ယူရေနီယံ ဇာတ်လမ်းများ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဝင်မတိုက်မီ နှစ်အနည်းငယ် အချိန်က အမေရိကန် ပြည်ထောင်စု ယူထပြည်နယ် တောင်ပိုင်း ဘုရားကျောင်း တောင်တန်း တဝိုက်မှာ ဂျပန်ကုမ္မဏီ တခု သတ္တု ရှာဖွေရေး လုပ်ခဲ့ကြကြောင်းကို မှေးမှိန်နေတဲ့ ဂျပန်စာများ ရေးထားသော သစ်သားအပိုင်း အစ တချို့က သက်သေခံလျှက် ရှိနေပေသည်။

အကယ်လို့များ အဲဒီ တောင်တန်းအောက်မှာ ဘာတွေ ရှိတယ်ဆိုတာ ဂျပန်တွေ သိသွားခဲ့ရင် စစ်ပွဲအဖြေက တမျိုးတဖုံများ ပြောင်းလဲ သွားလေမလား မသိတော့ချေ။

ယူရေနီယံကို ၁၇၈၉ ခုနှစ်အတွင်း ဂျာမန် ဓာတုဗေဒပညာရှင် မာတင် ဟိန်းနရစ် ကလပ်ရု က ရှာဖွေ တွေ့ရှိခဲ့သည်၊ ထုံးစံအရ တွေ့ရှိသူ၏ နာမည်ပေးရမှာကို ငြင်းဆန် ခဲ့သည့်နောက် လွန်ခဲ့တဲ့ ၈နှစ်က ရှာဖွေ တွေ့ရှိခဲ့တဲ့ ယူရေးနပ်ဂြိုလ်ကို အစွဲပြုပြီး ယူရေနီယံလို့ အမည်ပေးခဲ့သည် ၊ ဒီလိုဘဲ ၁၉၄၁ ခုနှစ်က ကာလီဖိုးနီးယား တက္ကသိုလ်က ပညာရှင် ဂလန်းဆီးဘော့ ပလူတိုနီယံ ကို စတင်ခွဲထုတ် နိုင်ချိန်မှာလည်း ပလူတိုဂြိုလ်ကို အစွဲပြုပြီး ပလူတိုနီယံလို့ နာမည်ပေးခဲ့သည်၊ မည်သို့ပင် ဆိုစေကာမူ ဂျပန်နိုင်ငံကို ကြဲချခဲ့တဲ့ အနုမြူဗုံးတွေမှာ အသုံးပြုခဲ့သော ယူရေနီယံ အများစုကို ထုတ်လုပ်ပေးခဲ့တဲ့ အာဖရိက တိုက်က ဒီအာ ကွန်ဂိုနိုင်ငံ (အခြားသော ကွန်ဂိုနိုင်ငံ တခုနှင့် ကွဲပြားစေရန် ဒီမိုကရက်တစ် ရီပတ်ပလစ် အော့ ကွန်ဂို (သို့) ဒီအာဂွန်ဂို ဟုခေါ်သည်) က ဇာတ်လမ်း အစလို့ ပြောရပေမည်။

ဥရောပ နိုင်ငံတွေ အာဖရိက တိုက်ကို ခွဲဝေယူတော့ သတင်းသမားဟောင်း၊ စာရေးဆရာ၊ လူစွန့်စား ဟင်နရီ မောတင် စတန်လေ ရဲ့ အကူအညီနဲ့ ဘယ်လ်ဂျီယံ ဘုရင် ကင်း လီယိုပို့ ၂ ဟာ ဘယ်လ်ဂျီယံ နိုင်ငံထက် အဆပေါင်းများစွာ ကျယ်တဲ့ အာဖရိကတိုက် အလယ်က ကွန်ဂိုနိုင်ငံကို ရလိုက်သည်၊ ဒေသခံတွေရဲ့ အကျိုးအတွက်လို့ ဆိုခဲ့ပေမယ့် ကွန်ဂိုဟာ အတင်း အဓမ္မကျေးကျွန် အဖြစ် စေခိုင်းရာ ချွေးတပ်စခန်းကြီးပဲ ဖြစ်လာခဲ့ရသည်၊ အဲဒီခေတ်က သူ့ တပ်သားတွေ ကလည်း အလုပ်သမားတွေကို ထုတ်လုပ်မှု တိုးတက် လာစေဖို့ အတွက် သတ်မှတ်တဲ့ ဆင်စွယ်တို့ သစ်တို့ မရခဲ့ရင် လက်ဖြတ်၊ ခေါင်းဖြတ်ပြီး အရေးယူတယ်တဲ့၊ ဥရောပမှာ စက်မှုလုပ်ငန်းတွေ ထွန်းကားလာတဲ့ အချိန်မှာတော့ လိုအပ်တဲ့ ရာဘာတွေ အများအပြား ထုတ်လုပ်ခဲ့ ပြန်ပါတယ်၊ ရာဘာတွေ အလျှုံအပါယ် ထွက်သလို မြေအောက်သတ္ထု တွေလည်း အများအပြား ထွက်တော့ ဘယ်လ်ဂျီယံ ကုမ္မဏီ ယူနီယံမိုင်နရယ်၊ ဒူဟန့် ကာတန်ဂါ နဲ့ ဘစ်စမတ်တို့က  ကိုဘော့၊ တင်၊ ဇင့် သတ္တု စတာတွေကို အလွယ်တကူနဲ့ တူးဖေါ်ရယူ ခဲ့ကြပါတယ်၊ ၁၉၁၅ မှာတော့ အကောင်းစား ယူရေနီယံ သတ္တုသိုက်ကို ရှင်ကိုလိုဘွေး ဒေသမှာ တွေ့ခဲ့ပြန်ပါတယ်၊ အဲ့ဒီအချိန်က ယူရေနီယံ ကနေ ထုတ်ယူရတဲ့ ကင်ဆာရောဂါ ပျောက်အောင် ကုလို့ရတဲ့ ရေဒီယံ ဟာ ကမာ္ဘမှာ အဖိုးအတန်ဆုံး သတ္တုဖြစ်ပြီး တစ်-ဂရမ်ကို ဒေါ်လာ ၁၇၅၀၀၀ အထိ ဈေးရှိခဲ့ပါတယ်၊ တောင်တွေကို ဖောက်ခွဲပြီး ယူရေနီယံတွေ ထုတ်ယူကာ ဘယ်လ်ဂျီယံ နိုင်ငံကို တင်ပို့ခဲ့ကြတော့သည်၊ ဒီတော့ ရေဒီယံ ထုတ်ယူပြီးကျန်ခဲ့တဲ့ အဝါရောင် ယူရေနီယံတွေ အများအပြား ဘယ်လ်ဂျီယံနဲ့ ကွန်ဂိုမှာ ရှိနေခဲ့ကြတော့သည်။

