ဆွီဒင်နိုင်ငံ တဝှမ်းလုံးတွင် မြန်နှုန်း အလွန်မြင့် အင်တာနက် သုံးစွဲနိုင်မည်ဟု အစိုးရ ကတိပြု

alt

၂၀၂၀ ခုနှစ်တွင် ဆွီဒင်နိုင်ငံရှိ နေအိမ်များ အားလုံးလိုလို မြန်နှုန်း အလွန်မြင့်သည့် အင်တာနက် ကွန်ယက် ချိတ်ဆက်မှုများ ပြုလုပ်ပြီး ဖြစ်နေ စေမည်ဟု အစိုးရက ကတိပြု ပြောဆိုလိုက်သည်။

ဆွီဒင်၏ အခြေခံ အဆောက်အအုံ ၀န်ကြီး ဖြစ်သူ အဆာ တော်စတင်ဆန် က အင်တာနက် ၀န်ဆောင်မှု တိုးမြှင့် ပေးခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ကဏ္ဍများတွင် များစွာ အကျိုးသက်ရောက်မှု ရှိစေမည်ဟု မျှော်လင့်ကြောင်း ပြောဆို သွားခဲ့သည်။

၀န်ကြီးက ဆွီဒင်ရှိ နေအိမ်အားလုံး၏ (၉၀) ရာခိုင်နှုန်းသည် (၂၀၂၀) ခုနှစ်တွင် တစက္ကန့် (၁၀၀) မဂ္ဂါဘိုက် အထိ မြန်နှုန်းရှိသော အင်တာနက် စံနစ်ကို အသုံးပြုနိုင်မည်ဟု ဆိုသည်။ လက်ရှိ အချိန်တွင် ဆွီဒင်နိုင်ငံ၏ အနိမ့်ဆုံး အင်တာနက် ချိတ်ဆက်မှုမှာ တစက္ကန့်မြန်နှုန်း (၂၀)ကီလိုဘိုက် အထိ ရှိနေကြောင်း သိရှိရသည်။

မိမိတို့ အနေနှင့် ယနေ့ ခေတ်ကာလ၏ တောင်းဆိုမှုကြောင့် သတင်း အချက်အလက်များ ရရှိရန် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အင်တာနက် ၀န်ဆောင်မှု အမြန်နှုန်း မြင့်မားစွာ လိုအပ်လာပြီ ဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။ ထို့အပြင် လူမှုဆက်ဆံရေး နယ်ပယ်တွင်လည်း အင်တာနက်က အရေးပါလာကြောင်း၊ တိုင်းပြည်၏ ထုတ်ကုန်နှင့် သွင်းကုန် ကဏ္ဍများ တွင်လည်း အင်တာနက်က များစွာ ပံ့ပိုးပေးနိုင်မည်ဟု ၀န်ကြီးက ဆိုသည်။

ဆွီဒင် အစိုးရသည် မြန်နှုန်းမြင့် အင်တာနက် စံနစ်ကို တနိုင်ငံလုံးတွင် အပြီးသတ် တပ်ဆင်ရန် (၂၀၂၀) ခုနှစ်အထိ အချိန်ယူ ရနိုင်ကြောင်း ခန့်မှန်းထားပြီး (၂၀၁၅) ခုနှစ်တွင် တနိုင်ငံလုံးရှိ အင်တာနက် အသုံးပြုသူ (၄၀) ရာခိုင်နှုန်း အထိ ယင်းစံနစ်ကို အသုံးပြု နေနိုင်ဖွယ်ရှိကြောင်း သုံးသပ် ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here