၂နှစ် အတွင်း အဆိုးရွားဆုံး ကား၂စင်း အသေခံဗုံးခွဲမှု အီရတ် နိုင်ငံတွင်ဖြစ်ပွား

alt

လွန်ခဲ့သော (၂)နှစ် အတွင်း အီရတ်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သမျှ အကြမ်းဖက်မှု များအနက် အဆိုးရွားဆုံး အဖြစ် အောက်တိုဘာ (၂၅)ရက် နေ့က ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှုများကြောင့်

လူပေါင်း (၁၅၀)ထက် မနည်း သေဆုံး ခဲ့ရသည်။

တရားရေး ၀န်ကြီးဌာနနှင့် ဘဂ္ဂဒက် အုပ်ချုပ်ရေးရုံး တို့အနီး အသေခံ ကားဗုံးနှစ်ခုကို ဖောက်ခွဲပစ်ခဲ့ရာ ထိုနေရာတွင် သွေးအလိမ်းလိမ်း ဖြစ်သွားစေခဲ့ပြီး အနည်းဆုံး လူ(၇၅၀)မျှ ဒဏ်ရာ ရရှိစေခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အီရတ်ရှိ လူမျိုးစုများသည် အကြမ်းဖက်မှုကို တိုက်ဖျက်နိုင်ရန် ညီညီညွတ်ညွတ် ပေါင်းစည်း သင့်ကြောင်း တိုက်တွန်း လိုက်သည်။ ပေါက်ကွဲမှုသည် ဇန်နဝါရီလတွင် ကျင်းပမည့် အီရတ် ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများ အစည်းအဝေး ပြုလုပ်ခါနီးတွင် ဖြစ်ပေါ်လာခြင်းဟု သိရသည်။

ယခု ပေါက်ကွဲမှုကြောင့် အီရတ်မှ အမေရိကန်တပ်များ ဆုတ်ခွာချိန်တွင် ယင်းနိုင်ငံ၏ လုံခြံုရေး တည်ငြိမ်မှုအတွက် အစိုးရက တာဝန်ယူနိုင်သည့် အတိုင်းအတာ အပေါ် သံသယ ဖြစ်စရာ အခြေအနေမျိုးသို့ ရောက်ရှိ လာခဲ့သည်။ အီရတ် ၀န်ကြီးချုပ် နော်ရေးအယ် မက်လီကီး က အစိုးရအနေနှင့် ယခုကိစ္စအား အာရုံစိုက် ကိုင်တွယ် သွားမည်ဟု ကတိပြုခဲ့သည်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမား ကလည်း ထိုဗုံးခွဲမှုမှာ အပြစ်မဲ့ အရပ်သားများကို သေကြေစေသည့် အဓမ္မ လုပ်ရပ်တခုသာ ဖြစ်ကြောင်း စွပ်စွဲ အပြစ်တင်ခဲ့သည်။ ယခု ပေါက်ကွဲသော ဗုံးသည် (၂၀၀၇)ခုနှစ်၊ ဧပြီလက ဘဂ္ဂဒက်တွင် ယှီးရိုက် မွတ်ဆလင် များအား ရည်ရွယ် တိုက်ခိုက်ခဲ့သည့် ဗုံးပေါက်ကွဲမှု နောက်ပိုင်း အီရတ်၏ အဆိုးဆုံး အကြမ်းဖက်မှု ဖြစ်လာခဲ့ပြီး ထိုစဉ်က ပေါက်ကွဲမှုအတွင်း လူပေါင်း (၁၈၀)ကျော် သေဆုံးခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here