၁၉၄၀ ခုနှစ်မှာ နာဇီဂျာမန်တွေ ဘယ်လ်ဂျီယံကို ဝင်တိုက်တော့ ယူနီယံမိုင်နရယ် ကုမ္မဏီလည်း ရုံးချုပ်ကို နယူးယောက်ကို ပြောင်းရွေ့ခဲ့ရသည်၊ ဂျာမန်တွေလည်း ဘယ်လ်ဂျီယံ ကနေ ယူရေနီယံတွေ အများအပြား ရလိုက်တယ်၊ ဒါပေမယ့် ဘယ်သူမှ ဘာသုံးရမှန်း အသေအခြာ မသိနိုင်ကြသေး၊ စမ်းသပ်နေကြဆဲ အဆင့်သာ ရှိသေးသည်၊ နောက်ပိုင်း အမေရိကန် ကတော့ ကမာ္ဘမှာ လေယာဉ်အင်ဂျင်တွေ ထုတ်လုပ်တဲ့ နေရာမှာ အရေးပါတဲ့ ကိုဘော့သတ္ထုကို အများဆုံး သုံးတဲ့နိုင်ငံ ဖြစ်လာခဲ့သည်၊ ဒါပေမယ့် ၁၉၄၂ ခုနှစ် စက်တင်ဘာလ အတွင်းမှာ အမေရိကန်တပ်မှ ကာနယ် ကက်နက် ဒီ နီကိုလပ်(စ်) တယောက် ယူနီယံမိုင်နရယ် ကုမ္မဏီရုံးခန်းကို ရောက်ခဲ့လာပြီး အချိန်မှာတော့ အနုမြူဗုံး ထုတ်လုပ်ရန် မန်ဟက်တန် ပရောဂျက်ကြီးကို စတင် အကောင်အထည် ဖေါ်ခဲ့လေတော့သည်၊ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့တဲ့ ယူရေနီယံ ဘေ့(စ်) ဗုံးမှာ ကွန်ဂိုက ယူရေနီယံတွေ သုံးပုံ၊ နှစ်ပုံပါသည်ဟု ယူဆရပြီး၊ ပလူတိုနီယံ တွေကိုတော့ ဂျပန်နိုင်ငံရဲ့ ဆန်ဖရန်စစ္စကို လို့ တင်စားရတဲ့ နာဂါစါကီမြို့ကို ကြဲချခဲ့တဲ့ နောက်ဗုံးတလုံးမှာ သုံးခဲ့ကြသည်။

ကွန်ဂိုနိုင်ငံ ကလည်း အကောင်းစား စိန်တွေက အစ သယံဇာတ များစွာ ထွက်ရှိသလို ပြဿနာ အလွန်များတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်၊ အမေရိကန် ထောက်ခံတဲ့ ဂျိုးဇက် မိုဘူတူ သမ္မတ ဖြစ်လာပြီး ဇိုင်ယာ နိုင်ငံဆိုပြီး အမည်ပြောင်းခဲ့ သေးသည်၊ နောက်တော့ လူရန့် ကာဘီလာ က ရဝမ်ဒါ၊ ယူဂန်ဒါ နိုင်ငံတွေ အကူအညီနဲ့ အာဏာသိမ်းပြီးတော့ ဒီအာကွန်ဂို ဆိုပြီး ပြန်ပြောင်းခဲ့သည်၊ နောက်တော့ ရဝမ်ဒါ နဲ့ ယူဂမ်ဒါ တို့နဲ့ ပြဿနာ ဖြစ်ကြပြန်ပြီး အာဖရိကရဲ့ ကမ္ဘာစစ်ကြီးလို့ ပြောရမယ့် နိုင်ငံများစွာ ပါဝင်တဲ့ စစ်ကြီးဖြစ်ပြီး လူပေါင်း ၅.၄ သန်းကျော် သေကြေ ခဲ့ကြပြန်သည်၊ ဒုတိယ ကွန်ဂိုစစ်သာ တရားဝင်ပြီး သွားတယ် ပြဿနာ သောင်းခြောက်ထောင်က ကတော့ အခုထိ တအုံနွေးနွေးနဲ့ မပြီးနိုင်သေးဖူး၊ ကွန်ကရစ်နဲ့ ပိတ်ထားတဲ့ ယူရေနီယံ မိုင်းတွေကလည်း ဖောက်ပြီး ခိုးယူ ခံနေရသေးတယ်၊ ကွန်ဂို တက္ကသိုလ်ကို ထူထောင်ခဲ့တဲ့ ဘုန်းကြီး လု(စ်) ဂူလီယံ အကူအညီနဲ့ အာဖရိကရဲ့ ပထမဆုံး အနုမြူ ဓာတ်ပေါင်းဖိုကို ၁ မီဂါဝပ်နဲ့ တည်ထောင်နိုင်ခဲ့တယ်၊ အဲဒီအချိန်မှာ အမေရိကန်မှာ ၂၀၀၀ မီဂါဝပ် ဓာတ်ပေါင်းဖိုတွေနဲ့ စာရင်တော့ ခလေး ကစားစရာ အဆင့်ဘဲ ရှိတာပေါ့၊ နောက်ပိုင်း ပြုပြင်ထိမ်းသိမ်းမှုလည်း ကောင်းကောင်း မလုပ်နိုင် လုံခြုံရေးလည်း မကောင်းနဲ့ အခြေအနေ အတော်ဆိုးလာတယ်၊ အဆိုးဆုံးကတော့ သန့်စင် ယူရေနီယံချောင်း နှစ်ချောင်း ၁၉၇၀မှာ အခိုး ခံလိုက်ရပါပဲ၊ တချောင်းကိုတော့ အီတလီ မာဖီးယား ဂိုဏ်းတဂိုဏ်း က အရှေ့အလည်ပိုင်းက မိတ်ဆွေတွေကို ရောင်းဖို့ ကြိုးစားနေတုန်း လျှို့ဝှက်ရဲ က ပြန်ဖမ်းမိ လိုက်ကြတယ်၊ နောက်တချောင်း ကတော့ ကနေ့အထိ အစအန ပျောက်သွားတော့သည်၊ ဒီအခိုးခံ ယူရေနီယံတွေကို များသော အားဖြင့် ဇမ်ဘီယားက တဆင့် ခိုးထုတ်ကြသည်၊ ကွန်ဂိုမှာက လာဘ်ပေး လာဘ်ယူ အလွန်များသည်၊ သူတို့က လာဘ်ပေးတာကို “သကြားရေ” လို့ တင်စား ခေါ်ဝေါ်ကြသည်၊ ၂၀၀၅ ခုနှစ် အောက်တိုဘာလ အတွင်းမှာ တန်ဇန်းနီးယား နိုင်ငံမှာ ဖမ်းမိတဲ့ ယူရေနီယံ တွေကလည်း ဇမ်ဘီယာ ကနေတဆင့် ကွန်ဂိုကနေ ခိုးထုတ်လာတာ ဖြစ်တယ်၊ လက်(ပ်)တော့(ပ်)နဲ့ ဆဲလ်ဖုန်းတွေ ထုတ်ရာမှာသုံးရတဲ့ ကိုလ်တန် သတ္ထုစည်တွေ နောက်မှာ ဖွက်လာတာဟု ဆိုကြသည်။

