မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး အမျိုးမျိုး

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ကမာ္ဘ့နိုင်ငံရေး သမိုင်းမှာ နိုင်ငံရေး အမျိုးမျိုးရှိသည်။ အရင်းရှင်၊ ကိုလိုနီနယ်ချဲ့ ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် .. စသဖြင့်။ နိုင်ငံရေးဝါဒ အမည်နာမများ သတ်မှတ်ခဲ့ကြသည်။ မြန်မာ့ နိုင်ငံရေးမှာလည်း နိုင်ငံရေးအမျိုးမျိုး ရှိကြသည်။

ထိုအကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့ဖူးတာလည်း ရှိသည်။

ဟုမ္မရူး၊ အင်ဒီပင်းဒင့်၊ ဘုံဝါဒ၊ ၀ံသာနု စသဖြင့် မီးခိုးမဆုံး မိုးမဆုံး နိုင်ငံရေး အယူအဆတွေ။ ကျေးလက်တောရွာ တွေရဲ့ နိုင်ငံရေး ကြပြန်တော့ တဘောင်တွေ၊ မင်းလောင်းတွေ၊ မှော်ဆရာတွေ၊ ဘုရားလက်သစ် တွေနဲ့ သူတို့နိုင်ငံရေးက လုံးလိုက်ပြားလိုက် ဖြစ်နေတာတွေ။ လူငယ်လူရွယ် စိတ်မြန်လက်မြန်တွေ ကြပြန်တော့ အိုင်ယာလန်က နည်းတွေနဲ့ လွမ်းသူလွမ်း ဆွေးသူဆွေး ဖြစ်နေရတာတွေ။ ဦးသိန်းမောင်ကြီးက ကုသိုလ် တပဲ ငရဲတပိဿာမို့ နိုင်ငံရေး မလုပ်တော့တဲ့ အကြောင်းတွေ။ ဦးဘဘေကြီးက နိုင်ငံရေးဆိုတာ အင်မတန် ညစ်ပတ်တဲ့ အလုပ်ဟု ဆိုခဲ့တာတွေ။ ဦးစောက ၀ါးရင်းတုတ်နဲ့ လူမိုက်အားကိုး စခန်းသွားနေခဲ့ တာတွေ။ ဒေါက်တာဘမော်က ဟစ်တလာတို့ စတာလင်တို့ကို အားကျနေတာတွေ စသဖြင့် စသဖြင့် ထိုခေတ် ထိုကာလ မြန်မာ့နိုင်ငံရေး အခြေအနေကို ဗိုလ်ချုပ်အောင်ဆန်းက “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးဖြင့် သုံးသပ် တင်ပြခဲ့ဖူးသည်။

မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး သမိုင်းမှာလည်း နိုင်ငံရေးက အမျိုးမျိုး။ ထွေပြားစုံလင်သည်။ ပြည်တွင်းမှာတမျိုး၊ ပြည်ပမှာ တဖုံ အမျိုးစုံအောင် အယူအဆတွေ ပလူပျံနေသည့် ခေတ်အခြေအနေ ဖြစ်သည်။ သုံးသပ်ကြည့်ဖို့ လိုမည်ထင်ပါသည်။ အထူးသဖြင့် ပြည်တွင်း နိုင်ငံရေးအမျိုးမျိုးကို သုံးသပ်ကြည့်ချင်သည်။

၁) ငါး၊ ပုဇွန်နိုင်ငံရေး နှင့် ပါရာဒိုင်း နေကြသူများ

တချို့က စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အရင်လုပ်ဖို့ ဇောင်းပေးသည်။ နိုင်ငံရေး(စံနစ်)က အဓိက မဟုတ်၊ စီးပွားရေးသာ အဓိက၊ စီးပွားရေး တိုးတက် လာတာနဲ့အမျှ နိုင်ငံရေး စံနစ်မှာလည်း….…။ မစားရ ၀ခမန်းတွေ လူနားမလည်နိုင်သည့် စကားလုံးတွေနဲ့ ထိုသို့ ရေးကြ ပြောကြသည်။ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်၊ ကိုရီးယားတွေနဲ့ နှိုင်းယှဉ် ပြသကြသည်။ အာရှကျားတွေ နဂါးတွေကို အားကျကြသည်။ ဤလူစုက မြန်မာ့နိုင်ငံရေး အမျိုးမျိုးမှာ တဒေါင့် တနေရာက ပါ၀င်ကပြနေသည့် အစုဖြစ်သည်။

သူတို့ နိုင်ငံရေးက တမျိုး။ ပါတီမထောင်၊ စည်းရုံးရေး မဆင်း၊ ရန်ပုံငွေ မရှာ။ နိုင်ငံရေး လုပ်နေပါတယ်လို့ မကြွေးကြော်။ စီးပွားရေး စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အဖြစ်နဲ့သာ လှုပ်ရှား လုပ်ဆောင်ကြသည်။ တကယ်လည်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်ကြပါသည်။ ထို့ကြောင့် ဇာတိ သဘောအရ လာရာရော လားရာပါ ခန့်မှန်းနိုင်သည်။ ထိုသူများအတွက် နိုင်ငံရေးမလို .. စံနစ်မလို .. ကုန်သွယ်ရေး မူပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေသာ လိုသည်။ အစိုးရမလို..လက်ရှိ အုပ်ချုပ်သူသာ လိုသည်။ အုပ်ချုပ်သူနှင့် အဆင်ပြေပြေ ပေါင်းသင်း ဆက်ဆံမည်။ ရသမျှ အခွင့်အရေး အကုန်ယူမည်။

