ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးဖွယ် ရှိကြောင်း စစ်အစိုးရ နိုင်ငံခြားရေး အရာရှိ ပြောကြား

alt

ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ် ပေးဖွယ် ရှိကြောင်း မြန်မာ စစ်အစိုးရ ထိပ်တန်း ပုဂ္ဂိုလ်တဦးက အရိပ်အမြွက် ပြောဆို သွားခဲ့သည်။

မြန်မာ့ စစ်အစိုးရ နိုင်ငံခြားရေးဌာန အထွေထွေ ဒါရိုက်တာ ရာထူးကို လက်ခံရယူ ထားသည့် ဦးမင်းလွင် က နိုဝင်ဘာ (၉)ရက် နေ့တွင် AP သတင်း ဌာနသို့ ယခုလို ပြောကြားသွားခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထို့အပြင် မြန်မာ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အား လာမည့် နှစ် အထွေထွေ ရွေးကောက်ပွဲ အတွင်း နေရာတခု သတ်မှတ်လက်ခံ ပေးသွား ဖွယ် ရှိကြောင်းလည်း ဦးမင်းလွင်က သွယ်ဝိုက် ပြောဆို သွားခဲ့ သေးသည်။

အသက် (၆၄)နှစ် အရွယ် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည် သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀)အနက် (၁၄)နှစ် ကျော်ကို မြန်မာ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်မှု အောက်တွင် ဖြတ်သန်း ခဲ့ရသည်။ သူမသည် နောက်ဆုံး ပြစ်ဒဏ်အဖြစ် နေအိမ် အကျယ်ချုပ် (၁၈)လ အထိ ချမှတ် ခံထားရသူ ဖြစ်သည်။

ဦးမင်းလွင်၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီ NLD ဘက်မှမူ မတူညီသော တုန့်ပြန်မှုမျိုး ပြောကြား ထားခဲ့သည်။ NLD ပြောရေးဆိုခွင် ့ရှိသူ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ၎င်းတို့သည် အာဏာပိုင် များထံမှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖွယ် ရှိကြောင်း အစီအစဉ်မျိုး မကြားသိရဟု Al Jazeera သတင်းဌာနထံ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ နိုင်ငံရေး လေ့လာသူ များက သဘောထား တင်းမာသည့် မြန်မာ စစ်အစိုးရဘက်မှ ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေး နိုင်ကြောင်း လေသံ ပစ်လာခြင်းသည် မြန်မာ့အရေးနှင့် စပ်လျဉ်းပြီး မူဝါဒ ပြောင်းလဲလာသည့် အမေရိကန်၏ သဘောထားနှင့် ဆက်စပ် နေနိုင်ကြောင်း သုံးသပ်ခဲ့သည်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမားသည် ၎င်း အာဏာရလာပြီး နောက် မြန်မာ့ အရေးအတွက် ပိတ်ဆို့မှုများထက် ညှိနှိုင်းရေး လမ်းစဉ်ကိုသာ ကျင့်သုံး စေလိုကြောင်း တရားဝင် ပြောဆိုခဲ့သည်။ အိုဘားမားသည် ယခု သီတင်းပါတ် အကုန်တွင် မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here