ဖို့တ်ဟုဂ် စစ်စခန်းက သေနတ်ပေါက်သံ အမေရိကန် လုံခြံုရေးကို ထိပါးခြင်းလော

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

လွန်ခဲ့တဲ့ ကြာသာပတေးနေ့ ကပေါ့၊ နေ့လည်ပိုင်းလောက် ရေဒီယိုကနေ ကြားလိုက်ရတယ်၊ တက္ကဆတ် ၊ ဖို့တ်ဟုဂ် နောက်တန်း စစ်စခန်းမှာတဲ့ သေနတ် ၂လက်ကိုင်စွဲပြီး ပစ်ကြပြန်ပြီ ဆိုပဲ။

အဲဒီ ညနေခင်းမှာပဲ အမေရိကားက တယ်လီဗေးရှင်း နဲ့ အင်တာနက် သတင်းတွေမှာ ဗိုလ်မှူး နိဒဲလ်မာလစ် ဟာစဲန်း ( အသက် ၃၉နှစ် ) သတင်းက အဲဒီအချိန် တောမီးလို အမေရိကန်နိုင်ငံ တဝှမ်း အရှိန်အဟုန် ခပ်ပြင်းပြင်း အဆက်မပြတ် လောင်ကျွမ်း နေပါတော့တယ်။ ဒီကိစ္စမှာ ရက်ကြာလေ စဉ်းစားစရာ ဖြစ်လာလေ အခြေအနေတွေက အမေရိကန်တွေ ပါးစပ်ဖျားမှာ လုံခြံုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ အယင် အမေရိကန် သမတတွေရဲ့ မူဝါဒဆိုင်ရာ စစ်ခင်းရာက ရလဒ်တွေဖြစ်တဲ့ အမေရိကန်ကို မူဆလင် ဘာသာဝင်တွေက တကယ် အငြိုးအတေးတွေ နဲ့ ယခင်က ဟောလီးဝုဒ် ရုပ်ရှင်တွေ တင်ကြို ရိုက်ကူးပြသခဲ့သလို အမှန်တကယ်ပဲ ဖြစ်လာပြီလားလို့ အမေရိကန်တွေ စိတ်ထဲမယ် ထင်မြင်မိနေပြီလို့ အမေရိကန် မိတ်ဆွေ တဦးက စာရေးသူကို ပြောပြပါတယ်။

ဒီအခြေအနေကို ထိမ်းချုပ်ဖို့ အခင်းဖြစ်ရပ်နဲ့ ပါတ်သက်ပြီး နောက်တရက်မှာ သမတ ဘားရက် အိုဘားမားက သတင်း မီဒီယာတွေကို ချင့်ချိန်ထိမ်းသိမ်းပြီး ရေးသားပြောဆိုကြဖို့ ပန်ကြားလိုက်ပါတယ်၊ ပထမပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ အကြမ်းဖက်ခဲ့သူ ဗိုလ်မှူးဟာစဲန်း စိတ်ဖေါက်ပြန်နေသလို လို ၊ စိတ်ဖိစီးမှု ရှိနေသလိုနဲ့ နောက်ပိုင်း သတင်းတွေအရ အမေရိကန် ပြည်သူတွေ ရင်ထဲ ရောက်လာတဲ့ အတွေးတစ ကတော့ မူဆလင် ဘာသာဝင်တွေ တကယ်ပဲ အမေရိကန်တွေ မှန်သမျှ အပေါ် အငြိုးကြီး ခဲ့ပြီးလား ? ဗိုလ်မှူး နိဒဲလ်မာလစ် ဟာစဲန်း က စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ကြံစီခဲ့လေသလား ? မေးခွန်းများစွာ ထွက်ပေါ် လာခဲ့ပါတယ်။