သို့သော် တခါတရံ နိုင်ငံရေး အလှည့်အပြောင်း အချိုးအကွေ့များတွင် ထိုသူများ ပါ၀င် လာတတ်သည်။ ဥပမာ..ရွေးကောက်ပွဲမှာ ပါတီတခုခုကို ငွေကြေး အထောက်အပံ့ ပြုပေးတာမျိုး။ သို့မဟုတ် ကိုယ်တိုင် အမတ်လောင်းအဖြစ် ၀င်ရောက် အရွေးခံတာမျိုး။ ဘယ်ကွေ့မှာ ဘယ်တက်နဲ့ လှော်မယ်ဆိုတာ သူတို့တွေက တွက်ချက်ပြီးသား။ ထိုအစုက နိုင်ငံရေးကို ဈေးတွက်တွက်ပြီး ဆောင်ရွက်ချင်တဲ့ အစု။ ထိုအစုမှာက လူထု အခြေပြုတဲ့ လမ်းစဉ်မရှိ၊ လုပ်ငန်းမရှိ။ သူတို့မှာ လုပ်ဟန်သာရှိသည်။ ညစာစားပွဲ လုပ်မည်။ နှီးနှောဖလှယ်ပွဲ လုပ်မည်။ ကုန်စည်ပြပွဲ လုပ်မည်။ ဟောပြောပွဲတွေ လုပ်မည်။ ခေတ်ပေါ် စာနယ်ဇင်း လောကထဲက နာမည်ရ နေသူတွေကို အလှည့်ကျ ဖိတ်ကြားပြီး ဟောပြောပွဲတွေ လုပ်မည်။ ဂျာနယ်သတင်းထောက်တွေကို ဖိတ်ကြားမည်၊ ဂျာနယ်ထဲ ဖော်ပြခိုင်းမည်။ သူတို့ နိုင်ငံရေးကား… မှန်ကူကွက် တွေ၊ ပါရာဒိုင်း တွေ၊ ဈေးကွက် လိုအပ်ချက်၊ ပူစီဘောင်း စီးပွားရေး၊ အမေရိကန် ဒေါ်လာ အလားအလာ၊ ကမာ္ဘ့ငွေကြေး အကြပ်အတည်း၊ နီယိုကွန်၊ ဘုရင့်နောင်ကုန်စည်ဒိုင် ….. စသည် စသည်။

မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးမှာ space တခု ရထားသည့် နိုင်ငံရေးတမျိုး ဖြစ်သည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နဲ့ ပုဇွန် လုပ်ငန်းရှင်များ အသင်း ဘာအသင်း၊ ညာအသင်းတွေရဲ့ ဟောပြောပွဲတွေမှာ အာဘောင်အာရင်း သန်နိုင််ကြသည်။ ဟောနိုင် ပြောနိုင်ကြသည်။ ဂျာနယ်တွေမှာ ပါရာဒိုင်း ခွင့်ရကြသည်။ ထိုအစုကို ငါး၊ ပုဇွန်နိုင်ငံရေး အဖြစ်သတ်မှတ် လိုက်မည်။ မှတ်သားရ လွယ်ကူအောင် နေရာဒေသ အစွဲပြုပြီး သတ်မှတ်ခြင်းသာ ဖြစ်သည်။ သာစေ နာစေလို့တဲ့ သဘော လုံးဝမရှိ။

၂) ခြင်ဖမ်း၊ ကြွက်သတ် နိုင်ငံရေး နှင့် ခပ််ပြတ်ပြတ် နှိမ်နှင်းမယ် ဆိုတဲ့လူ

နောက်ထပ် နိုင်ငံရေးတမျိုးလည်း ရှိသေးသည်။ သူတို့နိုင်ငံရေးက တမျိုး။ နိုင်ငံရေးကို ဈေးအသက်သာဆုံး ဖြစ်အောင်လုပ်မည်။ မိတ္တူ ကိုတောင် အကြွေး နဲ့ ကူးနေပါသည်တဲ့။ အင်တာနက် အသုံးပြုမည်။ အလကားရတဲ့ ဘလော့တွေ လုပ်မည်။ ကွန်ယက်တွေ တည်ဆောက်မည်။၂၀၁၀ ရွေးကောက်ပွဲကို တသီးပုဂ္ဂလ အနေနဲ့ဝင်မည်။ အစပိုင်းမှာ ဒီလိုကြွေးကြော် ခဲ့ကြသည်။ တတိယ အုပ်စုလိုလို။ အလယ်အလတ် အစု လိုလို။ နောက်တော့လည်း ဒုံရင်း ဒုံရင်း။

သူတို့ လုပ်ဟန်က တသီးပုဂ္ဂလ လုပ်ဟန်။ ကြိုက်တဲ့အဖွဲ့အစည်း ကြိုက်တဲ့ နေရာကလာခဲ့ တဦးချင်းအနေနဲ့ လက်ခံမည်။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်အရွေးခံမည်။ ၂၀၁၀ကို လက်ခံသူတွေ ပါတီထောင်ဖို့ မလို။ သူတို့နဲ့ လာရောက် လက်တွဲလိုက်။ တသီးပုဂ္ဂလ ကွန်ယက်မှာ ၀င်ရောက်လုပ်ကိုင်။ တော်လှန်ရေး သမားတွေ မလုပ်ရဲတဲ့ အလုပ်တွေကို သူတို့လုပ်ကြမည်။ တော်လှန်ရေးသမား တွေကို အဘတို့ဟု ကင်ပွန်းတပ်သည်။ အင်္ဂလိပ်စာ above ကို မြန်မာမှုပြုပြီး အဘ လုပ်ထားတာ ဖြစ်သည်။ အဘတို့ မလုပ်ရဲတဲ့ အလုပ်တွေ သူတို့လုပ်မည်တဲ့ ကြေညာထားသည်။

သူတို့ နိုင်ငံရေးက ပါတီမထောင်။ ရုံးခန်းမဖွင့်။ သို့သော် စည်းရုံးလှုပ်ရှားမှု ရှိသည်။ သူတို့သည်လည်း ခေသူတွေ မဟုတ်။ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးမှာ space တခု ရထားသူများ ဖြစ်သည်။ နယ်တွေမှာ လှည့်ပြီး စည်းရုံးနိုင်သည်။ ဘယ်သူမှ လာ မနှောက်ယှက်။ အင်တာနက် ပေါ်မှာ ရေးနိုင်သည်။ ဘယ်သူမှ လာမဖမ်း၊ လာမ ဘမ်း (Ban) ပါ။

