ချဲလ်ဆီး အမည်မူပိုင်ခွင့် ရောင်းချမည်ဟု ဆို

alt

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း ချဲလ်ဆီးသည် ၎င်းတို့၏ အိမ်ကွင်း စတမ်းဖို့ ဘရစ်ချ် အတွက် အမည် မူပိုင်ခွင့်ကို ရောင်းချမည်ဟု သိရသည်။

ချဲလ်ဆီး အသင်းပိုင်ရှင် ရိုမန် အက်ဗရာမိုဗစ် ကိုယ်တိုင်က အသင်း၏ ကွင်းအမည်ကို အခြားအမည်သို့ ပြောင်းလဲ မှည့်ခေါ်ရန် ကမ်းလှမ်းမှုများ ရှိလာပါက ပေါင်သန်း (၁၀၀)ဖြင့် လက်ခံသွားရန် သဘောတူညီ ထားသည်။

ချဲလ်ဆီး၏ CEO သစ် ဖြစ်လာသူ ရွန်ဂေါ်လေးက မိမိတို့သည် တစ်နှစ်လျှင် ပေါင် (၁၀)သန်းဖြင့် (၁၀)နှစ် ကြာအောင် ဘောလုံးကွင်း အမည်ကို ရောင်းချသွားရန် ရည်ရွယ်ထားကြောင်း အတည်ပြုခဲ့သည်။

သို့သော်လည်း အားကစားရုံသစ် အမည်တွင် စတမ်းဖို့ နှင့် ဘရစ်ချ်ဆိုသော စကားလုံးများ ဆက်လက် တွင်ကျန်နေရန် ညှိနှိုင်း သွားမည်ဟုလည်း ဂေါ်လေး ကဆိုသည်။ ယခု အဆိုပြုမှုသည် ပရိသတ်များ အတွက် အလွန် အာရုံစိုက်မည့် ကိစ္စတခု ဆိုသည်ကို နားလည်ကြောင်း၊ ထို့ကြောင့်လည်း ပရိသတ်များ မြတ်နိုး တန်ဖိုးထားသည့် စတမ်းဖို့ ဘရစ်ချ် ဆိုသော အမည်ကို မပျောက်သွားအောင် ထိန်းသိမ်းနိုင်ရေး ကြံစည်နေကြောင်း ဂေါ်လေးက ပြောကြားသွားခဲ့သည်။

ချဲလ်ဆီး ကဲ့သို့ပင် ယမန်နှစ်က တန်းဆင်းသွားသည့် နယူးကာဆယ် ယူနိုက်တက် အသင်းသည်လည်း ၎င်းတို့၏ စိန့်ဂျိမ်းပက် ကွင်းကို အမည်ရောင်းချရန် ကြံစည်နေသူ ဖြစ်သည်။ ချဲလ်ဆီးသည် အားကစားကွင်း အမည် ရောင်းချရာမှ ရရှိလာသည့် Sponsor ငွေကြေးဖြင့် မဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နှင့် အာဆင်နယ်တို့ကို အသာစီးယူရန် ကြံစည်လျှက် ရှိနေသည်။

ချဲလ်ဆီး အသင်းပိုင် စတမ်းဖို့ဘရစ်ချ် သည် ပရိသတ်ဦးရေ (၄၂၀၀၀)သာ ဆန့်ပြီး အာဆင်နယ်၏ အမ်းမရိတ် ကွင်းက ပရိသတ် (၆၀၀၀၀) နှင့် ယူနိုက်တက် ၏ အိုးထရက်ဖို့တ် ကွင်းက ပရိသတ် (၇၆၀၀၀) အထိ အသီးသီး ၀င်ဆံ့ကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here