ပါကစ္စတန် စစ်တပ်နှင့် တာလီဘန် တို့ကြား တိုက်ပွဲများ ပြင်းထန်နေ

alt

စစ်သွေးကြွများနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲနှစ်ခု အတွင်း ပါကစ္စတန် လုံခြံုရေး တပ်ဖွဲ့ဝင် (၆)ဦးတို့ သေဆုံး သွားကြောင်း အောက်တိုဘာ (၂၆)ရက် နေ့တွင် စစ်တပ်က ကြေညာခဲ့သည်။

ယင်းနေ့သည် ပါကစ္စတန်ရှိ တာလီဘန် တပ်ဖွဲ့ အကြီးအကဲက စစ်တပ် အနေနှင့် မိမိတို့အပေါ် ထိုးစစ် ဆင်နေမှုအား မရပ်ဆိုင်း ပါက နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုများ ကြံုရ ဦးမည်ဟု သတိပေးခဲ့ပြီး နောက်တနေ့လည်း ဖြစ်သည်။

ပါကစ္စတန် စစ်ကြောင်းများသည် အာဖဂန်နစ္စတန် နှင့် နယ်စပ်ဒေသရှိ တာလီဘန် စစ်သွေးကြွ အခြေစိုက် စခန်းများကို ပြီးခဲ့သည့် ရက်ပိုင်းမှ စကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။ တောင်ပိုင်း ၀ါဇီရစ်စတန်သို့ ဦးတည်ချီတက်နေသော စစ်ကြောင်းများသည် ယခုအခါ (၉)ရက်မြောက် စစ်ဆင်မှုကို ပြုလုပ်နေကြောင်း အောက်တိုဘာ (၂၆)ရက်နေ့က စစ်တပ် တာဝန်ရှိသူများက ကြေညာသည်။

ထို့အပြင် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အသေခံ ဗုံးခွဲမှုများ အားလုံး၏ (၈၀) ရာခိုင်နှုန်းကို တာလီဘန်တို့က ညွှန်ကြား ဖန်တီးနေသည်ဟု ယူဆ ရကြောင်းလည်း စစ်ဘက်မှ အကြီးအကဲများက သုံးသပ် ထားကြသည်။ ယခု နောက်ဆုံး ဖြစ်ပွားခဲ့သော ပထမ တိုက်ခိုက်မှုမှာ တိုရာဝါရာ ကျေးရွာတွင် နံနက်မလင်းမီ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ (၃)နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

ဒေသခံ လုံခြံုရေး တပ်ဖွဲ့မှ တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်(၂)ဦး ကျဆုံးကြောင်း အတည်ပြုခဲ့ပြီး စစ်သွေးကြွ (၁၀)ဦး ထက်မနည်း သေဆုံးမည်ဟု ခန့်မှန်းခဲ့သည်။ တောင်ပိုင်း ၀ါဇီရစ်စတန်၏ မြောက်ဘက်ရှိ အခြားသော ကျေးရွာတခုဖြစ်သည့် မာတက်ခါးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်မူ လုံခြံုရေး တပ်ဖွဲ့ဝင် (၄)ဦးနှင့် စစ်သွေးကြွ (၇)ဦးတို့ သေဆုံးခဲ့ရသည်။

တာလီဘန် တို့သည် ယခု လအတွင်း ပါကစ္စတန် အစိုးရအား ဆန့်ကျင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်စွာ ဆောင်ရွက်ခဲ့ပြီး အသေခံဗုံးခွဲမှု အပါအဝင် အကြမ်းဖက်မှု များကြောင့် တလအတွင်း လူပေါင်း(၂၀၀)ကျော် သေကြေစေခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here