သူတို့က နိုင်ငံရေးကို ပရောဒတ် (ထုတ်ကုန်) တခုလို သဘောထားသည်။ ဒီနေ့ဘာ ပရောဒတ် ထုတ်ပြီးပြီလဲ။ အဲဒီပေတံနဲ့ တိုင်းတာမှု ပြုကြသည်။ သူတို့ပြောတဲ့ ပရောဒတ် ဆိုတာ ရောက်ချင်ရာ ရောက်၊ ရေးချင်ရာ ရေးထားတဲ့ စာတို စာရှည်တွေ။ ဒါတွေကို ပရောဒတ် အဖြစ် သူတို့နိုင်ငံရေးက သတ်မှတ်သည်။ သူတို့ ပရောဒတ်တွေကို ဖတ်ကြည့်တော့့ တွေးတောစရာ တွေက တပုံတပင်။ နောက်တော့လည်း ဘာမှမဟုတ်။ ကျွတ်မုန်းဝင် ဖြစ်နေသည်။ ကျွတ်မုန်းဝင် မှာ စိတ်မနှံ့သူ အရူးတယောက်က နံရံ ပေါ်တွင် ရေးမှတ်ထားသည်ကို ဖတ်မိသူများက သို့လော သို့လော အနက် အမျိုးမျိုး ဖွင့်ဆိုကြသည်။ ထို့အတူပင် ပရောဒတ် များ ကို ဖတ်မိသူများ အဖို့ သို့လောသို့လော ထင်စရာရှိသည်။ တကယ်တန်း ကျတော့ ဘာမှမဟုတ်။ သီတင်းကျွတ်လို့ တန်ဆောင်မုန်း ၀င်ရင် မုန့်ဟင်းခါး စားရချည်သေးကို အရူးက ကျွတ်မုန်းဝင် ဟု အတိုကောက် ရေးမှတ်ထားတာ ဖြစ်နေသည်။ (စကားချပ်။ ။ ဤနိုင်ငံံရေးအား နောက် စာမျက်နှာများတွင် ကျွတ်မုန်းဝင် အဖြစ် အတိုကောက် ခေါ်ဝေါ်သုံးစွဲ သွားပါမည်။) အောက်မှာ ကျွတ်မုန်းဝင် တို့၏ နိုင်ငံရေး ပရောဒတ်များ ကို ထပ်ဆင့်ကူးယူ ဖော်ပြလိုက်ပါသည်။ (နေမျိုးဝေ – ရေးထားသည့် ပရောဒတ်များ ဖြစ်ပါသည်)

ဒေါ်လာ ပေါက်ဈေး ၆ ကျပ် ဆိုတာကို ပြင်ဆင်ပြောင်းလဲမှု လုပ်ရမည်။

ဈေးအပေါဆုံး အလွယ်ကူဆုံး ထောက်လှမ်းရေး ကရိယာဖြစ်သော သတင်း လွပ်လပ်မှုကို အသုံးချရမည်။

သတင်း လွတ်လပ်မှုကြောင့် ဖြစ်ပေါ်လာတတ်သော လူထု ဆူပူမှုများကို ခပ်ပြတ်ပြတ် နှိမ်နှင်း ရဲရမည်။

သူတို့က ပရောဒတ်တွေ ထုတ်ပြီး စစ်အစိုးရကို တိုက်တွန်းတာတွေ လုပ်သည်။ ခြင်နှိမ်နှင်းရေး အတွက် ပြည်သူလူထုကို တအိမ် တယောက်ထွက်ပြီး လုပ်ခိုင်းဖို့ စစ်အစိုးရကို တိုက်တွန်းသည်။ တပြည်လုံး ကြွက်သတ်ရက် သတ်မှတ်ပေးဖို့ စစ်အစိုးရကို အကြံပေးသည်။ အစိုးရ အမိန့်အာဏာတွေ တွင်တွင်သုံးဖို့့ သူခိုးကို ဓားရိုးကမ်းပေးသည်။ သူတို့ နိုင်ငံရေးက သိပ်တော့မလွယ်။ ကြောက်စရာ ကောင်းသည့် နိုင်ငံရေးမျိုး။ စစ်အစိုးရက ထောင်ထဲမှာသာ ယင်ကောင် ဖမ်းခိုင်းသည်။ သူတို့က “အိမ်တိုင်း ခြင်ဖမ်းခိုင်း” နေသည်။ “တပြည်လုံး ကြွက်သတ်ရက်”သတ်မှတ်ပြီး လူတိုင်း ကြွက်သတ် ခိုင်းနေသည်။ အဆိုပါ နိုင်ငံရေးမျိုးကို ခြင်ဖမ်း ကြွက်သတ် နိုင်ငံရေးအဖြစ် သတ်မှတ်လိုသည််။ သူတို့ လုပ်ချင်တာတွေ ယုံကြည်တာတွေ ဟောတာ ပြောတာတွေ ကြည့်ပြီး နိုင်ငံရေးနေရာ အဆင့် သတ်မှတ်ပေးခြင်း ဖြစ်ပါသည်။(သာစေ နာစေလို့တဲ့ သဘောမရှိ) လိုက်ဖက်မည် ထင်ပါသည်။

ခြင်ဖမ်း၊ ကြွက်သတ် နိုင်ငံရေးက တဖြည်းဖြည်း နိုင်ငံရေး လူတွင်ကျယ် ဖြစ်လာသည်။ ဘီဘီစီ မှာ တခါနှစ်ခါ ပြောခွင့်ရလာသည်။ သူနှင့်ခေတ်ပြိုင် အစုအဖွဲ့များထက် ပိုပြီး ပြောရေးဆိုခွင့် ရလာသည်။ အခုတော့ မြန်မာ့အသံမှာ ပြောခွင့်ရဖို့ မြန်မာ့အလင်း နဲ့ ကြေးမုံမှာ ပါခွင့်ရဖို့။ ပြည်တွင်းက ဂျာနယ်တွေမှာ ထည့်ခွင့်ရဖို့ ပြန်ကြားရေး ၀န်ကြီးကို ဂဂျီဂဂျောင် လုပ်နေသည်။ ၀န်ကြီးက အထက်အမိန့် မရသေးလို့ ဘာမှ မတုံ့ပြန်။ သို့သော် မကြာခင်မှာ ခြင်ဖမ်း၊ ကြွက်သတ် နိုင်ငံရေးကို ပြည်တွင်း မီဒီယာတွေမှာ တွေ့ရဖို့ အလားအလာ များကြောင်း ကြိုတင်ခန့်မှန်း ကြည့်နိုင်သည်။ ပြည်သူလူထု အတွက်ပဲ တွေးကာ သနားမိ ပါတော့သည်။ ပြည်သူ လူထုခမျာ အသံနဲ့ အနှိပ်စက်ခံနေရာ ကနေ ရုပ်ပုံတွေနဲ့ပါ အနှိပ်စက် ခံရတော့မည်။

