အမြည်းတို့ရဲ့ ဒဏ္ဍာရီ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ကြံုဖူးသမျှ အရက်ဆိုင်တွေကို သတိ ထားမိခဲ့တာလေး တခုရှိတယ် ဗျ၊ အဲဒါကတော့ သူတို့ရဲ့ လှို့ဝှက်ချက်လို အရက်ဆိုင်တိုင်း ဆိုင်တိုင်းမှာ အမြည်းကောင်းကောင်း တခုတော့ ရှိတတ် ကြတာပါပဲ။ အရက်ဆိုင်တွေရဲ့ အကောင်းဆုံး လက်စွမ်းပြတွေပေါ့၊ ဘာမဟုတ်တဲ့ လမ်းဘေးဘုံဆိုင် တောင်

အနည်းဆုံး လဖက်သုတ်တော့ ကောင်းကြတယ်..။ ဆိုင်တွေကလည်း သူတို့ အမြည်းတွေကို ထင်သာမြင်သာ ထင်ရှားစေဖို့ စာလုံးခပ်ကြီးကြီး ရေးပြီး နံရံတွေမှာ ကပ်ထားကြတယ်၊ တချို့က မီနူးကတ်ဒ်လေးတွေ လုပ်ပြီး သပ်သပ်ခတ်ခတ်နဲ့ ပေါ့။ ရောင်းရင်းတို့လည်း မြင်ဖူးကြမှာပါ…။ “ယနေ့..ဆိတ်ပဲ ရပြီ” (ဆိတ်သား နှင့် ချက်သော ပဲဟင်း) တို့ ဘာတို့ပေါ့..လေ။

တခါတော့… စာရေးသူ ဟင်္သာတမြို့ကို အလည်သွားခဲ့တယ်၊ အဲဒီရောက်တော့ နယ်ခံ မိတ်ဆွေက အလိုက်တသိပဲ.. ရောက်ရောက်ချင်း ရှပ်ကီဆိုင်ကို ခေါ်သွားတယ်ဗျ၊ ဆိုင်ရောက်တော့ ထုံးစံအတိုင်း အရက်နဲ့ အမြည်း တခါတည်း တွဲမှာတာပေါ့။ အဲဒီမှာ အမြည်းကို သူငယ်ချင်းက မှာလိုက်တာက “အူကြောင်ကျား တပွဲဟေ့” လို့ မှာလိုက်တယ်၊ ကျနော် မကြားဖူးတော့ နည်းနည်း ထူးဆန်း သွားတာပေါ့၊ မိတ်ဆွေကို မေးကြည့်တော့ သူကလည်း မပြောဘူး.. လာတော့မှ ကြည့်ပါတဲ့။

သူက ဒကာဆိုတော့ ကိုယ်ကလည်း အထွန့်မတက် ရဲဘူးပေါ့၊ မှာလိုက်တာက ဂရမ်းရွိုင်ရယ်နဲ့ “အူကြောင်ကျား” ဆိုတော့ ကိုယ်မစားတတ်တဲ့ အကောင်ပလောင် အမြည်းဖြစ်နေမှာ စိုးတာကြောင့် အစာမကြေ တတ်လို့ အမြဲဆောင်ထားတဲ့ ဦးချိန်တီ လျက်ဆားဗူးလေးကို အသာထုတ်ပြီး စားပွဲပေါ် ခပ်တည်တည်နဲ့ တင်ထားလိုက် တယ်။ အဲဒီတော့ နယ်ခံ မိတ်ဆွေက မျက်စောင်းထိုးပြီး ကျနော့်ကို ငေါက်ကနဲ့ လှမ်းဟောက်တယ် “ငါ့မြို့လာပြီး အရှက်ခွဲတာ လား” တဲ့။ “မင်းဗူးကြီး ပြန်သိမ်းလိုက်.. အရက်သမား သိက္ခာကျတယ်” ဆိုပဲဗျ။ ထိုင်တော့ လမ်းဘေးဆိုင် း)။ သူ့ဆီကို လာလည်တာ သူက ဒီလိုပြောတော့ စာရေးသူလည်း အားငယ်သွားပြီး မျက်နှာငယ်လေးနဲ့ ကိုယ့် လျက်ဆား ဗူးလေး ပြန်သိမ်းလိုက်ရတယ်။

မကြာပါဘူး… ဂျီအာရ်ဒဘလျူ လို့ ခေါ်တဲ့ ဂရင်းရွိုင်ရယ် ဝီစကီ နဲ့ “အူကြောင်ကျား” ဆိုတာကြီး စားပွဲထိုးက ယူလာတယ်၊ မိုးမောင်လည်း အူ ကြောင်ကျားကို သိချင်ဇောနဲ့ ပြာပြာသလဲ အမြည်းပန်းကန်ကို ကြည့်မိတယ်၊ အလဲ့.. ဆန်းတော့ ဆန်းသားဗျ..။ ဆတ်သားခြောက် မွမွလေးတွေရယ်၊ လဖက် အသားရယ်ကို ဆီလေးဆမ်းပြီး ရောသမ မွှေထားတယ်။ ပြီးတော့ နှစ်ပြန်ကြော်လေးကို ဘေးနားက သပ်သပ်ရပ်ရပ် တည့်ခင်းထားလို့ပေါ့။ မြင်ကွင်းက ခမ်းနားတော့ အရက်ကလေး တကြိုက်မော့ရင်း အူကြောင်ကျားကို ထိတွေ့ကြည့်လိုက်တယ်။ ဆန်းသစ်တဲ့ အရသာနဲ့ ပူဆင်းသွားတဲ့ အရက် တော်တော်လေး Rhythm ဖြစ်တာ တွေ့ရတယ်ဗျ။