အီရတ်နဲ့ အာဖဂန် စစ်ပွဲတွေကို အပြင်းအထန် ဆန့်ကျင်သူ ဖြစ်တယ်လို့ အယင် သတင်းတွေမှာ ဖေါ့ ရေးသားကြပေမဲ့ ခြေရာခံမိတဲ့ နောက်ပိုင်းမှာတော့ ‘self-radicalized, homegrown terrorist’ အဖြစ် သတင်းစာတွေ သုံးနှုန်းလာကြပြီး ပစ်ခတ်ခါနီး သူဘာကြောင့် “Allahu Akbar” or “God is great” လို့ အော်ဟစ်လိုက်တယ် ဆိုတာရယ်၊ အစ္စရေး သတင်းစာတွေ ကနေ ယခင် အပါတ်ကုန် ရက်တွေက ဦးစွာ အစ ဖေါ်လိုက်တာ ကတော့ ၂၀၀၁ ခုနှစ် ဧပြီလ အစောပိုင်းလောက်မှာ ၉/၁၁ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ Hi-jacker ပြန်ပေးတွေ ဖြစ်တဲ့ နဝပ်ဖ် အယ်လ် ဟဇ်မီ ( Nawaf al-Hazmi ) ၊ ခါလစ် အယ်လ်မိဒ်ဟါးလ် ( Khalid al-Mihdhar )၊ နဲ့ ဟနီဟန်ဂျား( Hani Hanjour )၊ တို့ဟာ ဗိုလ်မှူး နိဒဲလ်မာလစ် ဟာစဲန်း တို့ မိသားစု ဝတ်ပြုတဲ့ ဗါဂျီးနီးယားက ဒါအဲယ် ဟိုင်ဂျရ် ( Dar al Hijrah ) ဗလီဝတ်ကျောင်းမှာ တက်ခဲ့ဖူးတယ်လို့ ထောက်ပြပါတယ်။

ဒီကနေ မီးခိုးကြွက်လျှောက် အမေရိကားရောက် ပါလက်စတိုင်းတွေ အလာများတဲ့ ဒါအဲယ် ဟိုင်ဂျရ် ဒီဝတ်ကျောင်း ဟာလည်း ပါလက်စတိုင်း ဟားမတ်အဖွဲ့ရဲ့ ရံပုံငွေတွေ ဒီကနေ စီးဆင်းနေသလား? အမေရိကန် ထောက်လှမ်းရေးတွေ သတိထားစရာ ဖြစ်လာခဲ့ရတယ်၊ ဗိုလ်မှူး ဟာစဲန်းရဲ့ အမေဆုံးတော့ အဲဒီမှာပဲ ကမကထ ပြုပြီး သဂြို င်္လ်ဖူးတယ်လို့ ပြောပါတယ်၊ ဒီဗလီဟာ အမေရိကား အရှေ့ဖျား ကမ်းရိုးတန်းဖက်မှာ မူဆလင် ဘာသာဝင်တွေ ထောင်နဲ့ချီ တပါတ် တပါတ်ကို တက်ရောက်နေလို့ ဟာစဲန်း ဗလီတက် မတက်တော့ မသိဖူး၊ ဟာစဲန်းရဲ့ မိသားစုတော့ ဗလီမှာ သာသနာအကျိုး ပူးပေါင်းပါဝင်မှု ရှိတယ်လို့ ဗလီရဲ့ ဒါရိုက်တာ အီမန်ဂျိုဟာရီ အဘ်ဒူ မာလစ်က ဗဟိုအစိုးရ ထောက်လှမ်းရေးကို ရှဉ့်လဲလျှောက်သာ ပျားလဲ စွဲသာစကား ပြောဆိုပါတယ်။ နောက်ပိုင်းမှာ ဒီအစ္စရေး သတင်းစာတွေ ရေးသားချက် အခြေခိုင်တယ်ဆိုတာ လန်ဒန်ထုတ် ဒေးလ်လီး တယ်လီဂရပ်ဖ် သတင်းစာကြီးက အတည်ပြုပါတယ်။