၃) အောက်ဆီဂျင် နိုင်ငံရေး နှင့် အအေးပတ် နေသော ယုန်ပညာရှိ

မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးမှာ ပါ၀င် ကပြနေသည့် နောက်ထပ် နိုင်ငံရေးတမျိုး ရှိသေးသည်။ အဆိုပါ နိုင်ငံရေးက တမူ ထူးခြားသည်။ ကိုယ်တိုင် နိုင်ငံရေးမလုပ်။ နိုင်ငံရေး လုပ်နေသူတွေကို တိုက်တွန်း နားချသည်။ ကိုယ်တိုင် နိုင်ငံရေး ပါတီမထောင်၊ နိုင်ငံရေး ပါတီထောင်သူတွေကို နားချတိုက်တွန်း တတ်သည်။ ကိုယ်တိုင် ရွေးကောက်ပွဲ မဝင်။ ရွေးကောက်ပွဲ မှန်သမျှ ထောက်ခံခဲ့ဖူးသည်။ မရှိတာထက် ရှိတာ ပိုကောင်းပါသည်တဲ့။ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်းကာရော ထောက်ခံ ခိုင်းကြသည်။

အခုလည်း ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံ ခိုင်းနေကြပြန်သည်။ ၂၀၁၀ ရွေးကောက်ပွဲဝင်မှ ရွေးကောက်ပွဲကို ထောက်ခံမှ လက်တွေ့နိုင်ငံရေး ဖြစ်သည်။ ဒီလိုမျိုးရေးကြ ပြောကြသည်။ သူတို့နဲ့ ဘယ်သူမှ ပြိုင်ပြီး မငြင်းခုန်နိုင်။ ပြည်တွင်းမှာ သူတို့က နိုင်ငံရေး လက်စောင်းထက်သည်။ သူတို့နဲ့ပြိုင်ပြီး ငြင်းခုန် ရေးသားမိလျှင် ရေးသူသာ ထောင်နန်းစံ သွားရမည်။ အဆိုပါ နိုင်ငံရေးကို အောက်ဆီဂျင် နိုင်ငံရေး (တနည်း) မီးလောင်ရာ လေပင့်နိုင်ငံရေး ဟု သတ်မှတ်ချင်သည်။ အာဏာရှိသူကို ပင့်ပေးသည့် နိုင်ငံရေး အမျိုးအစား။ ဖော်လံဖား နိုင်ငံရေး။ မဆလ ခေတ်မှာ မဆလကို ထောက်ခံခဲ့သည်။ ၈၈ မှာ လူထုဘက်ကို ပါသယောင်ယောင်။ အခုကျတော့ လုံးလုံးကို စစ်အစိုးရဘက် ပါနေကြသည်။ နောက်မကြာခင် ပြည်သူဘက် ပါကြပြန်ဦးမည်။

အဆိုပါ နိုင်ငံရေးသည်ကား မြန်မာ့နိုင်ငံရေး သမိုင်းတွင် သက်တမ်းရင့် သဘာရင့်သည့် နိုင်ငံရေးတမျိုး ဖြစ်သည််။ သူတို့ နိုင်ငံရေးက မင်းလောင်းလည်း မမျှော်၊ ဖုတ်သွင်း ရထားလည်း မစီး။ ခပ်တည်တည်ဖြင့် သဘောတရားတွေ ဖြန့်ဖြူးသည့် နိုင်ငံရေး အမျိူးအစား ဖြစ်သည်။ သူတို့သည် မြန်မာ့နိုင်ငံရေး အချိုးအကွေ့ တိုင်းမှာ ပါ၀င် အသုံးတော်ခံ နေကြ။ နိုင်ငံရေးကို ခွေးကတက် ကနေပါ၀င် အသုံးခံခဲ့ဖူးသည်။ လက်နက်နဲ့ ဒီမိုကရေစီကို ပဲလှော်နဲ့ ဒန်အိုးဒန်ခွက် လဲသလို လဲခဲ့ဖူးသည်။ ဒန်အိုး၊ ဒန်ခွက်သာ ပျောက်ဆုံးခဲ့ရသူတွေ ဖြစ်သည်။ ခွက်ပျောက်တော့ မ.ဆ.လ မှာ ကျောင်းအုပ်တွေ နည်းပြတွေ လုပ်ကြသည်။ မ.ဆ.လ ပြိုပျက် တော့လည်း န.၀.တ/န.အ.ဖ ကို အလုပ်အကျွေး ပြုကြပြန်သည်။

( ဗိုလ်ချုပ် အောင်ဆန်းသာ သက်ရှိ ထင်ရှားရှိပါက ဤနိုင်ငံရေးမျိုးကို ဆိတ်လစေ့ နိုင်ငံရေးဟု အမည်ပေး နိုင်သည်။)

အောက်ဆီဂျင် နိုင်ငံရေးသမား တွေက သူတို့ကိုယ်တိုင နိုင်ငံရေး မလုပ်ရဲ။ ဘာကြောင့်လည်း။ အဖြေက ရှင်းသည်။ သူတို့သည် လက်နက်ချပြီးသူများ ဖြစ်ကြသည်။ ထို့ကြောင့် နိုင်ငံရေး မလုပ်နိုင်။ ပုံပြင်ထဲက မြေခွေးလို သူ့အမြီး ပြတ်တိုင်း သူတပါး အမြီး တွေကို ဖြတ်ခိုင်း နေရသည်။ လူတိုင်းကို လက်နက်ချဖို့ ဟောပြော နားချ လုပ်နေရသည်။ ဖွဲ့စည်းပုံကို လက်ခံဖို့၊ ရွေးကောက်ပွဲ ကို အသိအမှတ်ပြုဖို့ ရေးနေကြ ပြောနေကြရသည်။ ဆင်သွားရင် လမ်းဖြစ်သည်။ အစိုးရဆိုတဲ့ ဆင်ကြီး ဘာလုပ်လုပ် မှန်သည်။ ထောက်ခံရမည်။ ဒီလိုမျိုး သူတို့ စဉ်းစားကြသည်။ ဤသို့လျှင် အောက်ဆီဂျင် နိုင်ငံရေးကား မီးလောင်ရာကို လေပင့် ပေးတတ်သည်။ အောက်ဆီဂျင် ဟုတ်လား၊ မဟုတ်လား အောက်ပါအချက်သည် သက်သေ သက္ကာယဖြစ်သည်။

