ပါရှန်း စစ်သည်တော် တို့၏ အရိုးစုများ ရှာဖွေတွေ့ရှိ

alt

အီဂျစ် ဒဏ္ဍာရီလာ ပုံပြင်တခု သဖွယ် အစဉ်အဆက် ပြောဆို ခဲ့ကြသည့် ပျောက်ဆုံး သွားသော ပါရှန်း စစ်တပ်ကြီး၏ အကြောင်းအရာသည် နှစ်ပေါင်း (၂၅၀၀)ကျော် တိုင်အောင် အဖြေ ရှာမရခဲ့သည့် ပဟေဠိ

တခုသဖွယ် ရပ်တည် နေခဲ့သည်။

သို့သော်လည်း ယခုအခါ အီတလီ အမြွှာသုတေသီ ညီအစ်ကို နှစ်ဦး ဖြစ်သည့် အန်ဂျလို နှင့် အယ်ဖာရို ကက်စတီ ဂလီယိုနီတို့ နှစ်ဦးသည် ယင်း စစ်တပ်ကြီးမှ စစ်သည်များဟု ယူဆရသည့် လူအရိုးစု အကြွင်း အကျန်များကို အီဂျစ်တွင် ဖော်ထုတ် တွေ့ရှိခဲ့ပြီ ဖြစ်သည်။

နိုင်ငံ အနောက်ပိုင်း၊ ဆာဟာရ ကန္တာရ အတွင်း တူးဖော် တွေ့ရှိခဲ့သည့် လူအရိုး အပိုင်းအစ အစုအဝေး များနှင့်အတူ လက်နက်များ၊ ရတနာ ပစ္စည်းများ၊ ရေရှာရာတွင် အသုံးချခဲ့သည့် အိုးခြမ်းပဲ့များက အင်အား (၅၀၀၀၀)ပါ ပါရှန်းတပ်ကြီးပင် ဖြစ်နိုင်ကြောင်း ယူဆရဖွယ် ရှိနေသည်။

ယခု တွေ့ရှိမှုသည် မနုဿဗေဒ ပညာရပ် သမိုင်းတလျှောက် ထိုပါရှန်း တပ်မကြီးနှင့် စပ်ဆက်နေသည်ဟု ယူဆရသည့် ပထမဆုံး ဖော်ထုတ်နိုင်မှုလည်း ဖြစ်လာသည်။ ၎င်းတို့ ညီအစ်ကိုနှင့် ပညာရှင်များသည် အီတလီနိုင်ငံ၊ လက်ဆီ တက္ကသိုလ် မှတဆင့် အီဂျစ်တွင် စူးစမ်းမှုများ ပြုလုပ်ရန် လာရောက်ကြခြင်း ဖြစ်သည်။

ပါရှန်းဘုရင် ကင်ဘိုင်ဆစ် (၂)နှင့် ၎င်း၏ တပ်ဖွဲ့သည် ဘီစီ (၅၂၅) ခုနှစ်က ကြီးမားလှသည့် သဲမုန်တိုင်းကြီး အတွင်း ပျောက်ကွယ်သွားကြောင်း ဟီဒရိုတက်က ရေးသားဖူးသည့် မှတ်တမ်းဟောင်း တခု ရှိခဲ့သည် ဆိုသော်လည်း မည်သူကမျှ ယင်းကိစ္စကို သက်သေ မပြနိုင်ခဲ့ပေ။ ယခု တွေ့ရှိသော အရိုးစုများ အနက် ထိုခေတ်က သုံးစွဲခဲ့သည်ဟု ယူဆရသည့် ကြေး ဓားမြှောင်များပင် ရောနှော ပါ၀င်နေရာ ညီအစ်ကို နှစ်ဦးအတွက် အားတက်စရာ ဖြစ်ခဲ့ရသည်။

ဟီဒရိုတက်၏ စာထဲတွင် တောင်ဘက်မှ အလွန်ပြင်းထန်သော လေထုကြီး တိုက်ခတ်လာကြောင်း၊ အရာအားလုံး ပျောက်ကွယ်သွားအောင် အဖြူရောင် သဲမှုန်များက ဖုံးလွှမ်း သွားပြီးနောက် ပါရှန်း စစ်တပ်ကြီး တခုလုံး ပျောက်ကွယ်သွားကြောင်း ရေးသား ထားသည်။ ထိုတပ်သည် လစ်ဗျားနိုင်ငံ ဖြစ်လာမည့် နေရာရှိ ဆီဝါအိုအေဆစ် သို့ ဦးတည်နေစဉ် ကြမ္မာဆိုးဖြင့် တိုးသွားခြင်း ဖြစ်သည်။

၎င်းတို့သည် ရှေးခေတ် အီဂျစ်တို့ အမြတ်တနိုး ကိုးကွယ်ရာ အာမွန် နတ်ဘုရားကျောင်းကို ဖျက်ဆီးရန် ချီတက်လာခြင်း ဖြစ်ပြီး သဲမုန်တိုင်းကြီးကို အာမွန် နတ်ဘုရားက ဖန်တီးကာ ပါရှန်းတို့ကို သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း အီဂျစ်ရှေးဟောင်း ပုံပြင်များတွင် ဖွဲ့နွဲ့ ပြောဆိုနေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here