နောက် သံသယဖြစ်စရာ တချက်က ဥပဒေရေးရာ ဋ္ဌာနက ဟာစဲန်းရဲ့ ကွန်ပြူတာကို ယူစစ်ပြီး တွေ့ရှိချက်တွေမှာ လွန်ခဲ့သော ၆လခန့်က အင်တာနက်မှာ ဟာစဲန်း suicide bomber အကြောင်း ဆောင်းပါး ရေးတင်ဖူးသည်လို့ သိရှိရပြီး၊ ထပ်ဆင့် ပံ့ပိုးလိုက်တဲ့ တချက်ကတော့ ၂၀၀၄ ခုနှစ်မှာ ဂျူးဘာသာဝင် ကနေ  မူဆလင်ဘာသာ ကူးပြောင်းသွားသူ နယူးဂျာဆီဖွား ယခင်အမည် ဂျိုးဇက်ကိုဟင်း ယခုအမည် ယူးဆွတ် အဲယ် ခါတက်ဘ် ( အသက်-၄၁နှစ်) ကနေပြီး ဖို့တ်ဟုဂ် သေနတ်သမား ဟာစဲန်းဆီ “Get Well Soon” လို့ မသင်္ကာဖွယ် မက်ဆေ့ရှ် ရှိပေးပို့ ဖူးတယ်လို့ အမေရိကန် တယ်လီဗေးရှင်း Fox News က ဖေါ်ပြခဲ့ပါတယ်၊ ခါတက်ဘ် ဟာ အမေရိကန် ဂျာနယ်လစ် ဒယ်နီယယ်လ် ပါးလ်ကို သတ်ခဲ့ဖူးပြီး အမေရိကန် ဗဟိုထောက်လှမ်းရေးက အကြမ်းဖက်သမား စာရင်းသွင်းထား သူပါ၊ သူဟာ RevolutionMuslim.com ဝဘ်ဆိုဒ်ကို တည်ထောင်သူ ဖြစ်ပြီး၊ အခုရက်ပိုင်း အတွင်းမှာပဲ ဗိုလ်မှူး ဟာစဲန်းအတွက် ဂုဏ်ပြုပြီး “eternal hellfire” ဆို ရေးတင် လိုက်ပါတယ်။ ပိုပြီး ထင်သာမြင်သာ ရှိသွားစေတာ ကတော့ “Get well soon Major Nidal. We love you.” လို့ ဝဘ်ဆိုဒ်မှာ ရေးလိုက်တာပါပဲ။

ဖြစ်ပုံက ဒီလိုပါ နိုဝင်ဘာလ ၄ရက် ကြာသာပတေးနေ့ မနက် အစောပိုင်း ၆နာရီလောက်က တက္ကဆတ် ပြည်နယ်က ကီးလင်းန်မြို့က the Casa Del Norte အပါတ်မန့် ဒုတိယထပ်မှာ အစ္စလမ် ကွန်မြူနတီ Greater Killeen ဗလီမှာ ဝတ်ပြုပြီ အပြန် မစ္စ ပက်ထရစ်ရှာ ဗီလာ ဆိုသူကို ဂျူလိုင်လ အနှောင်းပိုင်း လောက်က ပြောင်းရွေ့လာတဲ့ နဘေးခန်းက တလကို ၃၀၀ ပေးရတဲ့ တယောက်ခန်းမှာ နေထိုင်သူ အိမ်နီးချင်းဖြစ်တဲ့ ဗိုလ်မှူး နိဒဲလ် မာလစ် ဟာစဲန်း က သူဟာ အီရတ် မဟုတ်ယင် အာဖဂန်နစ္စတန်ကို သွားရတော့မယ် နောက်ထပ် ၆လလောက် အတွင်း ပြန်ရောက်လာမှာ မဟုတ်ဖူးလို့ ပြောပြီး သူပိုင်ဆိုင်တဲ့ လေမွေ့ယာ၊ မိုးကာအင်္ကျီ တို့ကို သူမယောကျင်္ား သုံးဖို့ နဲ့ အခြားပိုင်ဆိုင်တာ တိုလီမုတ်စ အချို့ကိုပေးပြီး မလိုအပ်တာတွေတော့ ကယ်တင်ခြင်းတပ်ကို လှူလိုက်ပါလို့ ဆိုပါတယ်၊ နောက် သူ့အခန်းကိုလည်း ရှင်းထားပေးပါ ဆိုပြီး ဒေါ်လာ ၆၀ ပေးပါတယ်၊ သူခရီးသွားဖို့ အဆင်သင့် ဖြစ်နေကြောင်း ဆက်ပြောဆိုပြီး သူနဲ့အတူ တိုက်ခိုက်ဖို့ ဘုရားသခင် အသင့်ရှိနေကြောင်း လို့ အဓိပ္ပါယ်ရတဲ့ စကားကို ပြောကြောင်း နယူးယောက် တိုင်းမ် သတင်းစာကြီးကို အိမ်နီးချင်း အသက် ၅၀ကျော်အရွယ် မစ္စဗီလာက ပြောပြပါတယ်။