၁၅ရာစုမှ စတင်ပြီး ဘိုဟီးမီးယား တောင်တန်းဒေသ တနေရာမှ (ချက်ကိုစလိုဘက်ကီးယား) စိန့် ဂျို့ချင်စသယ် ဒေသမှာ ငွေတွေ အမြောက်အများ ရှာဖွေတွေ့ရှိ တူးဖော်ခဲ့ကြသည်၊ ဒါပေမယ့် ငွေတွေနဲ့အတူ ရှိနေတဲ့ လေးလံတဲ့ ကျောက်ခဲတွေကိုတော့ အသုံးမလို လွင့်ပစ်ခဲ့ကြသည်၊ နောက်မှ (ဘတ်လပ်ရော့) ကံဆိုးကျောက်များလိ့ု ခေါ်တဲ့ ဒီကျောက်ခဲတွေမှာ ယူရေနီယံ ပါဝင်တဲ့ ကျောက်တွေမှန်း သိလာကြတယ်၊ သို့ဖြင့် ရေဒီယံကို ထုတ်ယူ အသုံးပြုတတ်ချိန်မှ စပြီး ဒီကံဆိုး ကျောက်ခဲတွေ ကံကောင်းပြီး အဖိုးတန် လာတော့သည်၊ ဒီလိုနဲ့ ကိန်းဘရစ် တက္ကသိုလ်ထုတ် ရေဒီယံကို အဓိပ္ပါယ် ဖွင့်ဆိုခြင်းဆိုတဲ့ စာစောင်ကို ကာလ ယန္တယားဝတ္ထုနဲ့ နာမည်ကြီးလာတဲ့ စာရေဆရာ ဟားဘတ် ဂျော့ ဝဲလ် (အိပ်ချ် ဂျီ ဝဲလ်) ဖတ်မိပြီးတဲ့ အခါမှာ “The world set free” ဆိုတဲ့စာအုပ်ကို ရေးသားခဲ့ပြီး ယူရေနီယံရဲ့ အနာဂတ်ကို စတင် လူအတော်များများ သတိပြုမိစေခဲ့သည်၊ နောက်တော့ ဩစတီးယန်း ပရော်ဖက်ဆာ အော်တို ဖရစ် က ဟမ်းဘတ် ဓာတ်ခွဲခန်းမှနေ အင်္ဂလန်သို့ ပြောင်းရွေ့လာပြီး ၁၉၃၈ ခုနှစ်မှာ နေချားလ် ဆိုတဲ့ သုတေသန စာစောင်ကို ထုတ်ဝေခဲ့ပြီး နောက် ပညာရှင်များ အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်၊ အဲ့ဒီမှာ ယူရေနီယံ ယူ၂၃၅ ထုတ်လုပ်ပုံ ချိန်းဂျ် ရီအက်ရှင် စတာတွေကို ပြည့်ပြည့်စုံစုံ ရေးသားဖေါ်ပြ ထားလို့ပါပဲ၊ ယူ၂၃၅ ထုတ်ဖို့ဆိုတာက တကယ်တော့ အလွယ်လေး ယူရေနီယံတွေ အများကြီးပဲ လိုတာပါ။

အဲ့ဒီ စာစောင်ကို ဖတ်ပြီးတဲ့ အခါမှာ အမေရိကန်မှ ဟန်ဂေရီယမ် လူမျိုးပညာရှင် လီယို ဇစ်လာ့ တယောက် ပြာပြာသလဲ ဖြစ်သွားပြီး အိုင်စတိုင်း ဆီကို အပြေးသွားဖို့ ပြင်ပါတော့တယ်၊ ဒါပေမယ့် ကားမမောင်း တတ်တဲ့သူက နောက်တယောက် အီဂွန်နစ် ဝတ်ဂနာ ကိုခေါ်ပြီး အိုင်စတိုင်း အနားယူနေရာ လောင်းအိုင်လန် ဆီကို သွားခဲ့ကြလေသည်၊ အခြေအနေ အရပ်ရပ်ကို အိုင်စတိုင်းနဲ့ ဆွေးနွေးပြီးနောက် ပထမ အိုင်စတိုင်းက ဘယ်လ်ဂျီယံကို စာရေး အကြောင်းကြားဖို့ ပြင်သည်၊ နောက်တော့ အကောင်းဆုံးအနေနဲ့ အမေရိကန် သမ္မတ ဖရန်ကလင် ဒီ ရုစဘဲ့ ဆီကို ၁၉၃၉ ခု အောက်တိုဘာလမှာ စာရေးလိုက်သည်၊ ထိုစာပါ အကြောင်းအရာက ရှင်ကိုလိုဘွေး လို့ ဖော်မပြ ထားပေမယ့် ကွန်ဂိုမှ ယူရေနီယံတွေကို ထိမ်းချုပ်ထားဖို့ အကြံပေး ထားပါတယ်၊ နောက် အရေးယူ ဆောင်ရွက်ရန် ညွှန်ကြားပြီး ကော်မတီတခု ဖွဲ့ခဲ့ကြသည်၊ ဒါပေမယ့် ထိုအချိန်အထိ ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်ကြသေးပေ။

တခါက ဘယ်လ်ဂျီယံ ကုမ္မဏီ ယူနီယံမိုင်နရယ် ရဲ့ ဒါရိုက်တာ အက်ဂါ ဆန်ဂီရာ ကို ပြင်သစ်အဖွဲ့ တဖွဲ့က ဆာဟာရ သဲကနာ္တရမှာ ယူရေနီယံနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတွေလုပ်ဖို့ လာတိုင်ပင် ခဲ့ဖူးသည်၊ နောက်ပြီး ၁၉၄၀ မေလမှာ ဂျာမန်တွေ ဘယ်လ်ဂျီယံကို ဝင်သိမ်းတော့ ဟစ်တလာ အတွက် ယူရေနီယံတွေ အများအပြား ရသွားကြသည်၊ သူတို့ ဘာလုပ်မလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်သေး၊ ဘယ်လ်ဂျီယံကို ဂျာမန်တွေ မသိမ်းခင်မှာဘဲ ယူရေနီယံမိုင်နရယ် က နယူးယောက်ကို ပြောင်းရွှေ့နေပြီး ဖြစ်သည်၊ အက်ဂါ ဆန်ဂီရာ လို အလွန်လျင်သော စီးပွားရေးသမား တယောက်အနေနဲ့ သူ့ရဲ့ ယူရေနီယံတွေကို မမေ့၊ ရှင်ကိုလိုဘွေးမှ ယူရေနီယံ တန်ချိန် ၁၂၅၀ ကို ဘယ်သူမှ မသိအောင် နယူးယောက်ကို သယ်ယူလာခဲ့ပြီး သုံးထပ်ဂိုဒေါင်ထဲမှာ သိမ်းထားလိုက်သည်၊ ပထမတော့ သူ့ဆီက ယူရေနီယံတွေကို ဝယ်ဖို့ အမေရိကန်က စိတ်မဝင်စားခဲ့။

