ရှေးဟောင်း မျိုးနွယ်စုဝင် ယင်ကောင် ရုပ်ကြွင်း မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိ

alt

အလွန် ရှေးကျသော မျိုးနွယ်စု တခု ဖြစ်သည့် Unicon အမည်ရှိ ယင်ကောင် တမျိုး၏ ရုပ်ကြွင်းအား မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ ရှိခဲ့ကြောင်း သုတေသီ ဂျော့ချ် ပွိုင်နား ကကြေညာ လိုက်သည်။

ဦးချိုနှင့် မျက်လုံးငယ် (၃)ခု ပါ၀င်သော ယင်း အင်းဆက်သည် လွန်ခဲ့သော နှစ်ပေါင်းသန်း (၁၀၀) ကျော် ကတည်းက မြန်မာနိုင်ငံတွင် ကျက်စား နေခဲ့ ဖွယ်ရှိသည်။

အခြားသော ယနေ့ခေတ် အင်းဆက် များကဲ့သို့ စုပေါင်း မျက်စိကြီး (၂)ခု ပါ၀င်သဖြင့် စုစုပေါင်း မျက်လုံး (၅)ခုကို ပိုင်ဆိုင်သည့် ထူးခြားသော ယင်ကောင်အား ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ဟူကောင်း တောင်ကြားအနီး မိုင်းတွင်း တခုတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ယင်ကောင်များသည် လွန်ခဲ့သော နှစ်ပေါင်း (၉၇)သန်း မှ သန်း(၁၁၀) အတွင်း ကမာ္ဘပေါ်တွင် ကျင်လည် ကျက်စားခဲ့သည်ဟု ပညာရှင်များက ယူဆခဲ့ပြီး Cascoplecia insolitis ဟု သိပ္ပံအမည် ပေးထားသည်။ ထိုစဉ် ကာလက မြန်မာနိုင်ငံသည် တောနက်ကြီးများ ဖုံးလွှမ်းခဲ့ပြီး ထိုကဲ့သို့သော ယင်ကောင်များလည်း မှီတင်း ခိုအောင်းနေခဲ့ခြင်း ဖြစ်နိုင်ကြောင်း အော်ရီဂွန် တက္ကသိုလ်မှ ဇီဝဗေဒ ပရော်ဖက်ဆာ ဂျော့ချ်ပွိုင်နာက ပြောကြားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံ အတွင်း တွေ့ရှိခဲ့သည့် သုတေသီအဖွဲ့ဝင် တဦးဖြစ်ပြီး ယင်ကောင်နှင့် ပတ်သက်သော လေ့လာပြီးသမျှ အချက်အလက် များကို Cretaceous Research ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ခရီတေးယှက် ခေါ် ယင်း ကာလအတွင်း မြန်မာနိုင်ငံ၏ တည်နေရာတွင် ရှိသော တောနက်ကြီး များတွင် အသားစား ပိုးကောင်များ၊ ပုတ်သင်ကြီးများ ခိုအောင်း နေခဲ့ဖွယ်ရှိကြောင်း ဂျော့ချ်က ဆိုသည်။

ယင်ကောင်၏ ခြေထောက်တွင် ကပ်နေသော ၀တ်မှုန် အစအန များအရ ထိုသတ္တဝါသည် ပန်းဝတ်ရည်ကို အဓိက အာဟာရအဖြစ် စားသောက်ခဲ့ဖွယ် ရှိကြောင်းလည်း ပညာရှင်များက ခန့်မှန်း ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here