နောက်အိမ်နီးချင်း တဦး ဖြစ်တဲ့ မစ္စတာ ဝီလီဘဲလ် ( အသက်-၅၁နှစ် ) ကိုလည်း အဲဒီနေ့ ကြာသာပတေးနေ့ မနက် နံနက် ၅နာရီထိုးလောက်မှာ ဖုန်းဆက်ပြီး သူသွားတော့မယ့် အကြောင်း နှုတ်ဆက်ပါတယ်၊ နောက်ဆုံကြတော့မယ် မထင်ကြောင်း ပြောပြီးတော့ အိမ်မှထွက်ကာ အစားအသောက်ရောင်းတဲ့ ကုန်စုံဆိုင် ဝင်ကာ စားသောက်စရာတွေ ဝယ်ပြီး၊ ဖို့တ်ဟုဂ် စစ်စခန်းကို သွားပြီး နောက်ထပ် ၆နာရီလောက် အကြာမှာ အခင်း ဖြစ်ပွားတာပါ။ အခင်းဖြစ်ပွားရာမှာ သုံးခဲ့တဲ့ FN Herstal 5.7 မီလီမီတာ စီမီး အော်တိုမစ်တစ် ပစ္စတိုသေနတ် ကတော့ ဖို့တ်ဟုဂ်ကို ပြောင်းလာခါစ သူနေတဲ့ ကီးလဲန်းက Gun & Galore LLC သေနတ်အရောင်းဆိုင် က ဒေါ်လာ ၁၁၀၀ ကျော်ပေးပြီး ဝယ်ထားတာပါ။

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ် အလယ်ပိုင်း ယခင် သမတဟောင်း ဂျော့ရှ် ဒဘလျူ ဘုရှ်ရဲ့ ဧက၁၆၀၀ လောက် ကျယ်တဲ့ ပရေရီ ချာပါယ် Ranch ခြံကြီးနဲ့ မိုင် ၃၀လောက်သာ ဝေးတဲ့ နောက်တန်း စစ်အခြေစိုက် စခန်း ဖြစ်တဲ့ ဖို့တ်ဟုဂ်ရဲ့ မွန်းလွှဲ ၁နာရီ မိနစ် ၂၀မှာတော့ ဘယ်လ်ဂျီယမ် နိုင်ငံထုတ် အဓိကရုဏ်း နှိမ်နှင်းရေး ဆွပ်တပ်ဖွဲ့ တွေမှာ အသုံးပြုတဲ့ FN Five-Seven စီမီး အော်တိုမစ်တစ် ပစ္စတို သေနတ်နဲ့ မောင်းပြန်သေနတ် သေနတ်၂လက် ကိုင်ဆောင်ထားတဲ့ စိတ်ရောဂါကု ဆရာဝန် ဗိုလ်မှူး နိဒဲလ်မာလစ် ဟာစဲန်း က စက္ကန့်အနည်းငယ်လောက် ဝတ်ပြုသလို ဆုတောင်းပြီး “အလ္လာ အက္ကဘာ” လို့ အသံနက်ကြီးနဲ့ အော်လိုက်ပြီး စတင် ပစ်ခတ်တာလို့ မျက်မြင်သက်သေတွေက ဆိုပါတယ်၊ စစ်ဆေးရေးမှူးတွေ အပြောအရတော့ ဗိုလ်မှူး ဟာစဲန်းဟာ သေနတ် အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်သွားတယ်လို့ ဆိုကြတယ်၊ ဒီနေရာက စစ်မြေပြင် မထွက်ခွာခင် ဆေးမှတ်တမ်း မှတ်ရာများကို စစ်ဆေးတဲ့ အဆောက်အဦး နေရာဖြစ်ပြီး စစ်သား၂၀လောက် ဆေးစစ်ဖို့ တန်းစီပြီး နေတယ်လို့ ဆိုပါတယ်၊ မလှမ်းမကမ်းမှာတော့ ဘွဲ့နှင်းသဘင် ဆင်ယင်ဖို့ ရာဂဏန်း ကြီးပိုင်းလောက်ရှိမဲ့ လူစုလူဝေး ရှိလို့နေပါတယ် အဲလို အနေအထားမှာ နိုဝင်ဘာလ အကုန်ပိုင်း အာဖဂန်နစ်စတန်ကို သွားရောက် စစ်မှုထမ်း ရတော့မဲ့ ဗိုလ်မှူး နိဒဲလ်မာလစ် ဟာစဲန်းဟာ သေနတ် စဖေါက်ပြီး မဲမဲမြင်ရာ ပစ်ခတ်ပါတယ်လို့ သတင်း မီဒီယာတွေနဲ့ အင်တာဗျူးခဲ့တဲ့ မျက်မြင်သက်သေ ၁၇၀လောက်က ဝေါစထရိ ဂျာနယ်ကို ပြောပြပါတယ်။