ဒီလိုနဲ့ ပညာရှင်တွေကြားမှာ ရေဒီယို သတ္တိကြွမှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ လာကြပြီး ဒီကိစ္စက ထိုအချိန်က လျှို့ဝှက် မဟုတ်တော့ချေ၊ ၁၉၄၁ ခုနှစ်မှာ ဂျပန်က ပညာရှင် တိုကုတာရို ဟာဂီဝါယာ က ယူ၂၃၅ အကြောင်းကို လေ့လာသင်ကြား ပေးနေပြီး၊ ဂျပန်အဖွဲ့တွေက ကိုရီးယား ရေလက်ကြား တဝိုက်မှာ ယူရေနီယံ ရှာဖွေနေကြသည်၊ ဂျာမနီ မှာတော့ ပညာရှင် ဝါနာ ဟယ်ဆင်ဘာ့ဂ် အဖွဲ့က ထိရောက်တဲ့ နျူထရွန်ကို နှေးအောင်လုပ်နည်း ရှာဖွေနေကြသည်၊ ပြင်သစ် ပညာရှင်တွေကိုတော့ ဂျိုလော့ကူရီ ဦးဆောင်ပြီး အာဖရိကမှ ရတဲ့ ယူရေနီယံ နဲ့ အက်တွန်မစ် လက်နက်ကို သုတေသန လုပ်ပြီး ဆာဟာရမှာ စမ်းဖို့ လုပ်နေကြသည်၊ ရုရှားမှ အိုင်ဂွာ ကရှက်ရှာတော့ ကလည်း ဖရစ် ရဲ့ နေချားလ် စာစောင်ကို ဖတ်ပြီးတော့ ယူ၂၃၅ ကို ခွဲထုတ်ဖို့ အဖွဲ့ ဖွဲ့ပြီး လေ့လာနေသည်၊ နောက်ပြီး ယူရေနီယံတွေကို ဂျာမန် နဲ့ အမေရိကန်တွေ ရသွားမှာ ကို ရုရှားတွေက သိပ်စိုးရိမ်နေခဲ့ သတဲ့။

အမေရိကန်တွေ လက်နှေးနေလို့ မရတော့တဲ့ အချိန်ရောက်လာသည်၊ ဒီလိုနဲ့ ၁၉၄၂ ခုနှစ် တရက်မှာတော့ ယူနီယံမိုင်နရယ် ဒါရိုက်တာ ဆန်ဂီရာ ရဲ့ နယူးယောက် ရုံးခန်းကို အမေရိကန် ကာနယ် နီကိုလပ်(စ်) တယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့သည်၊ ဆန်ဂီရာ ကသူ့ ယူရေနီယံတွေကို ရောင်းတုတ်ဖို့ ၂နှစ် စောင့်ခဲ့ရသည်၊ ဆန်ဂီရာ က နီကိုလပ်(စ်) ရဲ့ ရာထူး အမှတ်တံဆိပ်တွေ နဲ့ ဝယ်ဖို့ အမှန်တကယ် အာဏာရှိသူ ဟုတ်မဟုတ် စစ်ဆေးလိုက်သေးပြီး ဘာအတွက် ဒါတွေ သုံးမှာလည်းလို့ မေးလိုက်သေး သတဲ့၊ နီကိုလပ်(စ်) တယောက်ဖြေဖို့ ခက်နေစဉ်မှာဘဲ ဆန်ဂီရာ စိတ်ပြောင်းပြီး ဖြေဖို့ မလိုပါဘူးလို့ ပြောလိုက်ရင်း ဈေးစကားပြော ဖြစ်ကြသည်၊ ဆန်ဂီရာ သူ့ရဲ့ ယူရေနီယံတွေ အတွက် ဒေါ်လာ ၃၇.၅သန်း ရလိုက်သည်၊ ဘယ်တော့ စ ရနိုင်မလည်းလို့ နီကိုလပ်(စ်) က သူ့ကိုမေးတော့ ဘယ်တော့လိုချင်လည်း ပြန်မေးလိုက်သည်၊ နီကိုလပ်(စ်)က အမြန်ဆုံး လိုချင်တယ် ဖြစ်နိုင်ရင် မနက်ဖြန် လိုချင်တယ် ဆိုတော့ သူက ဒီနေရာကနေ ၈မိုင် ဝေးတဲ့နေရာက ဂိုဒေါင်ထဲမှာ ဘာအစောင့်မှ မရှိဘဲ သိမ်းထားတဲ့ ယူရေနီယံတွေကို သွားယူ ယုံဘဲဆိုလိုက်တော့ ဒီတင် နီကိုလပ်(စ်) အတော့ကို တုန်လှုပ်အံ့အားသင့် သွားခဲ့ရတယ်၊ ဒါပေမယ့် နယူးယောက်မှာ ရှိနေတဲ့ ယူရေနီယံတွေက ဗုံးလုပ်ဖို့ ဘယ်လိုမှမလောက် နောက်ထပ် အများကြီး လိုချင်သေးတယ်၊ ဒီတော့ ရှင်ကိုလိုဘွေးမှာ ပိတ်ထားတဲ့ ယူရေနီယံမိုင်းကို ပြန်တူးပြီး တနှစ် ယူရေနီယံ ပျမ်းမျှ တန်၄၀၀ ပို့ပေးဖို့ နီကိုလပ်(စ်) ရဲ့ ဆရာ စစ်ဗိုလ်ချုပ် ဂရုဒ် က တောင်းဆိုတော့ ဆန်ဂီရာ က မဖြစ်နိုင်ကြောင်း အကြောင်းပြန်လိုက်သည်၊ အလုပ်သမား ရှာရမည်၊ ရပ်ထားတဲ့ မိုင်းထဲမှ ရေတွေကို စုပ်ထုတ်ဖို့က မလွယ်၊ ဒီလိုနဲ့ အမေရိကန် အင်္ဂျင်နီယာတပ်က အခမဲ့ ရေတွေစုတ်ထုတ်ပြီး မိုင်းကို ပြုပြင်ပေးဖို့ ကမ်းလှမ်း ရတော့သည်၊ ရောင်းသူတဦး ဝယ်သူတဦး ထဲပေမယ့် လိုချင်သူက အလျှော့ပေး ရတော့သည်၊ ဒီနေရာမှာ နှစ်ဖက် သူလျှိုတွေလည်း ခြေခြင်းလိမ်နေကြမှာ သေခြာသည်၊ ဒါပေမယ့် အမေရိကန်ကလည်း အဲ့ဒီ ယူရေနီယံမိုင်းကို လက်ဝါးကြီး အုပ်ထားချင်နေသည်။

ဒီကာလ များဆီက အမေရိကန် ယူရေနီယံတွေ ဝယ်နေသလို အခြားရရှိနိုင်မယ့် နေရာတွေကို ပိုက်စိပ်တိုက်ပြီး စုံစမ်း သုတေသန လုပ်နေကြရသည်၊ နိုင်ငံ ၂၀ မှာ စမ်းသပ် ရှာဖွေပြီးတော့ ရလဒ် ထွက်လာသည်၊ ကွန်ဂိုက အဆင့်အမြင့်ဆုံး ယူရေနီယံတွေ ရှိနေပြီး၊ အမေရိကန်၊ ကနေဒါ၊ ဆွီဒင်နိုင်ငံ တွေမှာတော့ အသင့်အတင့် စွမ်းအား ကောင်းတာတွေရှိသည်၊ ချက်ကိုစလိုဘက်ကီးယား၊ ပေါ်တူဂီ နဲ့ တောင်အာဖရိက တို့မှာတော့ သင့်တော်ရုံ အဆင့် ယူရေနီယံတွေ ရှိကြောင်း တွက်ချက်တွေ့ရှိ လာကြရသည်၊ ရုရှား နဲ့ ဘူဂေးရီးယား နိုင်ငံတွေမှာတော့ မသိရှိရသေး၊ အမေရိကန် အနေနဲ့ ရှိသမျှ ယူရေနီယံတွေကို လက်ဝါးကြီး အုပ်ထားဖို့ လိုသည်၊ ရုရှား မရစေရ၊ ရုရှား အနေနဲ့ အနည်းဆုံး နောင်အနှစ် ၂၀ ကြာမှသာ လုံလောက်တဲ့ ယူရေနီယံတွေ ရနိုင်မယ်လို့ ခန့်မှန်း တွက်ချက်ခဲ့ကြသည်၊ နောက်တော့မှ တွက်တာ လုံးလုံးမှားမှန်း သိရတော့သည် …. ဘုရားရေ ! ကမ္ဘာပေါ်မှာ ယူရေနီယံတွေက သံဖြူထက်တောင် ပိုများသည်တဲ့၊ ရွှေထက် အဆအများကြီး ပိုရှိနေသည်၊ အနည်းဆုံး မတူးရသေးတဲ့ ယူရေနီယံ ပမာဏ က တန်ချိန် ၁၀၀ ဘီလီယံ အထက်မှာ ရှိနေသည်။

