မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့မှု ဟီလာရီကလင်တန် အား ပါကစ္စတန် ပြည်သူများ အရေးဆို

alt

ပါကစ္စတန် ပြည်သူများသည် အစ္စလာမ် မာဘတ် မြို့တော်သို့ လတ်တလော ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် အား အမေရိကန် စစ်တပ်မှ

မောင်းသူမဲ့ လေယာဉ်နှင့် ဒုံးကျည် များဖြင့် တိုက်ခိုက်မှု များနှင့် ပတ်သက်ပြီး အရေးဆို ကန့်ကွက် ခဲ့ကြကြောင်း သိရှိရသည်။

အောက်တိုဘာ (၃၀)ရက် နေ့က ဟီလာရီ မိန့်ခွန်း ပြောကြားနေစဉ် အမျိုးသမီး တဦး အပါအဝင် လူတစုက အမေရိကန်၏ စည်းမဲ့ကမ်းမဲ့ ဒုံးကျည် ပစ်ခတ်မှု များကြောင့် အပြစ်မဲ့ပြည်သူများ အလဟဿ သေဆုံးနေရကြောင်း အော်ဟစ် ခဲ့ကြသည်။ ဟီလာရီ၏ (၃)ရက်ကြာ ခရီးစဉ်သည် အမေရိကန် မောင်းသူမဲ့ လေယာဉ်များမှ ဒုံးကျည်များကြောင့် သေဆုံးခဲ့ရသည့် ပါကစ္စတန် အရပ်သားများ အတွက် တစုံတရာ ဆောင်ရွက် မပေးနိုင်ကြောင်း ဝေဖန်မှုများ မြင့်တက်လျှက် ရှိနေခဲ့သည်။

အမေရိကန် သည် အယ်ကိုင်းဒါ ခေါင်းဆောင်များကို (၂၀၀၁)ခုနှစ် ကတည်းက ခြေရာခံ လိုက်နေပြီး ပါကစ္စတန် စစ်တပ်၏ ပူးပေါင်းမှုဖြင့် အာဖဂန်နစ္စတန် နိုင်ငံနှင့် နယ်စပ်ဒေသတွင် အကြီးစားထိုးစစ်များ ဆင်နွှဲနေသော်လည်း အရေးပါသည့် ခေါင်းဆောင် တဦးကိုမျှ မဖော်ထုတ် နိုင်သေးချေ။ တောင်ပိုင်း ၀ါဇီရစ်စတန် အပါအဝင် ပါကစ္စတန် အနောက်မြောက်ဘက်ရှိ အာဖဂန်နှင့် နယ်စပ်ဒေသ တလျှောက်ကို အမေရိကန် မောင်းသူမဲ့ လေယာဉ်များက ကင်းလှည့်စောင့်ကြည့် နေကြပြီး မသင်္ကာသော ပစ်မှတ်များအား ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာမှ ပါကစ္စတန် အရပ်သားများ သေကြေခဲ့ရခြင်း ဖြစ်သည်။

အမျိုးသမီး တဦးက ဟီလာရီအား သူမ၏ မိန့်ခွန်းတွင် အပြစ်မဲ့ပြည်သူများ အကြောင်းမဲ့ သတ်ဖြတ်ခြင်းသည် အကြမ်းဖက်မှု ဆိုလျှင် ဒုံးကျည်ဖြင့် ပစ်ခတ်မှုများကိုပါ အကြမ်းဖက်မှု စာရင်းတွင် ထည့်သွင်း သင့်ပါသလားဟု အရွဲ့တိုက်ကာ အော်မေးခဲ့သည်။ ထို့အတွက် ဟီလာရီက မသတ်မှတ်နိုင်ပါ ဟုသာ ချေချေငံငံ ပြန်လည် ဖြေဆိုခဲ့သည်။

အခြား တဦးကလည်း မိမိ၏ စကားက ဒဲ့ဒိုးဖြစ်သွားလျှင် ခွင့်လွှတ် စေလိုကြောင်း၊ သို့သော်လည်း ပါကစ္စတန်သည် အချောင်သက်သက် အမေရိကန် အတွက် စစ်တိုက် ပေးနေရသည်ဟု ထင်ကြောင်း ပြောကြားခဲ့ကြသည်။

ကလင်တန် အတွက် ယခု မိန့်ခွန်းပြောပွဲသည် အကြပ်အတည်းများနှင့် အကြီးအကျယ် ကြံုတွေ့ ခဲ့ရခြင်းလည်း ဖြစ်သည်။ ပါကစ္စတန် အစိုးရ ကမူ ယခု ကိစ္စအတွက် တစုံတရာ မှတ်ချက်ပြုခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here