၂၀၀၈ ခုနှစ် မတ်လထဲမှာ လျှပ်တပြက်ဂျာနယ်က အသက် ၈၄နှစ် အရွယ် လောလောလတ်လတ် သတို့သားကြီးကို ဗျူးသည်။ သတို့သားကြီးက သူ့အနေနဲ့ “နိုင်ငံရေးလုပ်ဖို့ အစီအစဉ် မရှိပါကြောင်း” နဲ့ သတို့သမီး ကလည်း “အဖေကြီး နိုင်ငံရေး လုပ်မှာကိုတော့ စိုးရိမ်ပါကြောင်း”ဖြေကြား သွားခဲ့ဖူးပါသည်။

အောက်ဆီဂျင် နိုင်ငံရေး နောက်တမျိုး ရှိသေးသည်။ ပြည်ပရောက် အောက်ဆီဂျင်များ။ သူတို့၏ ထူးခြားချက်မှာ စကားကို မယုတ်မလွန် ပြောကြခြင်းပင်။ သူတို့သည် ထောက်ခံတယ်လို့ မပြော။ သို့သော် ထောက်ခံတယ်လို့ မပြောသည့် အတွက် မထောက်ခံဘူးလို့ ကောက်ချက်ချလို့ မရ။ ထို့အပြင် သူတို့သည် မထောက်ခံဘူးလို့ မပြော။ သို့သော် မထောက်ခံဘူးလို့ မပြောသည့်အတွက် ထောက်ခံတယ်လို့လည်း သတ်မှတ် မရ။ အတော် ဝေ့လည်ကြောင်ပတ် နိုင်သူများ ဖြစ်သည်။ သူတို့နိုင်ငံရေးက အရေးရယ် အကြောင်းရယ်ဆို ပုံပြင်ထဲက ယုန်လို နှာစေးနေတတ်သည့် နိုင်ငံရေးမျိုး။ သူတို့သည်ကား ပြည်ပတွင် ပညာရှိကြီးများ သဖွယ် နေကြ၊ ထိုင်ကြ၊ ပြောတတ် ဆိုတတ် ကြသူများ ဖြစ်ကြသည်။ သူတို့သည်လည်း အောက်ဆီဂျင် မျိုးနွယ်စုဝင်များပင် ဖြစ်သည်။ နိုင်ငံရေး တုပ်ကွေးမိနေသည့် နှာစေးချောင်းဆိုး နိုင်ငံရေးမျိုးနွယ်စု တမျိုး ဖြစ်သည်။

၄) ပုတ်ရှပ် နိုင်ငံရေး၊ ဂျင်ပေါ်က ထုံး နှင့် ပွဲလှန့် ဖျာခင်းသူများ

နောက်ထပ် နိုင်ငံရေး တမျိုးကား အမျိုးသား သွေးစည်းမှု ရှိကြောင်းပြသ လုပ်ကိုင်နေသည့် နိုင်ငံရေး တမျိုးဖြစ်သည်။ သူတို့သည် မတူညီသည့် လူများ အဖွဲ့အစည်းများ စုစည်းထားကြပြီး နိုင်ငံရေးကို စုပေါင်းစပ်ပေါင်း လုပ်ကြသည်။

သူတို့ နိုင်ငံရေးကား ဆိုင်းဘုတ်ကြီးကြီး ထောင်သည်။ စကားလုံးကြီးကြီး ပြောသည်။ သူတို့ အတော်များများမှာ အသားမည်းနက် သော်လည်း ရှပ်အကျင်္ီ အဖြူရောင်ကို နှစ်နှစ်ခြိုက်ခြိုက် ၀တ်ဆင်တတ်သည်။ တခါတရံ အပေါ်အကျင်္ီ (ပင်နီရောင် မဟုတ်သည့်) တိုက်ပုံများ (၀ါးတီးကုတ်များ) ၀တ်ဆင် တတ်ကြသည်။ နိုင်ငံရေးကို စုပေါင်းစပ်ပေါင်း လုပ်ကြသည်။ စုပေါင်းစပ်ပေါင်း ထဲတွင် ကျွတ်မုန်းဝင် တို့လည်း ပါသည်။ အေးလွင်နှင့် သူ၏ ညီအကိုများ၊ တိုးချဲ့ ထုတ်လုပ်မှု ကျောင်းတော်သားအစု ဦးလှမြင့်၊ သခင်စိုး ရဲ့ သား ခင်မောင်စိုး၊ နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သား ဦးအုန်းလွင် စသဖြင့် စသဖြင့် .. နောက်တော့ ကနေဒါ က ရောက်နေကြသည့် ရောင်နီဦးတို့ သံတော်ဆင့် မြင့်ရွှေတို့။ စုမိကြ စပ်မိကြသည်။