အမေရိကန်ရဲ့ မန်ဟက်တန် ပရောဂျက်ကြီးကို တက်နဆီပြည်နယ် ကလင့်(စ်) မြစ်အနီးမှ ဘလက်အုပ်ရစ် အရပ်မှာ စတင်တော့သည်၊ မြို့အသေး နှစ်မြို့ကို ဖယ်ရှားခဲ့ပြီး၊ အဆောက်အဦး အအုံကြီးကို ယူ-ပုံသဏ္ဍာန် ဆောက်လုပ်ထားပြီး အလုပ်သမားပေါင်း တသောင်း၊ နှစ်ထောင်ကျော်နဲ့ အဆက်မပြတ် နေ့မီး ညမီးကူးကာ လုပ်ဆောင်ခဲ့သည်၊ အလုပ်သမားတွေ မပြောနဲ့ အုပ်ချုပ်သူတွေတောင် သူတို့ ဘာလုပ်နေတယ် ဆိုတာ မသိစေရ၊ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့နှင့် တဖွဲ့နှင့် တဖွဲ့ အဆက်အသွယ် မလုပ်ဖို့ ကန့်သတ်ထားသည်၊ နောက်ပြီးအားလုံးကို စကားဝှက်တွေနှင့် ပြောင်းပေးထားသည်၊ အချိန်နှင့်အညီ အမြန်လုပ်နေရတော့ လူအား ပစ္စည်းအား အများကြီး စိုက်ထုတ်ခဲ့ကြရသည်၊ ပရောဂျက် အကျယ်က ရိုဒီကျွန်း တဝက်မျှ ကျယ်ပြီး အဆောက်အဦးပေါင်း ၅၄၀ ကျော်ရှိပြီး အလုပ်သမား ဦးရေက ပနားမားတူးမြောင်းကို တူးခဲ့တဲ့ လူထက် ပိုများသေးသည်၊ အဲ့ဒီအထဲမှ အုတ်ဂူပုံစံ ဘလက်ဘန်းလို့ အမည်ဝှက် ပေးထားတာ ကတော့ ပထမဆုံး အခိုင်အခံ့ ဓာတ်ပေါင်းဖိုပင် ဖြစ်တော့သည်၊ ချီကာဂိုမှ သုတေသန လုပ်ထားသော ဓာတ်ပေါင်းဖို ပုံစံကိုယူပြီး ဆောက်လုပ်ထားခြင်း ဖြစ်သည်။

၁၉၄၅ ခုနှစ်မှာ ဂျပန်က စစ်ရှုံးဖို့ သေခြာသလောက် ဖြစ်နေပြီ၊ အမေရိကန်မှာက အဏုမြူ ဗုံးထုတ်ဖို့ လုံလောက်တဲ့ သန့်စင် ယူရေနီယံ ယူ၂၃၅ က မရသေး၊ စစ်မပြီးခင် ဗုံးထုတ် ပြီးနိုင်ဖို့ အရေးတကြီး လိုအပ်နေသည်၊ အဲ့ဒီအချိန်မှာဘဲ မမျှော်လင့်တဲ့ အံ့ဩစရာတွေ ဖြစ်လာခဲ့ရသည်၊ အဒေါ့(ဖ်) ဟစ်တလာ တယောက် နောက်ဆုံး စပက်ကတီကို စားပြီး ဘန်ကာထဲမှာ သူ့ကိုယ်သူ သတ်မသေမီ တလကျော် အလို တရက်မှာ အန်တာဆီးဘု ၂၃၄ အမည်ရှိတဲ့ သာမန် ယူဘုတ်တွေထက် သုံးဆကြီးတဲ့ ရေငုတ်သင်္ဘောကြီး တစီးဟာ အလွန် စိတ်ဝင်စားဖွယ်ရာ ကုန်ပစ္စည်းတွေ တင်ဆောင်ပြီး ဂျာမန်ဆိပ်ကမ်း ကီရယ် မှ ရေတပ်သား ၆၀ နဲ့ တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာလာခဲ့သည်၊ ထိုစဉ် ရုရှားရဲ့ တပ်နီတော်က ဘာလင်မြို့နားကို ရောက်လာနေပြီး အမေရိကန် ဗိုလ်ချုပ် အိုင်စင်ဟောင်းဝါးရဲ့ တပ်တွေကလည်း မိုဆယ်လီ မြစ်ကိုဖြတ်ကူး ပြီးကြနေပြီ၊ ရှိသမျှ ယူဘုတ် ၄စီးမှာ ၃စီး က တိုက်ပွဲမှာ ကုန်ပြီ၊ ဒီတော့ ဒီရေငုတ် သင်္ဘောကြီးက ဘာလုပ်မှာပါလိမ့် တွေးထင် စရာတွေပေါ့။

ဂျာမန်ရေငုတ် သင်္ဘောကြီးက ဂျပန်နိုင်ငံကို ဦးတည်နေတာ ဖြစ်ပြီး၊ သင်္ဘောပေါ်မှာ ပါလာတာတွေ ကတော့ ဂျာမန်တို့ရဲ့ ဗွီတူး ဒုံးကျည် ဘလူးပရင့် အပြည့်အစုံ၊ ဓာတုလက်နှက် များနှင့် ထုတ်လုပ်ပုံစံများ၊ စံနစ်တကျ ဖြုတ်သိမ်းထားတဲ့ နောက်ဆုံးထုတ် တိုက်လေယာဉ်နှစ်စီး၊ စတဲ့ ပစ္စည်းတွေအပြင် နောက်ဆုံး အထူးသေတ္တာကြီး ၁၀လုံးထဲမှာ ပါလာတာတွေ ကတော့ ယူရေနီယံ များပင် ဖြစ်တော့သည်၊ စုစုပေါင်း ၁၂၃၅ ပေါင်ပါရှိသည်၊ ဘယ်လ်ဂျီယံ က ရတာတွေ ပါနိုင်သလို ချက်ကိုစလိုဘက်ကီးယား (ယခု ချက် နိုင်ငံ) မှ တူးဖော် ရတာတွေလည်း ဖြစ်နိုင်သည်၊ နောက်ထပ်ပါလာတဲ့ အထူး ခရီးသည် ၁၄ ယောက်ကတော့ နာဇီပါတီမှ ပညာရှင် နဲ့ ဗိုလ်ချုပ် များပင်ဖြစ်သည်၊ လေကြောင်း ကာကွယ်ရေး ကျွမ်းကျင်သူ၊ ဗွီတူးဒုံးပျံ ပညာရှင် စတဲ့ သူတွေဖြစ်ပြီး ဂျပန် အဆင့်မြင့် အရာရှိ နှစ်ယောက်လည်း ပါလာခဲ့သည်၊ ရေငုတ်သင်္ဘောကြီးက အာဖရိက တိုက်ကိုပတ်ပြီး အရှေ့တောင်အာရှမှ ကွေ့ကာ ရန်သူကို ရှောင်ပြီး သွားရမည် ဖြစ်သည်၊ ဂျာမန်တို့ အနေနဲ့ မိတ်ဆွေ ဂျပန်တို့ကို စစ်မရှုံးစေရန် အကောင်းဆုံး အကူညီပေးခြင်း ဖြစ်ချေသည်။