သိပ်မကြာခင်မှာပဲ အနီးအနားမှာ ရှိနေတဲ့ အမျိုးသမီး ရဲတပ်ကြပ်ကြီး ကမ်ဘာလီ  ဒီ မမ်လေ က အခြေအနေကို ရပ်တန့် ထိမ်းချုပ်ဖို့ ပြန်လည်ခုခံ ပါတယ်၊ သူမလည်း ဒဏ်ရာ ရရှိသွားပါတယ်၊ သေနတ်သံတွေ ဖို့တ်ဟုဂ်မှာ စဲသွားချိန်ဟာ ၁နာရီ ၂၇မိနစ် ရှိပြီလို့ ဆာဂျင် ကမ်ဘာလေ ဒီ မမ်လေ ကပြောပါတယ်။ ဒီလောက် အထိအခိုက် များသွားရတာ ကလည်း နောက်တန်းစခန်း ဖို့တ်ဟုဂ်ဟာ သာမန်အားဖြင့် လေ့ကျင့်ခန်း ဆင်းနေချိန်၌ပင် စစ်သားများဟာ လက်နက် ကိုင်ဆောင်လေ့ မရှိကြလို့ ဖြစ်တယ်ဆိုပြီး ဖို့တ်ဟုဂ် အခြေစိုက်စခန်း ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်ချုပ်ကြီး ရောဘတ် ဒဘလျူ ကုမ်း က ပြောဆို လိုက်ပါတယ်၊ ဒီပစ်ခတ်မှုမှာ ၁၃ဦးသေဆုံးပြီး ၃၈ဦး ဒဏ်ရာ ရရှိပါတယ်၊ အစောပိုင်း သေဆုံးသွားပြီလို့ သတင်း ထွက်လာတဲ့ အကြမ်းဖက်သူ ဗိုလ်မှူး နိဒဲလ်မာလစ် ဟာစဲန်းဟာ ကနဦးပိုင်း ကိုမာရောဂါ ရတယ်လို့ ကြားနေရပြီး အခုချိန်မှာတော့ တက္ကဆတ်က ဆန် အန်တိုနီယိုမြို့ ဘရွတ်ခ် စစ်ဆေးရုံမှာ ကြပ်မတ်ကုသနေပြီး အခုတော့ စကားပြောနိုင်ပြီလို့ သိရှိရပါတယ်။