သူတို့ကား အမျိုးသား နိုင်ငံရေး အင်အားစုများ အဖြစ် သူတို့ကိုသူတို့ ဆိုင်းဘုတ်တင် သတ်မှတ် ခေါ်ဆိုကြသည်။ အမှန်က စစ်အစိုးရဆီမှာ နိုင်ငံရေးပါတီ တရပ်အဖြစ် မှတ်ပုံ မတင်ရသေး။ မှတ်ပုံမတင်ရ သေးခင်မှာတင်ပဲ ကွဲကြပြဲကြ၊ သူ့အဖွဲ့က ငါနှုတ်ထွက်၊ ငါ့အဖွဲ့က တခါသူက နှုတ်ထွက်ကြနှင့် လုံးလည် ချာလည် လိုက်နေသည့် အမျိုးသား နိုင်ငံရေးဖြစ်သည်။ သူတို့ နိုင်ငံရေးမှာ အလံနီဟောင်းများ ချယ်လှယ်နေသည့် နိုင်ငံရေးဖြစ်သည်။ အလံနီဟောင်း တွေက ဆရာကြီးတွေ များသည်။ သဘောတရားကြီးတွေ အကိုးအကားကြီးတွေ အဆိုအမိန့်ကြီး တွေနဲ့ ကိုင်ပေါက်နိုင်သည်။ အလံနီဟောင်း များက သဘောတရားတွေ ထုတ်ကြသည်။ လမ်းညွှန်ချက်တွေ ပေးသည်။ တခါတရံ သူတို့ထုတ်ပြန်သည့် လမ်းညွှန်ချက်များကို စစ်အစိုးရက ငြိုငြင်တာမျိုး ရှိသည်။ တခါတရံ သူတို့အချင်းချင်း ၀ိရောဓိဖြစ်ပြီး ကွဲလွဲမှုတွေ ဖြစ်သည်။ ညောင်မြစ်တူးလို့ ပုတ်သင်ဥ ပေါ်ကုန် ကြသည်။ ဦးလှမြင့်တို့က ရွေးကောက်ပွဲ ကော်မရှင် မြန်မြန်ထက်ထက် အကောင်အထည် ပေါ်စေချင်သည်။ ရော ! ့ပတ္တမြား ရော့ ! နဂါး၊ မြန်မြန် သွက်သွက် လုပ်ချင်သည်။ ဒီအချက်က စစ်အစိုးရကို ငြိုငြင်အောင် လုပ်သလို ဖြစ်နေသည်။ ဦးအုန်းလွင် တို့က နိုင်ငံရေးကို စုစုစည်းစည်း သွားချင်သည့် သဘောရှိသည်။ ရွေးကောက်ပွဲ ကိုလည်း အမျိုးသားနိုင်ငံရေး ပါတီတရပ် ဖွဲ့ပြီး ၀င်ချင်ကြသည်။ ဒီအချက်ကား စစ်အစိုးရ မကြိုက်သည့် အချက်လည်း ဖြစ်သည်။ ကျွတ်မုန်းဝင် တို့ကလည်း ဒီအချက်ကို မကြိုက်။ စစ်အစိုးရ အကြိုက်အတိုင်း တသီးပုဂ္ဂလ လုပ်ချင်သည်။ ကွဲလွဲချက် ကြီးသည်။

အမျိုးသားနိုင်ငံရေး အင်အားစုထဲမှာ အရေးပါပြီး ပြောခွင့်ဆိုခွင့်ရှိသူ နောက်တယောက်က ကိုဇင်အောင်။ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ(ပြည်ထောင်စု မြန်မာနိုင်ငံ) အမည်နဲ့ လှုပ်ရှားနေသူ။ သူ့အမြင်က ကျွတ်မုန်းဝင် တို့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည်။ တသီးပုဂ္ဂလ အသွင်ကို ကိုဇင်အောင်က မယုံကြည်။ တသီးပုဂ္ဂလ ဆိုတာ တချိန်ကျရင် အင်အားကြီးသူ (ပါတီကြီး) တွေရဲ့ ၀ါးမျိုတာကို ခံရသူတွေ ဖြစ်သည်ဟု ယုံကြည်နေသူ။

ဒီအစုထဲမှာ အေးလွင်တို့က activist နေရာကို အပြည့်အဝ ယူထားပြီး ပြည်တွင်းမှာ ၈၈ ဆိုင်းဘုတ်နဲ့ လုပ်စား နေနိုင်သည်။ စစ်အစိုးရ၏ မျက်နှာသာပေးမှုကို အထူး ရရှိထားသူများ ဖြစ်သည့်အလျှောက် စီးပွားရေး ပိတ်ဆို့မှုတွေကို ဆန့်ကျင့်တဲ့ ကမ်ပိန်းတွေ ထုရင်း အရင်းအနှီးတွေ တိုးပွားလာသည်။ ပြည်ပ အဆက်အသွယ် (ရောင်နီတို့) တိုးချဲ့ လာနိုင်သည်။ အေးလွင်က သူ့အဖွဲ့ကို ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် အဖြစ် ဆိုင်းဘုတ်ကြီးကြီး လုပ်ထားလိုက်သည်။ သူက ဥက္ကဌ လုပ်သည်။ သူ့ညီတွေက အမှုဆောင်တွေ အတွင်းရေးမှူးတွေ လုပ်ကြသည်။ အေးလွင်တို့ အဖွဲ့ကနေ အစောဆုံး နှုတ်ထွက် သွားတာက ကိုသိန်းတင်အောင်။ အေးလွင် မှာက လူမှုရေး အားနည်းချက်တွေ ငွေကြေးပိုင်းဆိုင်ရာ နာမည်ပျက်တွေနှင့်။ မီးခိုးမဆုံး မိုးမဆုံး။

အမျိုးသား နိုင်ငံရေးအစုထဲမှာ ကျွတ်မုန်းဝင်တို့ အနေအထားက အသေးငယ်ဆုံး အနေအထား ဖြစ်သည်။ လှုပ်ရှားမှု မရှိ။ လှုပ်ရှား နိုင်တဲ့ စွမ်းအားလည်းမရှိ။ ထို့ကြောင့် အတွင်းစည်း လူယုံလိုလို၊ သတင်းပြန်ကြားရေး လိုလို ဟိုလိုလို သည်လိုလို။ ဘလော့ဂ်တခု လုပ်ထားပြီး ရှိသမျှ အကုန်တင် အကုန်ဖြန့် လုပ်နေရသည်။ ဦးလှမြင့် တို့ရဲ့ သဘောတရား နယ်ချဲ့မှုနဲ့ လူတွင်ကျယ် လုပ်တာကို မခံနိုင်။ ထို့ကြောင့် သူ့ကိုယ်သူ ကြော်ငြာရသည်။ တခါမှ မသိမြင်ဘူးသည့် ကိုကျော်ဝင်း မောင်စူးစမ်း တို့ရဲ့ ပို့ချချက် တွေကို နာယူနေသည့် အဝေးသင် ကျောင်းတော်သား တယောက် လိုလို ဘာလိုလို။ သူလည်း ပါရာဒိုင်း တယောက်ပေါ့။ အလံနီဩဇာ အောက်က ရုန်းထွက်ခြင်း ဖြစ်သည်။

