ဟာရီကိန်း အိုင်ဒါ ထင်ထားသလောက် အား မပြင်းထန်ခဲ့

alt

နိုဝင်ဘာ (၉)ရက် နေ့ညက ကုန်းတွင်းပိုင်း ၀င်ရောက်ခဲ့သည့် အိုင်ဒါ မုန်တိုင်းသည် ထင်သလောက် အားမပြင်းခဲ့ကြောင်း အမေရိကန် မိုးလေဝသ ပညာရှင်များက ပြောကြားခဲ့ကြသည်။

မစ္စစ္စပီ တောင်ပိုင်းသို့ ၀င်ရောက်ခဲ့သော မုန်တိုင်းသည် မူလက ဟာရီကိန်း အဆင့်ထိ ရောက်ရှိခဲ့သော်လည်း ကုန်းတွင်း ၀င်ရောက်ချိန်တွင် အပူပိုင်း မုန်တိုင်း အဆင့်အထိ ကျဆင်းသွားသည်။

မုန်တိုင်း ကုန်းတွင်း ၀င်ခဲ့ပြီ ဖြစ်သော်လည်း နိုဝင်ဘာ (၁၀)ရက်နေ့ထိ ရာသီဥတု ကြည်လင်မှု မရှိနိုင်သေးဟု ပညာရှင်များက ဆိုသည်။ မုန်တိုင်းကြောင့် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများ ပေါ်ပေါက်ခဲ့ပြီး လေတိုက်နှုန်းမှာ တနာရီ မိုင်(၆၀)ထိ မြင့်တက် ခဲ့သလို မိုးရေချိန်မှလည်း (၃)လက်မ အထိ ရှိခဲ့ကြောင်း သိရသည်။

အိုင်ဒါ မဝင်ရောက်မီ ကတည်းက ကယ်ဆယ်ရေး အဖွဲ့များကို ထိုဒေသတွင် အသင့် ချထားသော်လည်း ကြီးကြီးမားမား ပျက်စီးမှုမျိုး မရှိသလို လူသေဆုံးကြောင်း သတင်းလည်း မရသေးပေ။ ထိုဒေသတွင် စီးပွားရေးလုပ်ငန်း အတော်များများမှာ မုန်တိုင်းမဝင်မီ နေ့လယ်ပိုင်းအထိ ဆက်လက် လည်ပတ်နေသလို ကာဆီနို ရုံများတွင်လည်း လူစည်ကား နေဆဲဖြစ်သည်။

ဒေသဆိုင်ရာ အာဏာပိုင်များသည် မူလက ဟာရီကိန်း သတိပေးချက်ကို ထုတ်ပြန် ထားခဲ့သော်လည်း နောက်ပိုင်းတွင် အလွန် မပြင်းထန်ကြောင်း အတည်ပြု ကြေညာပေးခဲ့သည်။ တာဝန်ရှိသူများသည် တံတားများကို ပုံမှန်အတိုင်း ဖွင့်ပေးထားသလို ရေကြောင်း ခရီးစဉ်များကိုလည်း ပုံမှန်ပြေးဆွဲရန် ခွင့်ပြုထားသည်။

သို့သော်လည်း ကမ်းနားဒေသများတွင်မူ ရေတက်လာမည်ကို စိုးရိမ်သဖြင့် သဲအိတ်များကို (၃)ပေမှ (၅)ပေ အမြင့်အထိ အစီအရီ ချထားစေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here