသည်။ သို့သော် ရန်သူ၏ – နာတိုး စက်သေနတ်သံကြီးမှာ ဒုတ်-ဒုတ်-ဒုတ်-ဒုန်းဒုန်းဒုန်း-ဟူသော အသံများ မကြာခဏ ပစ်ခတ်နေသည်။ မှောင်မဲနက်သော ည၌ ကောင်းကင်ယံတွင် မီးကျည်သေနတ်များ ပစ်ဖောက်နေသည် ကိုများလည်း တွေ့ရှိရ၏။ သူတို့လည်း လူစုကွဲကြ၍ ဤကဲ့သို့ အချက်ပြ သေနတ် ပစ်ဖောက်တာ ဖြစ်လိမ့်မည်ဟု ထင်နေမိ၏။ အားလုံးမှာ ပင်ပန်းနွမ်းဟိုက်၍ အနားယူသူက ယူကြ၏။ ကင်းစောင့်ကြရာတွင် မဟာမိတ် တပ်မှူးများနှင့် ညှိနှိုုင်း ဆွေးနွေး နေရသေးသည်။ တချို့  ဟန်းကောဖြင့် ရေနွေးတည်နေသည်။ တချို ့ရဲဘော်များ သေနတ်တိုက်နေသည်။ တချို့ ညာသိုလ် (ပွတ်ချွန်း) ဆေးလိပ် လိပ်သောက် နေကြသည်။ တချို့ မှာ မှတ်တမ်းရေးမှတ် နေသည်။

မနက် မိုးလင်း၍ ကျနော်တို့ ရောက်နေသည့်နေရာမှာ သံလွင်ကမ်းနဘေး (ရာထာ) ဆိုသည့် ရွာပျက်ကြီး တရွာ ဖြစ်နေသည်။ စိုက်ခင်းခြံကြီးထဲ ၌ ကြံခင်း၊ ကန်စွန်း၊ ခရမ်းသီးပင်များ၊ ပြောင်းဖူးပင်များ စိုက်ပျိုးထားသည်။ ရွာသားများ တယောက်မျှ မရှိတော့ပါ။ ထိုနေ့ ထိုတည။ ရန်သူနှင့် စစ်တလင်းပြင် ၌ ပွဲဦးထွက် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ပါလေတကား။ ရာထာ ရွာပျက်ကြီး အတွင်း စစ်ကြောင်းများ အဖွဲ့လိုက်၊ အဖွဲ့လိုက် စုစည်းနေကြသည်။ အေဘီအက်စ်ဒီအက်ဖ် မှ တပ်ရင်း စုစုပေါင်း (၆)ရင်းခန့် ရှိမည်။ ထိုစစ်ကြောင်းကို ရဲဘော်ဆန်းလင်းနှင့် အခြားတပ်ရင်းမှ ခေါင်းဆောင်များ ညီညီညွှတ်ညွှတ် လက်တွဲပြီး တန်ပြန်တိုက်ပွဲ ဆင်ကြ သည်။ မဟာမိတ်များ ဖြစ်ကြသည့် ကေအန်ယူ၊ က.လ.လ.တ( ကယားပြည်သူ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်) စသည့်အဖွဲ့ များမှလည်း လိုသလောက် အင်းအားများ ထုတ်၍ စုပေါင်းညှိနှိုင်း သဘောတူချက် များနှင့် လက်နက်အင်အား လိုသလောက် မှာယူ၍ တိုက်ကွက်များ တကွက်ပြီး တကွက် ဖော်နေကြသည့် အချိန်ဖြစ်သည်။

