ကလေးများ ဘာကြောင့် ငိုသည်ဆိုခြင်းကို iPhone ဖြင့် သိနိုင်မည်

alt

Apple ၏ ကမာ္ဘကျော် မိုဘိုင်းဖုန်း အမျိုးအစား iPhone တွင် အသုံးပြု နိုင်တော့မည့် Application အသစ် တမျိုးသည် ကလေးငယ်များ မည်သည့် အကြောင်းကြောင့် ငိုကြွေးသည်ကို မိဘများ အား (၁၀)စက္ကန့် အတွင်း

အသိပေး နိုင်တော့မည်ဟု သိရှိရသည်။

ဘာစီလိုနာ အခြေစိုက် ကုမ္မဏီ တခုက မိဘများ အကြိုက်တွေ့ စေမည့် ယင်း Application ကို ယခု သီတင်းပါတ်တွင် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ မိဘများ အနေနှင့် ကလေးငယ်၏ စိတ်ထဲတွင် မည်သည့် ကိစ္စကို အလိုမကျ ဖြစ်နေသဖြင့် ငိုကြွေးကြောင်းကို ယင်း Application က ချက်ချင်း အဖြေထုတ် ပေးမည်ဟု ဆိုသည်။

ယခု Application ကို Cry Translator ဟု အမည်ပေးထားပြီး အမေရိကန် ရုပ်မြင်သံကြား အစီအစဉ် တခုတွင် မိတ်ဆက်ပြသ ခဲ့ကြောင်း သိရှိရသည်။ Application ကို တီထွင်ခဲ့သည့် ပညာရှင် နှစ်ဦးဖြစ်သော ပီဒရိုဘာရီယာ နှင့် လူးဝစ်မီကာ တို့ နှစ်ဦးက ကလေးများ၏ စိတ် အခြေအနေသည် ဆာလောင်ခြင်း၊ ပင်ပန်းခြင်း၊ စိတ်ဆိုးခြင်း၊ ဖိစီးခြင်း နှင့် ပျင်းရိခြင်း စသော အခြေအနေ (၅)ခု ကြောင့်သာ ငိုကြွေးတတ်သည်ကို ဖော်ထုတ် နိုင်ခဲ့ကြောင်း၊ ထိုအချက်များကို အခြေခံကာ နည်းပညာသစ် တရပ်ဖြင့် ယခု Application ကို တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

၎င်းတို့က ကလေးငယ်၏ ငိုကြွေးမှုကို Application က ထောက်လှမ်း သိရှိပြီးနောက် (၁၀)စက္ကန့် ကြာချိန်တွင် အကြောင်းရင်း မှန်ကို ဖော်ထုတ်ပေးမည်ဟု အာမခံပြီး တိကျမှုမှာ (၉၆) ရာခိုင်နှုန်း အထိ ရှိစေရမည်ဟု ပြောဆိုသွားခဲ့သည်။ ကုမ္မဏီ၏ ၀ဘ်ဆိုဒ်တွင် ကလေးအမေ တဦးက ယခု Application ကို ကြိုဆိုသော်လည်း မိမိ၏ကလေး ဖျားနေသည်ကိုပါ သိရှိနိုင်ရန် ဆောင်ရွက် ပေးစေလိုကြောင်း အကြံပြု ရေးသားခဲ့သည်။

စပိန်ရှိ ဆေးရုံတခုတွင် ကလေးငယ် (၁၀၄)ဦး အား ယခု Application ဖြင့် စမ်းသပ်ခဲ့ရာ မှန်ကန် တိကျမှု (၉၆) ရာခိုင်နှုန်း ရှိကြောင်း ထောက်ခံမှုလည်း ရရှိထားပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here