နျူကလီးယား စွမ်းအင်သုံး အာကာသယာဉ် တည်ဆောက်ရန် ရုရှားစီစဉ်

alt

ရုရှား နိုင်ငံ၏ အာကာသ အေဂျင်စီ အကြီးအကဲ က နျူကလီးယား စွမ်းအင်သုံး အာကာသယာဉ် တစင်းကို အသစ် တည်ဆောက် သွားရန် စီစဉ် နေကြောင်း အောက်တိုဘာ (၂၈)ရက် နေ့က ပြောကြား လိုက်သည်။

အနာတိုလီ ပါမင်နော့က အစိုးရ အစည်းအဝေး တခုအတွင်း ယခုကိစ္စကို အတည်ပြု ထုတ်ပြန်ခဲ့ပြီး သတ်မှတ် အစီအစဉ်များ အရ ယာဉ်သစ်သည် (၂၀၁၂) ခုနှစ်တွင် ပျံသန်းနိုင်ရန် အသင့် အနေအထားသို့ ရောက်ရှိ နိုင်ကြောင်း သုံးသပ်ခဲ့သည်။

ယင်း နျူကလီးယား စွမ်းအင်သုံး အာကာသ ယာဉ်အား ဆောက်လုပ်ရန် ယူရိုသန်း (၄၀၀)ခန့် ကျသင့် နိုင်ကြောင်းလည်း အနာတိုလီက တပါတည်း ပြောဆို သွားခဲ့သည်။

ယခု ကိစ္စသည် အာကာသ လေ့လာရေး ကဏ္ဍအတွက် စွမ်းအင်သစ် နည်းပညာ တခုကို မိတ်ဆက် ဖော်ထုတ်ခြင်းလည်း ဖြစ်ကြောင်း အနာတိုလီ က ဆိုသည်။ ရုရှား သမ္မတ ဒီမီထရီ မက်ဗီဒက်က နိုင်ငံ၏ အာကာသ အေဂျင်စီ အကြီးအကဲ အဆိုပြုသော ကိစ္စအတွက် လိုအပ်သော ရံပုံငွေကို ထောက်ပံ့ရန် ပါလီမန်သို့ တင်ပြထားခဲ့ပြီ ဖြစ်သည်။

ယခု စီမံကိန်းသည် ရည်ရွယ်ချက် ကောင်းမွန်သော်လည်း မိမိတို့ အနေနှင့် ငွေကြေး လိုအပ်ကြောင်း မက်ဗီဒက် က ၀န်ခံခဲ့သည်။ ရုရှားနိုင်ငံသည် အာကာသ လေ့လာရေး လုပ်ငန်းစဉ်များ အတွက် အနှစ်(၄၀) သက်တမ်း ရှိပြီဖြစ်သော ဆိုယုဒ် လွန်းပျံယာဉ်အား သုံးစွဲ နေရဆဲဖြစ်ပြီး လွန်းပျံယာဉ် လွှတ်တင်ရေး အတွက် အရှိန်မြှင့် ရော့ကက်များကို ပူးတွဲ ချိတ်ဆက်ကာ လေထုထဲ တွန်းတင်ရသည့် စံနစ်ဟောင်းကို သုံးစွဲနေဆဲ ဖြစ်သည်။

ရုရှား အာကာသ အေဂျင်စီသည် လပေါ်နှင့် မားစ်ဂြိုဟ်သို့ လေ့လာရေး ပြုလုပ်ရန် စီစဉ် ထားကြောင်း ပြောကြား ထားသော်လည်း အတိတကျ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်နိုင်ခြင်း မရှိသေးဟုလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here