အင်္ဂလန်ဘောလုံး လောကသို့ ရှက်ချင်ကို ပြန်လည် ရောက်လာဖွယ်ရှိ

alt

အန်ဒရီ ရှက်ချင်ကို တယောက် အင်္ဂလန် ဘောလုံး လောကသို့ တကျော့ပြန် ရောက်ရှိ လာဖွယ် ရှိကြောင်း လန်ဒန်မှ လာသော သတင်း များက ဆိုသည်။

ဘာမင်ဂမ် အသင်း ပိုင်ရှင်သစ် ကာဆင်ယန်းသည် ချဲလ်ဆီး အသင်း၏ ဈေးအကြီးဆုံး ပေးကာ ၀ယ်ယူ ထားခြင်း ခံရဖူးသည့် ယူကရိန်း လက်ရွေးစင် ဟောင်း တိုက်စစ်မှူးအား ခေါ်ယူရန် ဆန္ဒပြင်းပြ နေသည်။

ရှက်ချင်ကို သည် ယခုနှစ် နွေရာသီကမှ ချဲလ်ဆီးကို စွန့်ခွာကာ ယူကရိန်းကလပ် ဒိုင်နမိုကီးယက်ဗ် သို့ ပြောင်းရွှေ့ သွားခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းကိုယ်တိုင် အင်္ဂလန်မြေသို့ ပြန်လာလိုသည့် ဆန္ဒ ပြင်းပြနေရာ ဒိုင်နမိုအသင်း တာဝန်ရှိသူ များက ကစားသမားကို တားဆီးရန် ခဲယဉ်းကြောင်း ၀န်ခံထားကြပြီ ဖြစ်သည်။

အေစီမီလန် နှင့်အတူ အအောင်မြင်ဆုံး ကာလများကို ဖြတ်သန်းခဲ့ဖူးသည့် ရှက်ချင်ကို သည် ယခုအခါ အသက်(၃၃)နှစ် ရှိပြီဖြစ်ပြီး ချဲလ်ဆီးတွင် ကစားနေစဉ် ပုံမှန်ခြေစွမ်း မပြနိုင်ဘဲ ရုန်းကန်ခဲ့ရသည်။ ထို့ကြောင့်လည်း ၎င်းသည် အင်္ဂလန်တွင် အောင်မြင်သော ကစားသမား တဦးအဖြစ် ရပ်တည်နိုင်ကြောင်း ၎င်း၏ ဘောလုံးသမားဘဝ ဆုံးခန်းတိုင်ရန် နီးကပ်လာချိန်တွင် အလွန် ဆန္ဒပြင်းပြလျှက် ရှိသည်။

ဒိုင်နမို အသင်းသည် ရှက်ချင်ကိုအား လက်လွှတ် မခံလိုကြောင်း ၀န်ခံထားသော်လည်း ဘာမင်ဂမ် ကမူ ဇန်နဝါရီလ အပြောင်းအရွှေ့ ကာလအတွင်း ရှက်ချင်ကို အား အရ ခေါ်ယူနိုင်ရန် ယုံကြည်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here