အီးယူဥက္ကဌ ရာထူးလက်ခံ ရရှိနိုင်ရန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ မျှော်လင့်ချက် လျော့ပါး

alt

ဥရောပ ယူနီယံ၏ ဥက္ကဌရာထူးကို လက်ခံ ရရှိနိုင်ရန် မျှော်လင့်နေသော ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲ၏ မျှော်လင့်ချက်များ တစထက် တစ လျော့ပါး လာနေကြောင်း သိရှိရသည်။

ဘလဲ ၏ ရုံးအဖွဲ့သည် ၀န်ကြီးချုပ်ဟောင်း အား ဥရောပနိုင်ငံ အစိုးရများက စိတ်အား ထက်သန်စွာ ထောက်ခံလာအောင် မစည်းရုံး နိုင်ခဲ့ပေ။ မူလက လက်ရှိဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း ၏ “ဥရောပ ယူနီယံ ဥက္ကဌ ရာထူးအတွက် ဘလဲသာ အခြေအနေ အကောင်းဆုံး ဖြစ်နေသည်”ဆိုသော မှတ်ချက် စကားနှင့်အတူ လူအများ ကလည်း ထိုရာထူးကို ဘလဲပင် ရရှိနိုင်ကြောင်း ထင်မှတ် ထားခဲ့ကြသည်။

လက်ရှိ အချိန်တွင် ယူနီယံ၏ ဥက္ကဌ ရာထူးကို ရယူထားသည့် ဆွီဒင် ၀န်ကြီးချုပ် ဖရက်ဒရစ် ရိန်းဖဲက ဘလဲ သာ ဥက္ကဌ ရာထူးကို ရရှိနိုင်မည် ဆိုသော အချက်ကို မိမိ လက်မခံကြောင်း ဘရပ်ဆဲတွင် ကျင်းပသည့် ဥရောပ ခေါင်းဆောင်များ အစည်းအဝေးတွင် မှတ်ချက် ပေးခဲ့သည်။

ဥရောပ ခေါင်းဆောင် အတော်များများသည် ဘလဲနှင့် ပတ်သက်ပြီး ကန့်ကွက်မှုများ မပြုလုပ် ကြသည့်တိုင် လိုလိုလားလား ထောက်ခံမှုလည်း မရှိကြောင်း သိရှိရသည်။ ယခုအခါ ဥရောပ ယူနီယံသည် ဥက္ကဌသစ် အတွက် (၃)ဦး ပါ၀င်သော Panel တခုကို ဖွဲ့စည်း လိုက်သည်။

ထို Panel ၏ အဖွဲ့ဝင် တဦးဖြစ်သော ဩစတြီးယား ၀န်ကြီးချုပ် ၀ါနာဖေမန်က မိမိတို့သည် အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်နေသည်ကို သတိပြုသင့်ကြောင်း၊ ဥရောပ ယူနီယံသည် သမ္မတ ဂျော့ဘုရှ်နှင့် ရင်းနှီးခဲ့သော ခေါင်းဆောင် တဦးကို မလိုအပ်ဘဲ လက်ရှိ သမ္မတ ဘာရက် အိုဘားမားနှင့် ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံနိုင်မည့် ခေါင်းဆောင်ကိုသာ အမှန်တကယ် လိုအပ်နေကြောင်း ထောက်ပြ သွားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here