မြန်မာကလပ် ရတနာပုံအား အနိုင်ရခဲ့သည့် အတွက် ထိုင်း အသင်းနည်းပြ ကျေနပ်

alt

ထိုင်း လက်ရွေးစင် ဘောလုံး အသင်း၏ နည်းပြ ရာထူးကို ရယူပြီး ပထမဆုံး ကိုင်တွယ်ခွင့် ရသောပွဲတွင် မြန်မာ ကလပ် ရတနာပုံ အသင်းအား (၂-၀) ဖြင့် အနိုင်ရခဲ့သည့် အတွက် ၀မ်းမြောက်ကြောင်း ဘရိုင်ယန် ရော့ဆင်က ပြောကြား လိုက်သည်။

မြန်မာ MNL အမှတ်ပေး ပြိုင်ပွဲ ချန်ပီယံ ရတနာပုံ အသင်းသည် ဖူးခက်တွင် ကျင်းပသည့် (၄)သင်း ဖိတ်ခေါ် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ ထိုင်း လက်ရွေးစင် အသင်းအား အောက်တိုဘာ (၂၇)ရက် နေ့က ပွဲဦးထွက် အရေးနိမ့် သွားခြင်းဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် နှင့် အင်္ဂလန် လက်ရွေးစင် အလယ်တန်း လူဟောင်း ရော့ဆင်သည် ယခုလ အစောပိုင်း ကမှ ထိုင်းအသင်းအား တရားဝင် စတင် ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

ယခင် နည်းပြဟောင်း ပီတာရိဒ် က အင်္ဂလန်သို့ ပြန်သွားရန် ဆုံးဖြတ်ပြီးနောက် ထိုင်း ဘောလုံး အဖွဲ့ချုပ်က ရော့ဆင်အား ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ရတနာပုံ နှင့်ပွဲတွင် ထိုင်း အသင်းသည် ခြေစွမ်းပိုင်း အသာရခဲ့ပြီး ပန်နူပွန်ဝန်ဆာ နှင့် တီရာသပ် ၀ီနိုထိုင်း တို့က ဂိုးများ အသီးသီး သွင်းယူခဲ့ကြသည်။ ယခုပွဲတွင် စွမ်းဆောင်ခဲ့သည့် မိမိအသင်း၏ အားထုတ်မှုနှင့် ပတ်သက်ပြီး အလွန် ကျေနပ်ကြောင်း ရော့ဆင် က ဆိုသည်။

မိမိတို့သည် အခွင့်အလမ်း များစွာ ဖန်တီးခဲ့ပြီး ကစားသမား များကလည်း အကောင်းဆုံး ခြေစွမ်း ပြခဲ့ကြောင်း၊ တိုက်စစ် အသားပေး နည်းဗျူဟာကို လှပစွာ ကျင့်သုံးနိုင်ခဲ့သည့် အတွက် ကျေနပ်ကြောင်း ရော့ဆင်က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားသွားခဲ့သည်။

ထိုင်းသည် ရတနာပုံအား အနိုင်ရပြီး နောက် ဗီယက်နမ် ကလပ် ဟွမ်အန်ဂီလိုင် နှင့် အောက်တိုဘာ (၂၉)ရက် နေ့က ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here