ဘာလင် တံတိုင်း ဖြိုချမှု နှစ်၂၀ပြည့် အခမ်းအနား ကျင်းပ

alt

နှစ်ပေါင်း(၂၀)ပြည့် ဘာလင် တံတိုင်းကြီး ဖြိုချမှု အခမ်းအနားကို ဂျာမနီ နိုင်ငံတွင် နိုဝင်ဘာ (၉)ရက်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဘာလင် ပြည်သူများသည် အေးစက်နေသော ကွန်ကရစ် လမ်းမများပေါ် ထွက်လာကာ (၁၉၈၉) ခုနှစ်၊ နိုဝင်ဘာ (၉)ရက် နေ့က ကျရောက်ခဲ့သည့် နှစ်နိုင်ငံ ပေါင်းစည်းမှု နှစ်ပတ်လည်နေ့ အတွက် လက်များကို ဆန့်တန်းကာ အော်ဟစ် ကောင်းချီး ပေးခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း (၂၀)ကျော်က ဘာလင် မြို့လယ်ရှိ တံတိုင်းကြီး တည်ရှိရာ နေရာသည် နယ်ခြားစောင့် စစ်သားများ၊ နှစ်ဖက်ချွန် သတင်းပေး ဒလံများ၊ လျှို့ဝှက်ရဲများသာ ခြေရှုပ်နေခဲ့သော နေရာ ဖြစ်ခဲ့သည်။ အရှေ့ ဂျာမနီ နိုင်ငံတော်သည် အရှည်(၁၅၅) ကီလိုမီတာရှိ တံတိုင်းကြီးအား ဖြိုချ လိုက်မှုနှင့်အတူ ကွန်မြူနစ် လောင်းရိပ်မှ ရုန်းထွက်ပြီး အနောက် ဂျာမနီနှင့် ပြန်လည် ပေါင်းစည်းခွင့် ရခဲ့ကာ နိုင်ငံအတွက် သမိုင်းဝင် စည်းလုံးမှု မှတ်တိုင်ကို စိုက်ထူ နိုင်ခဲ့သည်။

ဂျာမနီတွင် ပြီးခဲ့သည့် သီတင်းပါတ်ကုန် ကတည်းက ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြီး နိုဝင်ဘာ (၉)ရက် နေ့ကို ကြိုဆိုခဲ့ကြသည်။ (၁၉၆၁)ခုနှစ်မှ (၁၉၈၉) ခုနှစ်အတွင်း နယ်ခြား တံတိုင်းကြီးကို ဖြတ်ကျော်ရန် ကြိုးပမ်းစဉ် နယ်ခြားစောင့် တပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ (၁၃၆)ဦး အတွက် ရည်စူးပြီး ဘီသိုဗင် နှင့် ဘွန်ဂျိုဗီတို့၏ သီချင်းများဖြင့် အမှတ်တရ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ ပေးခဲ့သည်။

ဘာလင် မြို့တော်တွင် စတိုးဆိုင်များ စည်ကားစွာ ဖွင့်လှစ်ထားသလို အထိမ်းအမှတ် နေ့အတွက် ရောက်ရှိလည်ပတ်သည့် ကမာ္ဘလှည့် ခရီးသည် များလည်း အလွန် များပြားလှသည်။ နိုဝင်ဘာ (၁၂)ရက် နေ့ထိ ကျင်းပမည့် ပျော်ပွဲရွှင်ပွဲ များကြောင့် ဘာလင် အရှေ့ပိုင်းမှ လူ(၃)သန်း ကျော်သည် အနောက် ဘာလင်သို့ လာရောက် လည်ပတ်ကြသည်။

တချိန်က မိုင်းများ၊ သံစူးကြိုးများ၊ စစ်ဆေးရေးဂိတ် များသာ ရှိခဲ့သော တံတိုင်းနေရာဟောင်း အနီး အရက်ဆိုင်များတွင် အရက် အလကားတိုက်ကာ ပျော်ရွှင်လျှက် ရှိနေကြသည်။ ထိုနေ့သည် ဂျာမနီနိုင်ငံ အတွက် အထွတ်အမြတ် နေ့ထူးတရက် ဖြစ်နေသည့်တိုင် သတင်းစာ တစောင်၏ လေ့လာမှု စစ်တမ်းတခုတွင် ဂျာမနီနိုင်ငံသား (၈)ဦးအနက် (၁)ဦးသည် ဘာလင် တံတိုင်းကြီးကို ဆက်ရှိ နေစေလိုကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here