ဂျာမန် လက်ရွေးစင် ဂိုးသမားဟောင်း ကိုယ့်ကိုကိုယ် သတ်သေသွား

alt

နိုဝင်ဘာ (၁၀)ရက် နေ့က နေအိမ် အနီးတွင် ရထား တိုက်ခံရသဖြင့် ကွယ်လွန် သွားသည့် ဂျာမန်ဂိုးသမား ရောဘတ်အန်ကီမှာ ကိုယ့်ကိုကိုယ် သတ်သေသွားခြင်း ဖြစ်ကြောင်း ရဲ တပ်ဖွဲ့က အတည်ပြု လိုက်သည်။

၎င်းတို့သည် အန်ကီ၏ သတ်သေ ကြောင်း ရေးသားခဲ့သည့် နောက်ဆုံး စာလွှာကို သိမ်းဆည်းမိခဲ့ကြောင်း ပြောဆို ထားသော်လည်း မည်သည့် နေရာတွင် ထိုစာကို တွေ့ရှိကြောင်းမူ မကြေညာခဲ့ချေ။

ဟန်နိုဗာ အသင်းမှ အသက် (၃၂)နှစ်အရွယ် ဂိုးသမားသည် (၂၀၁၀)ခုနှစ်၊ တောင်အာဖရိကတွင် ကျင်းပမည့် ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲဝင် ဂျာမနီအသင်း လူစာရင်း၌ ပါ၀င်မည်ဟု ရေပန်းစား နေသူလည်း ဖြစ်သည်။ ဂျာမနီ လက်ရွေးစင် အသင်း၏ အထွေထွေမန်နေဂျာ အိုလီဗာ ဘီယာဟော့က အန်ကီ၏ သတင်းကြောင့် မိမိတို့အားလုံး ချောက်ချားခဲ့ရကြောင်း ၀န်ခံသွားခဲ့သည်။

ရဲတပ်ဖွဲ့က အန်ကီသည် သေကြောင်း ကြံခဲ့သည်မှာ သေချာကြောင်း၊ ဟန်နိုဗာ မြို့တွင် နောက်ထပ် အသေးစိတ် အချက်အလက် များကို သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ပြီး ကြေညာသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။ နျူဆက်အီဗက် အရပ်အနီးတွင် ဖြစ်ပွားခဲ့သော ရထားတိုက်မှုကြောင့် အန်ကီမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ရဲအဖွဲ့က အတည်ပြုသွားသည်။

ဟန်နိုဗာ အသင်း ဥက္ကဌ မာတင်ကိုင်းက ၎င်းတို့၏ ဂိုးသမားသည် မကြာသေးမီ အချိန်ကတည်းက ပုံမှန်မဟုတ်သော လုပ်ရပ်များ လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယင်းကို လူအများ သတိမထား မိခဲ့ကြောင်း၊ ၎င်းအနေနှင့် ယခုလို သေကြောင်းကြံမည်ဟု မထင်သလို အလွန်လည်း ကြေကွဲမိကြောင်း ပြောကြားခဲ့သည်။

အန်ကီ၏ကားကို ရထားလမ်းအနီး Lock မချဘဲ ရပ်ထားသည်ကို တွေ့မြင်ခဲ့ရပြီး အန်ီမှာမူ တနာရီ မိုင်(၁၀၀)ကျော်ဖြင့် ခုတ်မောင်းလာသည့် ရထားအောက်တွင် အသက်ပျောက် သွားရှာသည်။ ရဲများက ရထားမောင်းသမားသည် ရထားကို ရုတ်တရက် မရပ်လိုက်နိုင်ကြောင်း ပြောဆိုခဲ့သည်။

အန်ကီ၏ သမီးလေး လာရာသည် (၂၀၀၆) ခုနှစ်က ရှားပါးသော နှလုံးဖောက်ပြန်မှု အခြေအနေ တရပ်ကြောင့် အသက်(၂)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ရာ ထိုကတည်းက အန်ကီမှာ အကြီးအကျယ် စိတ်ထိခိုက် နေခဲ့ရရှာသည်။ ထို့အပြင် ၎င်း၏ အစာအိမ်တွင် ဗိုင်းရပ်စ်ပိုး တမျိုး တိုက်ခိုက်မှုကြောင့် လွန်ခဲ့သော (၂)လခန့် ကတည်းက ဟန်နိုဗာအတွက် မကစား ပေးနိုင်တော့ချေ။

သို့သော်လည်း နိုဝင်ဘာ (၈)ရက်နေ့ကမူ အသင်းနှင့်အတူ ပြန်လည် ပါ၀င်လာပြီး ဟမ်းဘတ်နှင့် (၂)ဂိုးစီ သရေကျသော ပွဲအတွင်း ၀င်ကစား သွားခဲ့သေးသည်။ အန်ကီ ကွယ်လွန်ချိန်တွင် ဇနီးသည် သီရေဆာနှင့် (၈)လအရွယ် မွေးစားသမီးလေး ကျန်နေရစ်သည်။ အန်ကီသည် နိုင်ငံအတွက် (၈)ပွဲ ကိုယ်စားပြု ပါ၀င်ဖူးပြီး (၂၀၁၀)ခုနှစ် ကမာ္ဘ့ဖလားတွင် ဂျာမနီ၏ နံပါတ်(၁)ဂိုးသမား ဖြစ်လာမည်ဟု တစ်ပြေး နေသူလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here