ရွာထဲ၌ အဖွဲ့များခွဲ၍ မိမိတာဝန် ကျသည့် တောင်ကုန်း နံပါတ်များအလိုက် နေရာယူကြသည်။ ကျနော်တို့ စစ်ကြောင်းတွင် မဟာမိတ် နယ်မြေခံ ရဲဘော်များ တွဲပေးထား၍ အခက်အခဲ သိပ်မရှိပါ။ ဘူဒိုဇာဖြင့် ဖောက်ထားသည့် သစ်ဆွဲ လမ်းမကြီး အတိုင်း စတင် ချီတက်သည်။ စစ်ကြောင်းမှာ လူများ၍ ခမ်းလှမ်းလှမ်း (ငါးလှမ်းကျော်)မှ လျှောက်ရသည်မှာ အချိန်ကြာသလို ထင်ရ၏။ ရှေ့ဆုံးပွိုင့်မှ ထူးခြားသည့် လက္ခဏာ ဖြစ်လျှင် အနောက်သို့ တယောက်ပြီး တယောက် သတင်းပို့ ဆက်သွယ်ရသည်။ နေ့လည်တွင် စပါးပင်များ စိုက်ထားသည့် တောင်ကြားသို့ ရောက်၍ စခန်းချကြသည်။ ကျနော်တို့ စခန်းချသည့် ဘယ်ဖက်တွင် ကျောက်တောင် အ မြင့်ကြီး တလုံးရှိသည်။ ညနေစောင်း လောက်တော့ ဗျူဟာရုံးမှ သတ်မှတ် ပေးထားသည့် တောင်ကုန်းများတွင် နေရာကိုယ်စီ ယူထားကြဖို့ ့အမိန့် ့လှမ်းပေးသည်။

မူးကနော်လေး –

မူးကနော်လေး ဆိုသည်မှာ ဗမာလို-အပျိုမလေး-ဟု အဓိပ္ပါယ်ရသည်။ ထိုတောင်ကုန်းတွင် ကျနော်တို့ အဖွဲ့မှ တပ်စိတ် နှစ်စိတ် နေရာ တက်ယူကြသည်။ ကျနော်က ထိုကုန်းပေါ်သို့ ့မပါသွားဖြစ်။

(ညနေ-၁၇-နာရီ ထိုးချိန်)

ဒိုင်း-ဒိုင်း-ဒိုင်း — သေနတ်သံများ စတင်ကြားရသည်။ တိုက်ပွဲဖြစ်လျှင် ဖြစ်ချင်း ရဲဘော် ဆန်းလင်း၏ စက်ငယ် ဖွင့်သံကို နားစွင့် နေမိသည်။ ရန်သူတွေ အဖွဲ့ခွဲပြီး တောင်းကုန်းပေါ်ကို ကမ်းပါးယံက တက်နေတယ်။ စိုးရိမ်စရာ သိပ်မရှိဘူး။ တိုက်ပွဲ ထပ်မံဖြစ်လိမ့် နိုးနှင့် တညလုံး မအိပ်နိုင်ပဲ သစ်ပင်ကြီးအောက်၌ ငုတ်တုတ် ထိုင်နေရသည်။ အိပ်ချင်သည့် မျက်လုံးနှစ်လုံးမှာ အိပ်ရေးပျက် ဖန်များ၍လား မသိ တခါတခါ သတိထားရက်က ငိုက်ကနဲ ငိုက်ကနဲ ခပ်စပ်စပ် စိုက်ဆင်းသလို ခေါင်းက ဖြစ်သွားရသည်။ မနက်ကျရင် တိုက်ပွဲဖြစ်မှာပဲလို့ တွေးတော သုံးသပ်ရင်း အရုဏ်တက် လာခဲ့သည်။

နံနက်(ဝ၅းဝဝ)နာရီ အချိန်။ —- တိုက်ပွဲ စချေပြီ။ စက်ငယ်ထဲ၌ စက် စကားပြောသံ နှင့်အတူ အော်သံများ၊ ကြံုးဝါး ဆဲဆိုသံများ ညံနေ၏။ အပြင်မှာလည်း သေနတ်သံက အတော်လေး ကြားနေရ၏။ မကြာပါ ခဏအကြာတွင် ကျနော်တို့ အဖွဲ့မှ ရဲဘော်တယောက် ပျာယီးပျာယာနှင့် ရောက်လာသည်။ တပ်ရင်းမှူးကို ခပ်လှမ်းလှမ်းသို့ ခေါ်သွားပြီး တီးတိုး ပြောနေကြ၏။ မကြာပါ ကျနော့်ကို ပြင်ဆင်ခိုင်းပြီး သူနှင့်အတူ လိုက်ခဲ့ရန် ရဲဘော်ဆန်းလင်းမှ ခေါ်သည်။ လိုက်သွားတော့။