ဦးအုန်းလွင်တို့ အဖွဲ့ကို ကျွတ်မုန်းဝင် က ချသည်။ နိုင်ငံရေး ဘောဂ ဗေဒဘာသာရပ်ကို ဦးအုန်းလွင် တို့မပိုင်၊ ဦးအုန်းလွင် တို့က ဘယ်လောက်များ သဘောတရားတွေ ကြေညက်လို့လဲ …. မေးခွန်း ထုတ်သည်။ အမည်ခေါင်းစဉ်နဲ့ ပါတ်သက်ပြီး စစ်အစိုးရ သတိပြုမိစေရန် မျက်စပစ် ပြသည်။ စစ်အစိုးရက ကျွတ်မုန်းဝင် ကို နည်းနည်းတော့ မျက်စိကျသည်။ သို့သော် အချိန်မကျသေး ဟု ယူဆထားပုံရသည်။

လောလောဆယ် စစ်အစိုးရ မျက်စိကျနေသည်မှာ အေးလွင်တို့ ဖြစ်သည်။ အေးလွင်တို့က ၂၀၀၇ မှာ Sanction တွေ ရုပ်သိမ်းဖို့ ကမ်ပိန်းတွေ လုပ်ခဲ့သည့် စစ်အစိုးရ လက်တံဖြစ်သည်။ ၂၀၀၈ မှာ ဖွဲ့စည်းပုံ အတည်ဖြစ်စေဖို့ အေးလွင်တို့ လုပ်ခဲ့သည်။ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲ အထမြောက်စေဖို့ လှုပ်ရှားမှုတွေ လုပ်ရန် တိုင်းမှူးတွေဆီ တင်ပြ တောင်းခံနေသည်။ ထို့ကြောင့် ကျွတ်မုန်းဝင်က အေးလွင်တို့ကို ပခုံးချင်း မယှဉ်ရဲသေး။

သို့သော် သူ့အချိန်မကြာမှီ ရောက်လာတော့မည် ကိုတော့ ကြိုတင်တွက်ဆ ထားပုံရသည်။ ထိုကြောင့် တသီးပုဂ္ဂလ ကွန်ယက်ကို တိုးချဲ့ တည်ဆောက်သည်။ အင်တာနက်ပေါ်မှာ အော်ချက် ထုတ်သည်။ နာမည်ကြီးတွေကို ချရင် ကိုယ်လည်း နာမည်ကြီး လာမည်ဆိုတဲ့ နည်းဟောင်းကြီးကို အသုံးပြုသည်။ ယက်တော အမှုကို အခွင့်ကောင်းယူပြီး ကျွတ်မုန်းဝင် က ဒေါ်စုကို တိုက်ခိုက်ပုတ်ခတ် စော်ကားတာမျိုး လုပ်သည်။ တသီးပုဂ္ဂလ အမြင်ကို အသေဆုပ်ကိုင် ထားရင် စစ်အစိုးရက တချိန်မှာ သူ့ကို ခေါ်သုံးမှာပဲလို့ တထစ်ချ ယုံကြည်မှု ရှိနေသူဖြစ်သည်။ (ပြန်ကြားရေး ၀န်ကြီးကို ဂဂျီဂဂျောင် လုပ်သည့်အကြောင်း အပေါ်မှာ ရေးခဲ့ပြီး၏။)

အေးလွင် တို့ကို တိုက်ရိုက် မတွယ်ရဲတော့ ဇင်အောင်တို့နှင့် မဟာမိတ်လုပ်သည်။ ဇင်အောင် တို့ကလည်း ကျွတ်မုန်းဝင် ကို မယုံ။ ယုံကြည်လို့ မရသူတွေထဲမှာ ကျွတ်မုန်းဝင် ထိပ်ဆုံးက ပါနေကြောင်း သိသည်။ တချိန်က ကျွတ်မုန်းဝင်က သူတို့ကို ဝေဖန် ထားဖူးသည်။ ဇင်အောင့် အဖွဲ့မှာ ပညာတတ်တေ ွမပါ။ လူငယ်မျိုးဆက်သစ်တွေ ထောက်ခံမှုမရှိ။ အဲသည်ဟာကို မမေ့။ အခု လာကပ် တာကိုလည်း ဘာကြောင့်ကပ်သည် ဆိုတာ သိသည်။ ကျွတ်မုန်းဝင်က လူရေလည် လာပြီ။ ပြောချင်ရာ လျှောက်ပြောနေသည့် ရူးတူးတူး ပေါတောတော အဆင့်မှာ အစောပိုင်းက သဘောထား ခဲ့ကြပေမည့် အခုမှ သရဲ မွေးမိမှန်း သိလာကြသည်။ စိတ်မထင်လျှင် လက်တို့ ဖမ်းခိုင်းမှာ သတိထား နေကြရသည်။

ဤ အချင်းအရာ များသည်ကား အမျိုးသား နိုင်ငံရေး အင်အားစုများ၏ အတွင်းရေး တစိတ်တပိုင်း ကိစ္စများပင် ဖြစ်ပေတော့သည်။ သူတို့၏ နိုင်ငံရေးသည်ကား အချင်ချင်း ခွက်စောင်းခုတ်ကာ ပတ်ရှုတ်နေသည့် ပုတ်ရှပ်နိုင်ငံရေး ဖြစ်ပေတော့သည်။ သူတို့နိုင်ငံရေးကို ကြည့်ရသည်မှာ ဂျင်ပေါက်တမ်း ကစားနေသည်နှင့် တူသည်။ တယောက် ထွက်သွားလိုက်၊ နောက်တယောက် ထပ် ထွက်သွားလိုက်။ တော်ကြာ တယောက် ၀င်လာလိုက်။ တော်ကြာ ပြန်ထွက် သွားလိုက်။ ၀င်စို့ ထွက်စို့။ ဂျင်ပေါက် နေကြသည့် နှယ်။ အမှန်က ဂျင်မဟုတ်။ ဂျင်ပေါ်က ထုံးတွေဖြစ်သည်။

