တောင်ကိုရီးယား က မြောက်ကိုရီးယားသို့ ရိက္ခာထောက်ပ့ံ ပေးနိုင်ရန် ကမ်းလှမ်း

alt

တောင်ကိုရီးယား အစိုးရက အောက်တိုဘာ (၂၆)ရက် နေ့တွင် မြောက်ကိုရီးယား ထံသို့ ပြောင်းတန်ချိန် (၁၀၀၀၀) အား ထောက်ပံ့ပေးပို့ လိုကြောင်း တရားဝင် ကမ်းလှမ်း လိုက်သည်။

ယင်းသည် နှစ်နိုင်ငံ အစိုးရများကြား (၂)နှစ် နီးပါးကြာ ကာလအတွင်း ပထမဆုံး အထောက်အပံ့ ကိစ္စ ဆွေးနွေးမှုလည်း ဖြစ်ခဲ့ကြရသည်။ သို့သော်လည်း ယခု ပမာဏသည် ယခင်က တောင်ကိုရီးယား ဖက်မှ ပေးပို့နေကျ ဖြစ်သည့် ဆန်တန်ချိန် (၅၀၀၀၀၀)၊ ဓာတ်မြေဩဇာ တန်ချိန် (၃၀၀၀၀၀) နှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါး သွားခဲ့ပြီ ဖြစ်သည်။

ထိုစဉ်က တောင်ကိုရီးယား၏ ထောက်ပံ့မှုကြောင့် မြောက်ကိုရီးယား နိုင်ငံ၊ စားနပ် ရိက္ခာကဏ္ဍတွင် သိလှောင်နိုင်မှု တန်ချိန် သန်းနှင့်ချီ မြင့်တက် ခဲ့ရသည်။ သို့သော်လည်း မြောက်ကိုရီးယားက နျူကလီးယား စီမံကိန်းများကို ဆက်လက် အကောင်အထည် ဖော်နေခဲ့ပြီးနောက် တောင်ကိုရီးယားက ၎င်းတို့၏ ထောက်ပံ့မှုများကို ရပ်ဆိုင်း ထားခဲ့သည်။

ထိုအခါ နှစ်နိုင်ငံကြား တင်းမာမှုများ ပြန်လည် ကြီးထွားလာသလို ယခုနှစ်အတွင်း မြောက်ကိုရီးယားက နျူကလီးယားဗုံး အပါအဝင် လက်နက် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ အခြေအနေ ပိုမိုဆိုးရွား လာခဲ့ရသည်။ သို့သော်လည်း ယင်း အခြေအနေကို တောင်ကိုရီးယား နှင့် အမေရိကန် တို့က ကြိုးစား ညှိနှိုင်းမှုကြောင့် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ ယခုလပိုင်း အတွင်း ပြန်လည် တိုးတက် လာခဲ့ရသည်။

တောင်ကိုရီးယား အစိုးရက ယခု အဆိုပြုသော ထောက်ပံ့မှု ပမာဏသည် ကနဦး မျှသာဖြစ်ပြီး နောက်ထပ်လည်း စီးပွားရေးနှင့် စားနပ်ရိက္ခာ အထောက်အပံ့များ ပေးပို့သွားရန် စီစဉ်ထားကြောင်း ကြေညာသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here