ဘလော့ဂ္ဂါ လွတ်လပ်ခွင့် အဆိုးရွားဆုံး အဖြစ် မြန်မာနိုင်ငံ ထိပ်ဆုံးမှ ရပ်တည်နေ

alt

သတင်းထောက် အခွင့်အရေး ကာကွယ်ရေး ကော်မတီ (CPJ) မှ ထုတ်ပြန်သည့် Blogger လွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံ(၁၀)ခု စာရင်းတွင် မြန်မာ နိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည် နေကြောင်း သိရှိရသည်။

စစ်အစိုးရ အုပ်ချုပ်နေသော နိုင်ငံ အတွင်း အင်တာနက် ၀ဘ်ဆိုဒ် များစွာသို့ ၀င်ရောက်ခွင့် ပိတ်ပင် ထားသလို Blogger များမှာလည်း ရာဇဝတ် ပုဒ်မများ တပ်ကာ ထောင်ချ ခံရခြင်းများ တွေ့ကြံုနေရသည်။

CPJ ၏ စစ်တမ်းတွင် မြန်မာနိုင်ငံက အဆိုးဆုံး ဖြစ်နေသလို အခြားသော အာရှနိုင်ငံများနှင့် အရှေ့ အလယ်ပိုင်းနိုင်ငံ အတော်များများသည် အဆိုးဆုံး ထိပ်တန်း (၁၀)နိုင်ငံ စာရင်းတွင် ပါ၀င်ခဲ့သည်။ CPJ ၏ အမှုဆောင် ဒါရိုက်တာ ဂျိုဆီမွန်က Blogger များသည် သတင်းတော်လှန်ရေး ခေတ်၏ ခိုင်မာသော တံတိုင်းကြီးများ ဖြစ်ပြီး ကမာ္ဘနှင့်အဝှမ်း Blogger ဦးရေသည် ကြောက်ခမန်းလိလိ တိုးပွားလာနေကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ကမာ္ဘပေါ်တွင် Blogger လွတ်လပ်ခွင့် ဆုံးရှုံးနေသည့် နိုင်ငံများ ရှိနေပြီး ယင်းနိုင်ငံများ၏ သတင်း အဆင့်အတန်းကို ဖော်ညွှန်းနေကြောင်း ဆီမွန်က ဆိုသည်။ ဥပမာ အားဖြင့် အီရန်၊ ဆီးရီးယား၊ ဆော်ဒီအာရေဗျစသော အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အာဖရိက၏ ကြွယ်ဝသော နိုင်ငံများဖြစ်သည့် တူနီးရှား နှင့် အီဂျစ်နိုင်ငံများမှ အာဏာပိုင်များသည် Blogger များကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေကြောင်း ဆီမွန်က ထောက်ပြခဲ့သည်။

နိုင်ငံ အားလုံးတို့အနက် ပုံနှိပ်နှင့် ထုတ်လွှင့်ရေး မီဒီယာများအား စီစစ်မှုများ ပြုလုပ်ပြီး Blogger များကို ရာဇဝတ် သားများနှယ် ထောင်ချနေသည့် မြန်မာနိုင်ငံမှာ အဆိုးဆုံး နံပါတ်(၁) နေရာတွင် ချိတ်နေသည်။ မြန်မာနိုင်ငံတွင် အင်တာနက် ချိတ်ဆက်မှု နှေးကွေးခြင်း၊ အစိုးရ၏ ဖိနှိပ်ခြင်းများကြောင့် အင်တာနက် အသုံးပြုမှုသည် စုစုပေါင်း လူဦးရေ၏ (၁)ရာခိုင်နှုန်း အောက်တွင်သာရှိပြီး Blogger အရေအတွက် မှာလည်း နည်းပါးလွန်း နေသေးကြောင်း CPJ က ဖော်ပြခဲ့သည်။

အနည်းဆုံး Blogger (၂)ဦးသည်လည်း အစိုးရ၏ မတရား ဖမ်းဆီးမှုကြောင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရပြီး ၎င်းတို့အနက် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒေသများ၏ အခြေအနေကို အမှန်အတိုင်း ဖော်ပြခဲ့သည့် Blogger တဦးဖြစ်သူ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ (မောင်သူရ) မှာ ထောင်ဒဏ် (၅၉)နှစ် ကျခံ ထားရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here