ရေငုတ်သင်္ဘောကြီး အာဖရိကကို ဖြတ်နေစဉ်မှာဘဲ ဂျာမန်ရေဒီယိုမှ လက်နက်ချကြောင်း ကြေငြာသည်၊ ရေငုတ် သင်္ဘောတွေ အနေနဲ့ အဆင်ပြေတဲ့ နေရာတွေမှာ လက်နက်ချဖို့ပါ ညွှန်ကြားထားသည်၊ ကဲ..ဘယ်လို လုပ်ကြမလဲ၊ ထိုသင်္ဘောမှ သဘောထား အမျိုးမျိုး ပေးကြသည်၊ တချို့ကလည်း အာဂျင်တီးနား ဘက်မှာ သွားရှောင်နေပြီး သူတို့မှာပါတဲ့ ကုန်ပစ္စည်းတွေနဲ့ အပေးအယူ လုပ်လို့ ရနိုင်တာတွေ ရှိသည်ဟု အဆိုပြုကြသည်၊ လက်နက်ချမည် ဆိုရင်လည်း ဘယ်မှာ သွား လက်နက်ချကြမလဲ၊ ဆိုဗီယက်တွေဆီတော့ သွားလို့မဖြစ် အပြင်းအထန် တိုက်ခဲ့ရတဲ့ ရန်သူတော်တွေ၊ အင်္ဂလိပ်ကိုလည်း သူတို့တွေ အကြီးအကျယ် ဗုံးကြဲထားခဲ့သည်၊ နောက်ဆုံးတော့ အမေရိကန်မှာ လက်နက်ချဖို့ ဆုံးဖြတ် လိုက်တော့သည်၊ ပါလာတဲ့ ဂျပန် အဆင့်မြင့် အရာရှိ ၂ဦးကတော့ သူတို့ ဂျပန်က လက်နက်မချသေးတော့ သူတို့ ကိုယ်သူတို့ ခါမီခါဇေ လုပ်ကာသတ်သေ လိုက်ကြရတော့သည်၊ သူတို့နဲ့အတူ ပါလာတဲ့ ယူရေနီယံတွေ ဘယ်ရောက်သွားသည် ကိုတော့ ဘယ်သူမှမသိ၊ သိလည်း ပြောကြမည်မထင်၊ ပြောဝံ့မည် မထင်၊ ဘာဘဲဖြစ်ဖြစ် ယူရေနီယံဘေ့(စ်) အဏုမြူဗုံးကို ၁၉၄၅ ဩဂုတ်လ ၆ရက်မှာ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့ပြီး၊ ၃ ရက်ခန့် အကြာမှာတော့ ပလူတိုနီယံ ဗုံးကို နာဂါစါကီမြို့မှာ သွန်ဖြိုး ကြဲလိုက်ပြန်တော့သည်။

လုံလောက်တဲ့ ယူရေနီယံ အလွယ်တကူ ဆိုဗီယက်တို့ မရနိုင် ဟု အမေရိကန်တို့ ထင်ထားခဲ့သည်၊ သို့ပေမယ့် ဘိုဟီးမီးယား က စိန့်ဂျိုချင်စသယ် မိုင်းကနေ ယူရေနီယံတွေ တူးဖော်နိုင်ကြသည်၊ အရှေ့ဂျာမဏီရှိ မိုင်းကလည်း ရုရှားတွေ အများအပြား ရလိုက်ကြသေးသည်၊ ဒီတော့ နောင်အနှစ်၂၀ မှ အဏုမြူဗုံး ပိုင်နိုင်မယ်လို့ အမေရိကန်တို့က တွက်ခဲ့ကြပေမယ့် ဂျပန်ကိုဗုံးကြဲ အပြီး ၄ နှစ်အကြာ ၁၉၄၉ ဩဂုတ်လ မှာဘဲ ဂျိုး ဝမ်း လို့ အမည်ဝှက် ပေးထားတဲ့ အနုမြူဗုံးကို ဆိုဗီယက်တို့ အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲ နိုင်ခဲ့ကြတော့သည်။

၁၉၆၉ ခုနှစ် အတွင်းက ရက်တရက်မှာ ဩစတေးလျ နိုင်ငံမြောက်ပိုင်းက အဘောရီးဂျင်း တိုင်းရင်းသားတို့ အထွတ်အမြတ် ထားရာ မောင့်ဘရော့မန်း တောင်ထွတ်နားကို ဖြတ်ပြီး အလူမီနီယံ ကုမ္မဏီတခုမှ ရေဒီယို မက်ထရစ်ဆာဗေး တိုင်းတဲ့လေယာဉ် တစင်း ဖြတ်ပျံသွားပြီး နောက်ပိုင်းမှာတော့ အလွန်ကောင်းမွန်တဲ့ ယူရေနီယံ သတ္ထုတွေ အမြောက်အများ ဩစတေးလျ နိုင်ငံမှာ စတင် တွေ့ရှိလေတော့သည်၊ ရှင်ကိုလိုဘွေး အဆင့်မှီ ယူရေနီယံများ ဖြစ်သည်၊ နောက်တော့ ဩစတေးလျတိုက ်နိုင်ငံမှာ ကမာ္ဘ့ မတူးဖော် ရသေးတဲ့ ယူရေနီယံ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ( အခြားတနေရာမှာ ၂၆ ရာခိုင်နှုန်းလို့ ဖော်ပြထား၊ ခုနှစ်အလိုက် ပြောင်းလဲမှု ရှိနိုင်ပါသည် ) ရှိကြောင်း တွေ့ရှိလာရသည်။

