လေယာဉ်ဆင်းစဉ် ဂီယာ မထိုးမိသဖြင့် ဩဇီ ပိုင်းလော့နှစ်ဦး ရာထူးချခံရ

alt

လေယာဉ် ဆင်းချိန်တွင် အဆင်း ဂီယာထိုးရန် မေ့နေသည့် ပိုင်းလော့ နှစ်ဦးအား ရာထူး ချထားလိုက်ကြောင်း ဩစတြေးလျပိုင် Qantas လေကြောင်း လိုင်းက ကြေညာလိုက်သည်။

၎င်းတို့သည် မြေပြင်အမြင့် ပေ(၇၀၀) သို့ ရောက်ရှိ လာချိန်အထိ လေယာဉ် အဆင်းဂီယာ မထိုးသဖြင့် အရေးပေါ် အချက်ပေး စံနစ်က အလိုအလျောက် ပိုင်းလော့ များအား အချက်ပေး ခဲ့ရသည်။

သာမန်အားဖြင့် လေယာဉ်များသည် အမြင့်ပေ (၁၅၀၀) မှ (၂၀၀၀) အတွင်း အဆင်းဂီယာ ထိုးရလေ့ ရှိသည်။ ဘိုးအင်း (၇၄၇) အမျိုးအစား လေယာဉ်အတွင်း နိုဝင်ဘာ (၂)ရက် နေ့က အချက်ပေးသံ မြည်ဟည်းမှုကြောင့် ခရီးသည်များ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားသလို ပိုင်းလော့ များသည်လည်း ထိုအချိန်ကျမှ သတိရပြီး လေယာဉ်ကို လေထဲသို့ ပျံတက်ကာ ခေတ္တမျှ ၀ဲပျံပြီးနောက် သတ်မှတ်အမြင့်မှ ဂီယာထိုး ပြန်ဆင်းခဲ့ရသည်။

ထိုဖြစ်ရပ်ကြောင့် လေကြောင်း သွားလာမှု အလွန် ရှုပ်ထွေးသည့် ဆစ်ဒနီ လေဆိပ်တွင် ခရီးစဉ် သတ်မှတ်မှုများ အလွဲလွဲ အချော်ချော် ဖြစ်ကုန်ကြရသည်ဟု ဆိုသည်။ လေယာဉ်သည် ချောမွေ့လုံခြံုစွာ ဆင်းသက် နိုင်ခဲ့သော်လည်း Qantas တာဝန်ရှိသူ များက ပိုင်းလော့နှစ်ဦးအား တာဝန်ပိုင်းဆိုင်ရာ ပေါ့လျော့မှုဖြင့် ရာထူးမှ ချထားပြီး ယခုလုပ်ရပ်သည် အလွန်ဆိုးရွားသော အခြေအနေ များသို့ ဦးတည် သွားစေနိုင်ကြောင်း ကြေညာခဲ့သည်။

ထို ကိစ္စမျိုးသည် ဖြစ်ခဲလှသော်လည်း အမှန်တကယ် ဖြစ်သွားသဖြင့် အံ့ဩကြောင်း Qantas မှ ထုတ်ပြန်သော ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ လေယာဉ်ပေါ်တွင် ခရီးသည် (၂၀၀) ပါရှိသော်လည်း တစုံတရာ ထိခိုက်မှုမရှိဟု ဩဇီပိုင် Qantas  လေကြောင်းလိုင်းက ကြေညာသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here