အမေရိကန် ဗိုလ်မှူးတဦး၏ အစုလိုက်အပြံုလိုက် ပစ်ခတ် သတ်ဖြတ်မှု

alt

စိတ်ဖောက်ပြန် သွားသည်ဟု ယူဆ ရပြီး မိမိ၏ တပ်သားများကို ပြန်လည် ပစ်ခတ် သတ်ဖြတ်ခဲ့သည့် အမေရိကန် ကြည်းတပ်မှ ဗိုလ်မှူး ဆရာဝန် တဦးအား စစ်တပ်က ပစ်ခတ် ဖမ်းဆီး

လိုက်ရကြောင်း သိရှိရသည်။

နိုဝင်ဘာ (၅)ရက် နေ့က အမေရိကန် ပြည်ထောင်စု တက္ကဆတ် ပြည်နယ်ရှိ စစ်အခြေစိုက် စခန်းတခု ဖြစ်သော Fort Hood တွင် ဗိုလ်မှူးတဦး လည်းဖြစ်၊ စိတ်ရောဂါကု ဆရာဝန် တဦးလည်း ဖြစ်သည့် နီဒယ် မာလစ် ဟာဆန် က ဆေးကုသဆောင် အပြင်ဘက်ရှိ စစ်သားများကို သေနတ် နှစ်လက်ဖြင့် ကောင်ဘွိုင်များပုံစံ လိုက်လံ ပစ်ခတ်ခဲ့ရာ (၁၃)ဦး သေဆုံးပြီး (၄၃)ဦး ဒဏ်ရာ အပြင်းအထန် ရရှိ သွားကြသည်။

ထို စစ်စခန်းတွင် သာမန်အားဖြင့် စစ်သားများသည် လေ့ကျင့်ခန်း ဆင်းနေချိန်၌ပင် လက်နက် ကိုင်ဆောင်လေ့ မရှိကြရာ ၎င်းဗိုလ်မှူး ရမ်းကား ပစ်ခတ်နေခြင်းကို ရုတ်တရက် မတားဆီး လိုက်နိုင်ပေဟု အခြေစိုက် စခန်းမှ ဆိုသည်။

နောက်ပိုင်းတွင် လုံခြံုရေး တပ်ဖွဲ့များက ဟာဆန်အား ပစ်ခတ် ပြီးနောက် အရှင်ဖမ်းမိ သွားခဲ့သည်။ ၎င်းသည် ယခုအခါ တက္ကဆတ် ဆေးရုံတွင် လုံခြံုရေး တင်းကြပ်စွာဖြင့် ဆေးကုသမှု ခံယူနေရသည်။ ယခုဖြစ်ရပ်သည် အမေရိကန် မြေပေါ်ရှိ စစ်အခြေစိုက် စခန်းတခု အတွင်း မူဆလင် ဘာသာဝင် အမေရိကန် စစ်အရာရှိတဦးက အမေရိကန် စစ်သားများကို သတ်ဖြတ်ခဲ့မှု ဖြစ်နေသောကြောင့် တနိုင်ငံလုံး ခြောက်ခြား သွားခဲ့ရသည်။

သမ္မတကြီး ဘာရက် အိုဘားမား ကိုယ်တိုင် ယင်း သတင်းကြောင့် အကြီးအကျယ် တုန်လှုပ်မိကြောင်း ၀န်ခံခဲ့ပြီး တာဝန်ရှိသူ များအား စုံစမ်းမှုများ အင်တိုက်အားတိုက် ပြုလုပ်ပေးပါရန် ပန်ကြားလိုက်သည်။ ဟာဆန်သည် မကြာမီ အချိန်အတွင်း အီရတ် နှင့် အာဖဂန်နစ္စတန် နိုင်ငံ တခုခုသို့ သွားရောက် စစ်မှုထမ်း ရတော့မည် ဖြစ်ပြီး မည်သည့်ဒေသသို့ သွားရောက်ရမည်ကို တိတိကျကျ ကြေညာချက် ထုတ်ပြန်ခြင်း မပြုသေးမီ ယခုလုပ်ရပ်ကို ကျူးလွန်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်မှူး ဟာဆန်မှာ မူဆလင်ဘာသာ သက်ဝင်ယုံကြည်သူ ဖြစ်နေခြင်းနှင့် လွန်ခဲ့သော ၆လခန့်က အင်တာနက်တွင် suicide bomber အကြောင်း ဆောင်းပါး ရေးတင်ဖူးသည်ဟု ဥပဒေရေးရာ ဋ္ဌာန၏ တွေ့ရှိချက်မှာ အမေရိကန် ကာကွယ်ရေး ဋ္ဌာနအဖို့ စဉ်စားစရာ မေးခွန်းများ ဖြစ်လာကြရသည်ဟု ဆိုသည်။

စစ်ဖက် တာဝန်ရှိသူ တဦးက ယခုအခါ ဖြစ်စဉ် အသေးစိတ်ကို မပြောနိုင်သေးသော်လည်း ၎င်းသည် ပြည်ပတွင် စစ်မှုထမ်း ရမည်ကို မလိုလားသဖြင့် စိတ်ဖိစီးမှု များပြားလာပြီး မလျှော်ကန်သည့် ထွက်ပေါက်ကို ပေးလိုက်မိခြင်း ဖြစ်နိုင်ကြောင်း ယာယီသုံးသပ် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here