မန်ယူခံစစ်မှူး ဖာဒီနန် ဖိအားများနှင့် ရင်ဆိုင်နေရပြီ

alt

ယခုတလော ဖိအားများ ဒဏ်ကို အကြီးအကျယ် ရင်ဆိုင်နေခဲ့ ရသည့် မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ရီယိုဖာဒီနန် အတွက် တပူပေါ် နှစ်ပူ ဆင့်စေမည့် အခြေအနေဆိုး နှင့် ကြံုခဲ့ရပြီ ဖြစ်သည်။

ယခင် အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဂရေဟမ် တေလာက မိမိသည် လက်ရှိ အင်္ဂလန် အဓိက ခံစစ်မှူး၏ ထိပ်ဆုံးအဆင့် ခြေစွမ်းကို ပြန်မြင်ရမည်ဟု မယုံကြည် ရကြောင်း ဝေဖန်လိုက်ရာ ဖာဒီနန် အတွက် ပိုမိုဖိအား တိုးသွားခဲ့ပြီ ဖြစ်သည်။

အင်္ဂလန်နည်းပြ ဖေဘီယို ကာပယ်လို ၏ အဓိက ကစားသမား အဖြစ် သတ်မှတ် ခံထားရသည့် အသက် (၃၁)နှစ် အရွယ် ဗဟို ခံစစ်မှူးသည် အောက်တိုဘာ (၃၁)ရက် နေ့က မန်ချက်စတာ ယူနိုက်တက် သည် ဘလက်ဘန်းရိုဗာ အား (၂-၀)ဖြင့် နိုင်သော ပွဲစဉ်တွင် ပါ၀င်ခွင့် မရရှိခဲ့ပေ။

ဖာဒီနန်သည် မန်ချက်စတာစီးတီး၊ လီဗာပူး စသည့် မဟာပြိုင်ဘက် အသင်းများနှင့် တွေ့ဆုံချိန်တွင် အလွန်ဆိုးရွားသော အခြေခံ အမှားများကို ကျူးလွန်ကာ ယူနိုက်တက်အား အခက်အခဲများနှင့် ကြံုစေခဲ့ရသည်။ ထို့အတူ အင်္ဂလန်နှင့် ယူကရိန်းတို့ တွေ့ဆုံသည့် ကမာ္ဘ့ဖလား ခြေစစ်ပွဲတွင်လည်း မပေးသင့်သော ဘောလုံးအား ဂိုးသမားထံ ပြန်ပေးရာမှ ဂိုးသမား ရောဘတ်ဂရင်းမှာ အနီကတ်ဖြင့် အထုတ် ခံခဲ့ရသည်။

တေလာက ဖာဒီနန်သည် အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ကြောင်း၊ သို့သော်လည်း ယင်း အနေအထားသည် ယခု လက်ရှိတွင် အကျံုးမဝင် တော့ကြောင်း BBC နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် သုံးသပ်ခဲ့သည်။ ဖာဒီနန်သည် Halloween Day တွင် အသက်(၃၁)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး ယခုလမှ စကာ အောက်တိုဘာလ အတွင်း ကြံုခဲ့ရသည့် အိပ်မက်ဆိုးများမှ ရုန်းထွက်ကာ ကမာ္ဘ့ အကောင်းဆုံး ခံစစ်မှူး ဆိုသော ဂုဏ်ပုဒ်ကို ပြန်လည် အဖတ်ဆည်ရန် ကြံစည်လျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here