အခင်း ဖြစ်ပွားချိန် ကနေ နာရီ အတော်အကြာ အထိ ခေတ်မီလှပါဆိုတဲ့ အမေရိကန်နိုင်ငံဟာ အကြမ်းဖက်သူ ဗိုလ်မှူး နိဒဲလ်မာလစ် ဟာစဲန်း ရဲ့ နာမည်နဲ့ သူပေးထားသလောက် ကိုယ်ပိုင် အချက်အလက်တွေ လောက်သာ တွက်ချက် ခန့်မှန်းနိုင်ပြီး ဘယ်ဘာသာ သက်ဝင် ယုံကြည်တယ် ဘာတွေ လုပ်ခဲ့တယ် အတိအလင်း မသိကြရပါဖူး။ နောက်ပိုင်းမှ သာ စီအန်အန် သတင်းဋ္ဌာနက လိုက်မွှေလို့ ဗိုလ်မှူး နိဒဲလ်မာလစ် ဟာစဲန်း အိမ်အနီးတဝိုက်က ကုန်စုံဆိုင် တခုကနေ ရိုကယူထားတဲ့ လုံခြံုရေး ကင်မရာ မှ အဲဒီနေ့ နံနက် ဗိုလ်မှူး နိဒဲလ်မာလစ် ဟာစဲန်း အစ္စလမ် ဘာသာဝင်တွေ ဗလီ ဝတ်ပြုယင် ဝတ်တဲ့ ဝတ်စုံတကားကား နဲ့ အမေရိကန် ထွက်သွားလို့ (“Camel jockey, get out!” ) ကားစတစ်ကာ ကပ်ထားတဲ့ သူ့ရဲ့ ကားထဲက ထွက်လာတဲ့ ဟာစဲန်း ကိုတွေ့မှ အစ္စလမ်ဘာသာ ကိုးကွယ်တယ် ဆိုတာ သေချာပေါက် သိကြရတာပါ။

ဗိုလ်မှူး နိဒဲလ်မာလစ် ဟာစဲန်း အကြောင်းပြန် ကြည့်ကြရအောင် ကမာ္ဘကျော် အနောက်ဖက်ကမ်းဒေသ ဖြစ်တဲ့ ဂျေရုဆလင် အနီးက မြို့ငယ်လေးကနေ အမေရိကန် ပြည်ထောင်စုကို အခြေချနေထိုင်ဖို့ ပြောင်းရွေ့လာတဲ့ ပါလက်စတိုင်း မိဘ၂ပါး မာလစ် အဝါဒဲလ်လာ နဲ့ ဟနန် အစ္စမေးလ် ဟဲစန်း တို့ရဲ့ အကြီးဆုံးသားပါ။ ဗါဂျီးနီးယား အနောက်တောင်ဖက်က အာလင်တန်မှာ စက်တင်ဘာလ ၈ရက် ၁၉၇၀ ခုနှစ်မှာ မွေးဖွားပြီး ရုန်းနော့ခ် အရပ်က ဝီလျံဖလင်းမင်း ကျောင်းမှ အထက်တန်း အောင်ပါသူပါ၊ ဟာစဲန်းက အာရေဗီးရ ဘာသာစကား မပြောတတ်ပါဖူး၊ မွေးချင်းကတော့ ၃ဦးရှိပြီး တယောက်က ညီအလတ် တဦး ဖြစ်တဲ့ အဲန်နတ် ကတော့  အမေရိကားမှာ ရှေ့နေဘွဲ့ရပြီး မိဘ လက်ငုတ်လက်ရင်း ရှိတဲ့ အနောက်ဖက်ကမ်း ရမ္မလာမြို့မှာ ပြန်နေပါတယ်၊ အငယ်ဆုံးညီ အီယတ် ကတော့ ဂျောရှ်မန်းရှင်း တက္ကသိုလ်က ဘွဲ့ရပြီး ဗါဂျီးနီးယား ရုန်းနော့ခ်က ကျန်းမာရေး သုတေသန ဋ္ဌာနတခုမှာ ပြည်သူ့ဆက်ဆံရေး အရာရှိတဦးပါ။ အခုအချိန်မှာ မိဘ၂ပါး ဆုံးပါးသွားပြီ ဖြစ်ပြီး ဆွေမျိုးအင်အား တောင့်တင်းသူ ဖြစ်တယ်လို့လဲ ဆိုပါတယ်။ ကမာ္ဘကျော် ပညာရှင်များ ထွက်ပြီး မကြာခဏ အကြီးအကျယ် သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားတတ်တဲ့ ဗါဂျီးနီးယား တက္ခနိုလိုဂျီ ကျောင်းတော်ကနေ ၁၉၉၅ ခုနှစ်မှာ ဘိုင်အိုခဲန်မက်စထရီ နဲ့ ဘွဲ့ရပါတယ်၊ အစောပိုင်း ၁၉၉၂မှာတော့ ဘာစတော ကွန်မြုနတီ ကောလိပ် ( ကယ်လီဖိုးနီးယား ) နဲ့ ရုန်းနော့ခ် အရပ် အနောက်ဗါဂျီးနီးယား ကွန်မြူနတီ ကောလိပ်တို့ကနေ သိပ္ပံဘာသာရပ်နဲ့ associate ဒီကရီ ရပါတယ်။