ဂျင်ပေါ်က ထုံးတွေနှင့် နင်လား၊ ငါလား မတိမ်းမယိမ်း အဆင့်ရှိသည့် နိုင်ငံရေးတမျိုး ရှိသေးသည်။ ၎င်း နိုင်ငံရေးမျိုးကို တိုင်းရင်းသား တချို့ထံမှာ တွေ့မြင်ရသည်။ အထူးသဖြင့် ရွေးကောက်ပွဲဝင်ဖို့ ငမ်းငမ်းတက် ဖြစ်နေသည့် တိုင်းရင်းသား ခေါင်းဆောင် တချို့တွင် တွေ့ရသည်။ သူတို့လည်း ဂျင်ပေါ်က ထုံးတွေပင် ဖြစ်သည်။ ယနေ့ ဖြစ်နေသည့် ပြဿနာကို ဗမာ – ဗမာချင်း ဖြစ်နေသည့် ပြဿနာအဖြစ် သဘောထားကြသည်။ ဗမာ – ဗမာချင်း မတည့်တာကို တို့က အခွင့်ကောင်းယူမည်။ ရသမျှအခွင့် အရေး အကုန်ယူမည်။ နယ်ခြားစောင့်ဆိုလည်း စောင့်လိုက်မည်။ ရွေးကောက်ပွဲ ၀င်ဆိုလည်း ၀င်လိုက်မည်။ ဤသည်ကား ပွဲလှန့်ဖျာ ခင်းသည့် နိုင်ငံရေးမျိုးဖြစ်သည်။

ပွဲလန့်တိုင်း ဖျာခင်းတတ်သူ များထဲမှာ တည်မြဲ/သန့်ရှင်း ဖ.ဆ.ပ.လ လူကြီး သားသမီးတွေလည်း ပါ၀င်တတ်သည်။ သူတို့သည်လည်း အမျိုးသားနိုင်ငံရေးကို ကြိုက်ကြသည််။ ရတာယူမည့် စိတ်ရှိသူများ ဖြစ်ကြကုန်သည်။ အမျိုးသား နိုင်ငံရေး အင်အားစုကား အတော်ရှုပ်သည့် နိုင်ငံရေးအမှိုက်ပုံကြီးနှင့် တူနေလေတော့သည်။ ထိုအထဲမှာ နိုင်ငံရေးက အခုထွက်လိုက်၊ တော်ကြာ ပြန်ဝင် လာလိုက်၊ တော်ကြာ ၄၀ ရာခိုင်နှုန်း တောင်းလိုက်နဲ့ အောင်ဘာလေထီ ကစားသူများလည်း ရှိသေးသည်။ ပုတ်ရှပ် ပတ်ရှုတ် နေကြသည်။

၅) လူထု အခြေပြု နိုင်ငံရေး

ဤနိုင်ငံရေး အမျိုးအစားသည်ကား လူထူအကျိုးစီးပွားကို ဦးတည်သည့် နိုင်ငံရေး၊ လူထု ထောက်ခံမှုကို အခြေပြုသည့် နိုင်ငံရေး ဖြစ်သည်။ လူထုကြီး လိုက်ပါဆောင်ရွက်ဖို့ တွန်းအားပေးသည်။ လူထုကြီး တသားတည်း ချီတက်လာအောင် စွမ်းဆောင်မှုပြုသည်။ လူထုကြီးကို လက်ညိုးထောင် ခေါင်းငြိမ့် ဘဝကနေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ ဘဝဆီ ပို့ဆောင်ပေးမည့် နိုင်ငံရေးဖြစ်သည်။ ဤ နိုင်ငံရေးမျိုးကား မြင့်မြတ် တည်ကြည်သည့် နိုင်ငံရေး အမျိုးအစားဖြစ်သည်။ ဤနည်းဖြင့် ဗမာ့လွပ်လပ်ရေး ရယူနိုင်ခဲ့သည်။ သည် နိုင်ငံရေးမျိုးနဲဲ့့ လူထုကြီးကို ဗိုလ်ချုပ်အောင်ဆန်းက ထဆိုထ ချဆိုချ လုပ်နိုင်ခဲ့သည်။

သည် နိုင်ငံရေးမျိုးနဲဲ့့ လူထုကြီးကို သူနဲ့အတူလိုက်ပါ ချီတက်ရဲအောင် ဒေါ်အောင်ဆန်းစုကြည် စွမ်းဆောင်နိုင်ခဲ့သည်။ သည် နိုင်ငံရေးမျိုးနဲဲ့့ လူထုကြီးကို စည်းကမ်းရှိအောင် ကိုမင်းကိုနိုင် တို့ ၈၈မျိုးဆက်တွေက သွန်သင်ပြသ နိုင်ခဲ့သည်။ သည် နိုင်ငံရေးမျိုးနဲဲ့့ ရွှေဝါရောင် တော်လှန်ရေးကို ရဟန်းသံဃာများ ဦးဆောင်ဆင်နွှဲခဲ့ကြသည်။ သည် နိုင်ငံရေးမျိုးနဲဲ့့ ကျောင်းသား၊ လူငယ်တွေဟာ စစ်အာဏာရှင် စံနစ်ကို ဆန့်ကျင်တိုက်ပွဲဝင် နေကြသည်။ သည် နိုင်ငံရေးမျိုးနဲဲ့့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို လူထုကြီး ကန့်ကွက်မဲ ပေးခဲ့ကြသည်။

လူထု အခြေပြု နိုင်ငံရေးက အလိုတော်ရိ ဘုရားငဆောင် နိုင်ငံရေးနည်းများကို ဆန့်ကျင်သည်။ လူထု အခြေပြု နိုင်ငံရေးက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သည်။ လူထု အခြေပြု နိုင်ငံရေးက ၂၀၁၀ ရွေးကောက်ပွဲကို အထွေထွေ နိုင်ငံရေးထိုးစစ် (သပိတ်မှောက်ပွဲ) နဲ့ ဖြတ်သန်းမည်။ လူထု အခြေပြု နိုင်ငံရေးက နိုင်ငံရေးပါတီတွေ နဲ့ ပြည်သူ လူထုကို ပေါင်းစည်း မိစေမည်။

ပြည်သူ လူထုအတွက် …

  • ၁) ဖွဲ့စည်းပုံမလို။
  • ၂) ရွေးကောက်ပွဲမလို။
  • ၃) တွေ့ဆုံ ဆွေးနွေးရေးသာ လိုသည်။

ဤအချက်ကား လူထုအခြေပြု နိုင်ငံရေး၏ ယုံကြည်မှုပင် ဖြစ်ပေတော့ သတည်း။ ။

သားဆွေ

LEAVE A REPLY

Please enter your comment!
Please enter your name here