ရဟတ်ယာဉ် နည်းပါးမှုကြောင့် ဗြိတိန်စစ်သားများ ပိုမို ကျဆုံးကြမည်ဟု ခန့်မှန်းခဲ့သည့် အရာရှိသေဆုံး

alt

ပြီးခဲ့သည့် (၄)လခန့်က အာဖဂန်နစ္စတန်တွင် ကျဆုံးခဲ့သော ဗြိတိသျှ စစ်တပ်မှ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်သည် ၎င်းမသေမီက ဗြိတိန် တပ်မတော်တွင် ရဟတ်ယာဉ်များ နည်းပါးမှုကြောင့် စစ်သားများ

ပို၍ သေဆုံးကြရမည် ဟု ခန့်မှန်းခဲ့ဖူးကြောင်း သတင်းများက ဖော်ပြ ခဲ့ကြသည်။

ဒုတိယ ဗိုလ်မှူးကြီး ရူးပတ်သော်နီလို သည် ကာကွယ်ရေး တာဝန်ရှိသူ များအား ဗြိတိသျှ စစ်တပ်များသည် အာဖဂန်တွင် ခရီး သွားလာရာ၌ ကုန်းလမ်းကို အဓိက အသုံးပြု နေရခြင်းကြောင့် အသေအပျောက် များလိမ့်မည်ဟု ပြောကြားခဲ့ဖူးသည်။

၎င်းသည် ဇွန်လ (၅)ရက်နေ့က ခန့်မှန်း ပြောဆိုသည့် အတိုင်း စစ်ကားတစင်း နှင့် သွားလာနေစဉ် နင်းမိုင်း ထိကာ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။ သော်နီလိုသည် ယခင် ကတည်းက ယင်း အခြေအနေကို ထောက်ပြကာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို ပိုမိုအသုံးပြုကာ စစ်သည်များအား ကုန်းလမ်းမှ ရွှေ့ပြောင်း သွားလာစေခြင်းကို လျှော့ချသင့်ပြီဟု သတိပေးခဲ့သည်။

ဝေလ် အစောင့်တပ်ဖွဲ့ အမှတ်(၁)တွင် တပ်မှူးတာဝန်ကို ယူထားရသည့် သော်နီလိုသည် အဆိုပါကိစ္စကို ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာနသို့ NATO တပ်ဖွဲ့ လျှို့ဝှက် အစီရင်ခံစာအဖြစ် တကူးတက ရေးသားပေးပို့ အကြောင်းကြား ဖူးသော်လည်း လျစ်လျူရှု ခံထားရခြင်း ဖြစ်သည်ဟု ယနေ့ထုတ် စစ်ဖက်ဆိုင်ရာ သတင်းများတွင် သုံးသပ်ရေးသား ထားသည်။

အာဖဂန်တွင် ဗြိတိန်တပ်များ အတွက် ရဟတ်ယာဉ် မလုံလောက်ခြင်းသည် စစ်ဆင်ရေး ကိစ္စများ နှောင့်နှေးနေခြင်း၏ ထင်ရှားသော အားနည်းချက် တခုဖြစ်ကြောင်း သော်နီလိုက ထောက်ပြခဲ့သည်။ အသက် (၃၉)နှစ်ရှိပြီး ကလေး(၂)ဦး၏ ဖခင်သည် ဇူလိုင်လ (၁)ရက် နေ့တွင် မော်တော်ယာဉ်တန်းဖြင့် လှည့်လည်ရင်း မိုင်းထိကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

သော်နီလို၏ သေဆုံးမှုသည် အာဂျင်တီးနား နှင့် ဖြစ်ပွားခဲ့သော ဖောက်ကလန်ကျွန်း စစ်ပွဲနောက်ပိုင်း ဗြိတိန်၏ ရာထူးအမြင့်ဆုံး အရာရှိ ရှေ့တန်း စစ်မျက်နှာတွင် ကျဆုံးခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်သွားပြီး ဗြိတိန် ကာကွယ်ရေးဌာန၏ ရဟတ်ယာဉ်များ ဖြည့်တင်းပေးရေး နှောင့်နှေး နေမှုမှာလည်း ယခုအခါ ဝေဖန်မှုများနှင့် အကြီးအကျယ် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here