၁၉၇၀ ခုနှစ် မှာတော့ ပိုကြီးမားတဲ့ သတ္ထုသိုက် ဂျဘီလူကာ ကို ထပ်တွေ့ကြပြန်သည်၊ နာမည်ကြီး ဩစတေးလျ ကုမ္မဏီ ရိန်းဂျား၊ မယ်ရီ ကတ်သလင်း နှင့် အိုလံပစ် ဒန် တို့က အဓိကထား တူးဖော်နေကြပြီး၊ ကနေဒါကလည်း လာရောက် ရင်းနှီးမြုတ်နှံကြသည်၊ ဘာဘဲပြောပြော အိနိ္ဒယရဲ့ ပထမဆုံး အနုမြူစမ်းသပ်မှု အတွက်ရတဲ့ ယူရေနီယံတွေက ဩစတေလျက လာသည်ဟု သိရှိရသည်၊ ဩစတေးလျ ကတော့ တနှစ်ကို ယူရေနီယံ ရဲလိုးကိတ် ( ယူရေနီယံကို ရောင်းချရာတွင် ရဲလိုးကိတ် အဆင့်ပြုလုပ်ပြီး သယ်ယူပို့ဆောင် ရောင်းချရသည် ) တန်ချိန် ၉၀၀၀ ကျော် ပုံမှန် တင်ပို့နေခဲ့သည်၊ နောက်ထပ် ဟောနီမွန်း လို့ ခေါ်တဲ့ ပရောဂျက် တခုကလည်း ၂၀၀၈ မေလမှ စတင်ဖို့ ပြင်ဆင်ခဲ့ပြီး၊ ဝန်ကြီးချုပ် ဂျွန် ဟိုးဝှပ် ကလည်း တရုတ်အစိုးရဲ့ ဓာတ်ပေါင်းဖို အသစ် ၄၀ ကျော်အတွက် တနှစ်ကို ရဲလိုးကိတ် တန်ချိန် နှစ်သောင်းနှစ်ထောင် တင်ပို့ရန် ၂၀၀၆ ခုနှစ်ထဲက သဘောတူူစာချုပ် ချုပ်ဆို ထားခဲ့သည်၊ ၂၀၀၇ ခုနှစ် မှာတုန်းကတော့ ရဲလိုးကိတ် တပေါင်ကို ဒေါ်လာ ၁၂၀ အထိ ဈေးတက် သွားခဲ့သေးသည်၊ ရဲလိုးကိတ် ပေါက်ဈေးက လက်ရှိ တပေါင်ကို ဒေါ်လာ ၅၀ ခန့် ပျမ်းမျှရှိသည်။

တကယ်တန်းတွင့် ဩစတေးလျ နိုင်ငံသည် ယူရေနီယံများ တင်ပို့နေနေသော်လည်း ၎င်းနိုင်ငံတွင် အနုမြူ ဓာတ်ပေါင်းဖို မထားရှိပေ ( နျူ ကင်းလွတ် တိုင်းပြည် ဖြစ်သည်။ )၊ ၁ ကီလိုဝပ် သာရှိသော သုတေသနအတွက် သက်သက်ရှိတယ် ဆိုယုံလေး စက်ရုံအသေးလေး တခုသာ ဆစ်ဒနီမြို့ အပြင်ဖက်နားမှာ ရှိသည်။

အာဖရိကနိုင်ငံ နိုင်ဂျာနိုင်ငံ က ကမ္ဘာ့အကြီးဆုံး ယူရေနီယံမိုင်းကြီး ကို သွားရာလမ်းက သိပ်မကောင်းပါ၊ နိုင်ဂျာနိုင်ငံရဲ့ ဧရိယာ အများစုကလည်း ဆာဟာရ သဲကန္တာရ ရဲ့အစိတ်အပိုင်း သက်သက်သာ၊ ကမာ္ဘ့ စတုထ္တ ယူရေနီယံ အများဆုံးတင်ပို့သော နိုင်ငံဖြစ်ပေမယ့် အဆင်းရဲဆုံး နိုင်ငံတခုလည်း ဖြစ်သည်၊ ၎င်းမှ ယူရေနီယံ မိုင်းကြီးကို တူးဖော် နေသူတွေ ကတော့ ပြင်သစ်နိုင်ငံ ပဲရစ်အခြေစိုက် အာရီဗာ ကုမ္မဏီ ဖြစ်ပြီး နှစ်ရှည် စာချုပ် ချုပ်ထားကာ အလွန်သက်သာတဲ့ အခွန်သာ နိုင်ဂျာ အစိုးရကို ပေးဆောင်ရပေသည်၊ ဒီလိုနှင့် အနောက် နိုင်ငံကုမ္မဏီ တွေက သယံဇာတ တွေကို လက်ဝါးကြီး အုပ်ထားပြီး ထိုနိုင်ငံ ပြည်သူတွေ ကတော့ ဆင်းရဲမြဲ ဆင်းရဲသာ ဖြစ်သည်၊ သို့ပေမဲ့ ဘာမှမတတ်နိုင် နိုင်ဂျာနိုင်ငံကလည်း တင်ပို့ ရောင်းချစရာဆိုလို့ ယူရေနီယံနှင့် ကြက်သွန်နီသာ ရှိသည်၊ လက်ရှိသမ္မတ မာမက်ဒို တန်းဂျ် ကလည်း ယခုဆို တတိယအကြိမ် သမ္မတအဖြစ် ထပ်မံ ရွေးချယ်ခံရ ပြန်သည် တိုင်းပြည်က နာလံမထူနိုင်သေး၊ ဟိုးတချိန်က နိုင်ဂျာမှာ အာဏာသိမ်းခဲ့တဲ့ သမ္မတ ဆီးနီ ကောင့်ချီ က (တိုင်းပြည် တိုးတက်ဖို့ရန်) လိုအပ်ရင် မကောင်းဆိုးဝါး ဖြစ်ပစေ ယူရေနီယံကို ရောင်းရမှာဘဲ ပြောခဲ့ဖူးသည်၊ ပြောခဲ့တာ ကြာခဲ့ပြီ ဆိုပေမယ့် အနောက်နိုင်ငံ ထောက်လှမ်းရေးတွေက ဒီစကားကို ဥပါယ်တမြည်ဖြင့် မမေ့ကြ။

၂၀၀၂ ခုနှစ် အောက်တိုဘာလ ရက်တရက်က ရောမမြို့ တနေရာမှာ အသက်၆၀ အရွယ်ခန့် ရှိတဲ့ ရီကိုမာတီနို ဆိုတဲ့ လူကြီးက အမျိုးသမီး တယောက်ကို နေ့လည်စာ စားဖို့ အလွန်ကောင်းမွန်တဲ့ စားသောက်ဆိုင် တဆိုင်သို့ ခေါ်လာခဲ့သည်၊ ကိစ္စကတော့ တခြားမဟုတ် မာတီနိုဆိုတဲ့ လူကြီးက အရေးကြီး သတင်းတခုကို ရောင်းဖို့ ကြိုးစားနေခြင်း ဖြစ်သည်၊ အမျိုးသမီးကတော့ သတင်းထောက် တယောက်ဖြစ်ပြီး၊ လူကြီးက သူမကို ယူရေနီယံ အမြောက်အများ ရောင်းချတဲ့ နိုင်ငံသိလားဟု မေးလိုက် ပြီးနောက် ဖိုင်တခုကို လှမ်းပေးလိုက်သည်၊ လူကြီး လှမ်းပေးလိုက်တဲ့ ဖိုင်ကို ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ အမျိုးသမီး မျက်လုံးပြူး သွားခဲ့ရသည် နိုင်ဂျာသမ္မတ တန်းဂျ် က အီရတ်နိုင်ငံကို ယူရေနီယံ တနှစ်ကို တန်၅၀၀ ရောင်းဖို့ သဘောတူထားတဲ့ စာချုပ် မိတ္တူဖြစ်နေသည်၊ အီတလီ ထောက်လှမ်းရေး စစ်စမီ လို အဖွဲ့တွေက အစ အဆက်အသွယ် အလွန်ကောင်းတဲ့ လူကြီးက ဘယ်လို ရလာသည်ကို မပြော၊ သူလိုချင်တာ ကတော့ ဒီဖိုင်အတွက် ဒေါ်လာ တသောင်းနှစ်ထောင်သာ၊ ဒီလိုနဲ့ သူ့အထက် အယ်ဒီတာကို တင်ပြလိုက်သည်၊ အယ်ဒီတာ ကနေတဆင့် အီတလီ ဝန်ကြီးချုပ် ဘာလူစကိုနီ ဆီကို ရောက်သွားတော့သည်၊ အမေရိကန်နဲ့ အထူးရင်းနှီးသူ မဟာမိတ်တွေဆိုတော့ အီရန်မှာ အထူးဖျက်အား ကောင်းတဲ့ လက်နက်တွေကို အသဲအသန်ရှာနေတဲ့ အမေရိကန်သမ္မတ ဂျော့ ဒလျူ ဘုရှ် ဆီကို ထိုဖိုင် အမြန်ရောက်သွား လေတော့သည်၊ သံသယတွေ ပိုမိုခိုင်မာ လာလေတော့သည်၊ အခြား ထောက်လှမ်းရေးအဖွဲ့တွေ ဆီကလည်း သတင်းက ရပြီးသား ဖြစ်နေသည်၊ နဂိုရ်က ရထားတဲ့ သတင်းတွေထဲမှာ ဒီသတင်းက ပိုခိုင်မာအောင် လုပ်ပေးသလို ဖြစ်သွားတော့သည်။