နောက်ပိုင်း ၁၉၉၇ မှာ ဘက်တက်စတာ ယူနီဖေါင်း ဆားဗစ် တက္ကသိုလ်ကနေ ကျန်းမာရေးသိပ္ပံ ဘာသာရပ်နဲ့ ဘွဲ့ရပြီး ၂၀၀၃ ခုနှစ်မှ ဝေါ်လ်တာရိဒ် စစ်ဆေးတက္ကသိုလ် ကနေ ဆရာဝန် ဖြစ်လာတာပါ၊ ယခုနှစ် မေလမှာ ဗိုလ်မှူးအဆင့်ကို တိုးမြှင့်ခံရပြီး လွန်ခဲ့တဲ့ နွေရာသီ လောက်ကမှ ရာထူးတိုးမြှင့်ပြီး ဖို့တ်ဟုဂ် စစ်စခန်းကို ပြောင်းရွေ့လာခဲ့ တာပါ။ လွန်ခဲ့တဲ့ စက်တင်ဘာလ အထိ ဆေးစစ်ချက် မှတ်တမ်းများ အရတော့ ဟာစဲန်း ဟာ လူပျို လူလွတ်တဦး ဖြစ်ပြီး၊ စိတ်ရော၊ ကိုယ်ပါ ဘာပြဿနာ မရှိခဲ့ဖူးလို့ ဆိုပါတယ်၊ သူဟာ အောက်တိုဘာလ ၁၃ရက်နေ့အထိ အမေရိကန်နိုင်ငံ စိတ်ရောဂါ နှင့် စိတ်ဖိစီးမှု ဆိုင်ရာ ရောဂါများဆိုင်ရာ ကြိုတင် ကုသရေးဋ္ဌာနမှာ သမားတော် အဖြစ်နဲ့ ပါဝင်ပူးပေါင်း လုပ်ဆောင်နေသူပါ။

တနေ့က စနေနေ့ ညပိုင်းမှာတော့ သမ္မတဟောင်း ဂျော့ရှ် ဒဘလျူ ဘုရှ် နဲ့ ဇနီးသည် လော်ရာဘုရှ်တို့ ဖို့တ်ဟုဂ် ကို လာရောက်အားပေး စကား ပြောကြားခဲ့ပေမဲ့ ဒီသတင်းကို မီဒီယာတွေမှာ မပါစေချင်ဖူးလို့ ဘုရှ်က တောင်းဆိုတယ်လို့ Fox သတင်းဋ္ဌာနက ပြောကြားပါတယ်။ ဝမ်းနည်းခြင်း အခမ်းအနား တက်ဖို့ အိုဘားမားက မနက်ဖန် အင်္ဂါနေ့မှ လာမှာပါ။

ယခင်အပါတ်က အမေရိကန် နိုင်ငံတလွှား ကြားရသူတွေ အလွန်အမင်း တုန်လှုပ်မှု ဖြစ်ပွားခဲ့တဲ့ တက္ကဆတ် ဖို့တ်ဟုဂ် စစ်စခန်းမှာ ဗိုလ်မှူး နိဒဲလ် မာလစ် ဟာစဲန်း တဦးထဲ မွှေလို့ မိုးမီးတွေလောင် မီးမိုးတွေ ရွာချခဲ့တဲ့ သေနတ်ဖေါက်သံ နောက်ကွယ်က ဖြစ်ရပ်တွေ ဘယ်လောက် မြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှန်ကန်မှု ရှိစွာ စစ်ဆေးနိုင်မလဲ ဆိုတာ ဗဟိုအစိုးရ စစ်ဆေးမှုတွေ စတင်လိုက်တဲ့ ဒီနေ့မှာပဲ တွေ့မြင်ရဦးမှာပါ။