ကျွန်းပင်ကြီးမှာ လူသုံးယောက် ဖက်ခန့်ရှိမည်။ ထိုအပင်ကြီး ခြေရင်း၌ မြေကျင်း းတူးနေကြသည့် ရဲဘော်အချို့ တွေ့ရသည်။ ဘယ်သူ ထိသွားပါ လိမ့်၊ ဘယ်အဖွဲ့ ကလဲ။ တို့အဖွဲက ဖြစ်နေမလား မသိဘူး။ ဘုရား-ဘုရား-မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း။ လူလေးယောက် စစ်ပုခက်ဖြင့် ထမ်းထွက်လာတာ မြင်ရ၍ သောက စိတ်နှင့် မည်သူများ ဖြစ်နေမလဲဟု ကြည့်လိုက်သော အခါ ကျနော့်ရင်ထဲ မယုံကြည်နိုင်သည့် မြင်ကွင်း အသစ်စက်စက် ကို တွေ့ရ၏။ ဒုတိယအကြိမ် သေခြာသွားအောင် ထပ်မံ၍ ကြည့်မိသည်။ သွေးနီ၊ သွေးစက်များ ပုခက်မှာ စွန်းထင်းပြီး ဘယ်ဖက် နားထင်သို့ ကျည်ဖြတ်မှန် သွားသော ဒါဏ်ရာမှာ ဟင်းလင်းပွင့်၍ နေချေပြီ ။ သူကား အသက် မရှိတော့ပြီ။ ကျဆုံးတယ် ဆိုတာ ဒါကို ခေါ်တာလား ဟု ကြီးမား လေးနက်စွာ ငေးမော တွေးနေမိသည်။ ထိုရဲဘော်မှာ ရဲဘော် ဇော်ဝင်းလှိုင်ပင် ဖြစ်တော့သည်။ ကျနော်နှင့် သင်တန်း တပါတ်စဉ်တည်း တက်ခဲ့ရသူ။ သင်တန်းသား အားလုံးထဲမှာ အသက်အငယ်ဆုံး ရဲဘော်။ အရိုး အ အဆုံးရဲဘော်။ တာဝန်အကျေဆုံး ရဲဘော်။ အနစ်နာအခံဆုံး ရဲဘော်။ ခုတော့ ဝိဉာဉ်မဲ့ချေပြီ။

သူ၏ တော်လှန်ရေး ရုပ်ပုံတွေကို ကျနော့် မျက်စေ့ထဲ မြင်ယောင်ရင်း ။ တပ်ရင်းမှူး ရဲဘော်ဆန်းလင်း၏ အက်ကွဲ ကြေကွဲသံက – ရဲဘော်ဇော်ဝင်းလှိုင် ရဲဘော်ဟာ တော်လှန်ရေး တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင် သွားခဲ့ပြီ၊ ရဲဘော် သင်သွားလိုရာ သွားနိုင်ပြီ။ နောက်ထပ် သူ့အတွက် ထပ်ထွက် လာတော့မည့် စကားအသံကို ကျနော် မကြားရက် နိုင်တော့ပါ။ မကြားလဲ မကြားချင်တော့ပါ။ နောက်ဆုံး သေနတ်မြောက် အလေးပြုနေချိန်မှာ ကျနော့ တကိုယ်လုံးကို ကိုင်လှုပ်နေသလို ဘယ်တော့မှ အရှုံးမပေးနဲ့ ဆိုသည့် အားပေး အသံက ကျနော့ နားထဲသို့ သံမှိုစွဲသလို ခိုင်ကျည်စွာ စူးစူးနစ်နစ် ကြားနေရသည်။

ဒိုင်း-ဒိုင်း-ဒိုင်း- ဆိုသော သေနတ်သံ သုံးချက်မှာ သူက ကျနော်တို့ကို ခွဲခွာသွားပြီ ဖြစ်သလို။ အမိမြန်မာပြည် လွတ်မြောက်ရေး အတွက် ကျူးရင့်တဲ့ ဒီမိုကရေစီ ဥဒါန်းမှာ ကျနော်တို့က သူ့ကို ဂုဏ်ပြုတဲ့ တေးသံတွေလည်း ဖြစ်နေတယ် မဟုတ်ပါလား။

( ကျည်ဝေဖြိုး )

LEAVE A REPLY

Please enter your comment!
Please enter your name here