တကယ်တော့ ဒီသတင်းက သတင်းအမှားသာ ဖြစ်သည်၊ မာတီနိုက သက်သက်လူလည် လုပ်ပြီး သတင်းရောင်းတာ ဖြစ်သည်၊ နိုင်ဂျာသမ္မတ လက်မှတ်ကို တနေရာကနေ ကတ်ကျေးနဲ့ကိုက်ပြီး မိတ္တူ ပြန်ဆွဲထားတဲ့ စာချုပ်အတုကြီးသာ၊ ဒါမှမဟုတ်လည်း ရမယ်ရှာနေတဲ့ အမေရိကန်ကို မိတ်ဆွေ အီတလီ က ကူညီလိုက်တာလည်း ဖြစ်နိုင်သည်။

အီရန်ပြည်က လှပတဲ့ နေတန် လို့ခေါ်တဲ့ တောင်တန်းမြို့နားမှာ မြေအောက်ဥမှင် တခုရှိသည် အဲဒီဥမှင် အတွင်းမှာတော့ လျိူ့ဝှက် တည်ဆောက်ထားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို တခုရှိနေတယ်လို့ တိကျတဲ့ ထောက်လှမ်းရေး သတင်းတွေက ဆိုကြတယ်၊ အဲ့ဒီ ဓာတ်ပေါင်းဖို ကတော့ အစ္စရေးရဲ့ ဒိုင်မိုနာ ဓာတ်ပေါင်းဖို လိုဘဲ မြေအောက်မှာ တည်ထားပြီး၊ အလွယ်တကူ ဝေဟင် ကနေ မမြင်နိုင် ဗုံးမကြဲ နိုင်အောင်လုပ်ထား လေသည်၊ နေတန် ဓာတ်ပေါင်းဖိုက ဘတ်စကတ် ဘောကွင်းသာသာ အခန်းထဲမှာ စင်ထရယ်ဖြု့(စ်) ၃၀၀၀ တပ်ဆင်ထားပြီး အဲဒီကနေ လည်ပတ်ပြီး ယူရေနီယံ ၂၃၅ ကို ဖမ်းယူနိုင်သည်၊ ဒီဇိုင်း ကတော့ အေကျူ ခန်း ၏ ဒီဇိုင်းဖြစ်သည်ဟု ဆိုကာ အေကျူ ခန်း ကလည်း ဘယ်လို ခိုးလာတာလည်း ဆိုတာ ဇါတ်လမ်းက ရှိပြန်သေးသည်၊ ဘာဘဲပြောပြော အီရန်ကလည်း ခေသူမဟုတ် ကိုယ်ပိုင် ဒီဇိုင်း အိုင်အာ-တူး ကို စမ်းသပ် ထုတ်လုပ်ထားသည်၊ အဲဒီ အီရန်ရဲ့ ဒီဇိုင်းက အေကျူ ခန်းရဲ့ ပုံစံထက် ထက်ဝက် ပိုငယ်ပြီး လေးဆ ပိုထုတ်လုပ်နိုင်အား ရှိသည်ဟု ဆိုသည်၊ ဆံပင်ညှပ်သမား၊ ပန်းပဲဆရာ သားကနေ သမ္မတ ဖြစ်လာတဲ့ မာမွတ် အာမက် ဒီနီဂျက် ကြည့်ရတာတော့  ကမာ္ဘကြီး ဘာပြောပြော အေးအေးဆေးဆေးပင်..  စစ်ဆေးမဲ့သူတွေ စစ်ချင်လည်း ငြင်းတဲ့ သူတွေကတော့ ငြင်းနေဆဲပင်.. နောက်ထပ် နိုင်ငံတွေ အများကြီး ရှိပါသေးသည်၊ တချို့ကတော့ နျူကလီးယား ဆိုင်ရာ သဘောတူညီချက် လက်မှတ် ရေးထိုးထားကြပြီး၊ တချို့ နိုင်ငံတွေကတော့ မထိုးထားကြ၊ နောက်ပိုင်း ရုရှား က နိုင်ငံတွေ ကွဲထွက်သွားပြီး နောက်မှာ ဂျော်ဂျီယာ၊ ယူကရိန်း စတဲ့ နိုင်ငံတွေက သူ့တို့ ဆီမှာထားတဲ့ နျူကလီးယား လက်နက်တွေကို ဖျက်သိမ်းပြီး ရုရှားကို ပြန်ပို့ လိုက်ကြရသည်။

အဲ့ဒီ နျူကလီးယား ထိပ်ဖူးပေါင်း သောင်းကျော်ထဲက တချို့ကို အမေရိကန်ကို ယူရေနီယံ လောင်စာ အဖြစ် ပြောင်းလဲ တင်ပို့ခဲ့ပြီး၊ အဲဒီ လောင်စာတွေကို ဓာတ်ပေါင်းဖိုတွေမှာ သုံးကာ အမေရိကန်နိုင်ငံရဲ့  လျှပ်စစ်သုံးစွဲမှု ၂၀ ရာခိုင်နှုန်းကို ၂၀၁၃ ခုနှစ် အထိ မီးပေး ထားနိုင်သည် တဲ့၊ ဒီတော့ မီး ၁၀ခါဖွင့်လျှင် ၂ခါက ရုရှား ကလာတဲ့ နျူကလီးယား ထိပ်ဖူးတွေက ဖြစ်သည်ဟု ဆိုနိုင်သည်၊ ယခု စာရေးနေရင်း စာရေးသူ မီးဖွင့်တာ ၁၀ခါလောက်တော့ ရှိလောက်ပြီ၊ စိတ်ဝင်စားစရာတွေ ဆက်ရေးလျှင် ကမာ္ဘအနှံ့က နျူထိပ်ဖူးတွေ များလာမည် ကမာ္ဘကြီးပေါ်၌ အင်အားပြိုင်ဆိုင်ရာ သုံးသော ဘယ်အချိန် ပြီးနိုင်မည် မသိသော ယူရေနီယံ ဇာတ်လမ်းကို ဒီမျှသာ ရပ်နား လိုက်ရသည်။

ရန်မျိုး

LEAVE A REPLY

Please enter your comment!
Please enter your name here