အမှန်တော့ ဟာစဲန်းဟာ စာရေးသူအမြင်အရ ကျောင်းစရိတ်ထောင်းလှတဲ့ အမေရိကန်နိုင်ငံရဲ့ ပညာရေးစနစ်မှာ စာတော်သူတဦး အနေနဲ့ ကျောင်းစရိတ် မဆပ်ချင်ယင် စစ်တပ်ထဲဝင် နိုင်ငံတော်က ပေးချေတယ် ဒီလိုဇါတ်လမ်းနဲ့ က လာသူလို့ ထင်ပါတယ်၊ စာရေးသူ မိတ်ဆွေ တယောက်လဲ ဒီလိုအဖြစ်မျိုး ရှိခဲ့ဖူးပါတယ်၊ အခုတော့ သူက အာဖရိက ဖက်လား ရောက်နေတယ် ကြားတာပဲ၊ ဟာစဲန်း အမျိုးတယောက်ဆီ တပ်ကထွက်ဖို့ ရှေ့နေကို မေးမြန်းပေးဖို့ တိုင်ပင်ဖူးတယ် ဆိုပါတယ်၊ အခွင့်အရေးတွေ များပြားလှတဲ့ ဒီနိုင်ငံမှာ ဟာစဲန်း ဒီလို ရမယ်ရှာ အမျိုးချစ်သလို လို ထွက်ပေါက်ပေးတာ မှားတယ်လို့ ယူဆပါတယ်၊ အမျိုးချစ်တာနဲ့ မဆိုင်ပါ မြင်တတ်ယင် သပ်သပ်စီပါ။ အီရတ် စစ်မြေပြင်ကို မသွားချင်လို့ ကိုရီးယား အမျိုးသား အမေရိကန် စစ်ဗိုလ်တဦးလည်း စစ်ခုံရုံးတက်ပြီး ဖြေရှင်း ဖူးပါတယ်။

နဂိုရ်ထဲက ကုလားကြောက်တဲ့ ရီပါပလစ်ကင် ပါတီကတော့ အခု စာရေးချိန်အထိ မှတ်ချက် မပေးသေးပေမဲ့ သေခြာတာ၂ခုရှိပါတယ် တခုက ဒီလိုလုပ်လို့ ဗိုလ်မှူး နိဒဲလ် မာလစ် ဟာစဲန်း သေဒဏ် ကျခံနိုင်ပါတယ်။ နောက်တခုက အဲဒီလို နည်းလမ်းမကျ ဖြေရှင်းခဲ့တဲ့ ဗိုလ်မှူးဟာစဲန်း အတွက်နဲ့ ပါတ်သက်ပြီး အမေရိကန် လုံခြံုရေးနယ်ပယ်က တာဝန် ထမ်းဆောင်နေတဲ့ အစ္စလမ် ဘာသာဝင်တွေ အတွက် မမြင်ရတဲ့ နစ်နာမှုတွေ မလွဲမသွေ ခံစားကြရတော့မှာပါ၊ ထို့အတူပဲ ဥပဒေ စိုးမိုးပါတယ်လို့ ဆိုတဲ့ အမေရိကန် နိုင်ငံအတွင်း နေထိုင်ကြတဲ့ မူဆလင် ဘာသာဝင်တွေလည်း အစိုးရကိစ္စနဲ့ ပါတ်သက်ယင် ဘာကြောင့်မှန်း မသိပဲ သံသယ အကျိုးတွေ သေခြာပေါက် ခံစားရတော့မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်ပါကြောင်း အသင် ငြင်းနိုင် ဝံ့ပါ့မလား။

ဆောင်းပါး Source; ဝါရှင်တန် ပို့(စ်)၊ နယူးယောက်တိုင်း(မ်)၊ Fox News၊ ဝေါစထရိ ဂျာနယ်၊ ဝီကီပီးဒီးယား၊ ယနေ့ အစ္စရေး သတင်းစာ၊ ဒေးလ်လီးတယ်လီဂရပ်ဖ် – လန်ဒန် တို့မှ မှီငြမ်းပါတယ်။

ဒူကဘာ

LEAVE A REPLY

Please enter your comment!
Please enter your name here