“အူကြောင်ကျား” အရသာနဲ့ စာရေးသူတို့ သူငယ်ချင်း နှစ်ယောက် ဗယ်ညာချီတက်လိုက်တာ ဂရင်းရွိုင်ရယ် ထောင့်သုံးလုံး ပြိုသွားတယ်၊ ကိုယ့်အရပ် ကိုယ့်ဒေသ မဟုတ်တော့ ဒီလောက်နဲ့ တော်သင့်ပြီ ဆိုပြီး သူငယ်ချင်း အိမ်ကို ပြန်ခဲ့တယ်။ အဲဒီညက တွံတေးသိန်းတန်က အစ မျိုးကြီးအဆုံး သီချင်းတွေ အော်ဆိုမိလို့ ဘော်ဒါရဲ့ အိမ်ရှေ့ ကွပ်ပျစ်မှာပဲ ခွေလိုက်ရသေး.. ။ ပြီးတော့ ဖိနပ်လဲ ဘယ်မှာ ကျွတ်ကျန်ခဲ့မှန်း မသိတောဘူး။ ဒါက “အူကြောင်ကျားနဲ့ စညားတဲ့ ဇာတ်လမ်း”…..။

ရန်ကုန်မြို့။… မြို့ထဲက ယခု ဖျက်ပြစ်လိုက်ပြီ ဖြစ်တဲ့ လေဟာပြင် ဈေးဆို တော်တော်များများ လူတွေသိခဲ့ဖူးတဲ့ အထင်ကရ နေရာတခုပါ မှတ်မိကြမယ်် ထင်ပါတယ်။ အဲဒီခေတ်က တချို့ကလည်း ဘေထုပ်တွေ ရောင်းလို့ ပုံပုံကြီး စတိုးလို့ ခေါ်တာ ကြားဖူးမှာပေါ့။ အဲဒီနားမှာ အမှတ်(၃)ကားလေးတွေ ဂိတ်ထိုးတယ်၊ ကားသမားတွေ ဂိတ်ထိုးတဲ့ နေရာဆိုတော့ သိတဲ့အတိုင်းပဲ အရက်ဆိုင် သုံးလေးဆိုင်က ရှိပြီးသား။ မြို့ထဲမှာဆိုတော့ သပ်သပ်ရပ်ရပ် ဆိုင်လေးတွေပေါ့ဗျာ။

တနေ့သားမှာ.. စာရေးသူနဲ့ လက်ဖော်လက်ဖက် အဲဒီ ဟင်္သာတက သူငယ်ချင်းကို ရန်ကုန် အလည်ခေါ်ပြီး မြို့ထဲ မင်္ဂလာရုံမှာ ရုပ်ရှင်သွားကြည့်တယ်၊ ရုပ်ရှင်ပြီးတော့ ညနေစောင်းနေပြီ၊ ပြီးတော့ မိုးတွင်းလည်းဖြစ်ပြန် ရုပ်ရှင်ရုံထဲက လေအေးပေးစက်က လွှတ် အေးဆိုတော့ ရုပ်ရှင်ပြီးတယ် ဆိုရင်ပဲ.. ဟဲ..ဟဲ၊ ရုပ်ရှင်ရုံနဲ့ နီးတဲ့ အမှတ်(၃)ကားဂိတ် ဆိုင်တန်းလေးကို ရောက်ဖြစ်ခဲ့တယ်။

ဒီတခါတော့ နယ်ခံက စာရေးသူဆိုတော့ ဒကာပေါ့ဗျာ… သူငယ်ချင်းကို မှာချင်တာမှာစေ ဆိုပြီး General Power လွှဲလိုက်တယ်၊ သူကလည်း သောက်နေကျ ဂရင်းရွိုင်ရယ် နဲ့ ကုန်းဘောင်းကြီးကြော်၊ ချိုချဉ်ကြော် တပွဲစီမှာလိုက်တယ်။ ဆိုင်က ညနေစောင်းလည်း ဖြစ်ပြန် ရုံးဆင်းချိန်လည်း ဖြစ်ပြန်တာကြောင့် သောက်သုံးသူတွေနဲ့ စည်ကားလို့ နေတာပေါ့။ မကြာခင်မှာပဲ အရက်ကတော့ ရောက်လာတယ်၊ အမြည်းက ကြာအုံးမယ် စောင့်ပါလို့ ပြောပြီး စားပွဲထိုးက တခြားဝိုင်းတွေကို ကူးသွားတယ်။ အရက်တော့ ရောက်ပြီး အမြည်းမရှိတော့ အဆင်မပြေတာမို့ မီနူးထဲက တခြား မြန်မယ်ထင်တဲ့ အမြည်းကို ရှာရတော့တာပေါ့။ မီနူးရဲ့ အောက်ဖက်နားလေးမှာ နာမည် ခပ်ဆန်းဆန်းလေးတခု သွားတွေ့တယ်။ ပြီးတော့ အဲဒီ စာတန်းလေးကို ထင်ရှားအောင် Bold လုပ်ထားသေးတယ်၊ “ဥဩ=၃၀၀” တဲ့… ကဗျာ ဆန်တယ်နော်။

ဈေးကလည်း လဖက်သုတ်တပွဲ သာသာရယ်ဆိုတော့ မြန်မယ်ထင်ပြီး စားပွဲထိုးကို လှမ်းမှာလိုက်တယ်။ “ညီလေးရေ.. ဥဩတပွဲဟေ့” တခါ အော်ပြောတယ် မရဘူး၊ နောက်နှစ်ခါ ထပ်အော်ပြောတယ်.. စားပွဲထိုးက အလုပ်ရှုပ်နေတဲ့ ကြားထဲက ပုံစံနဲ့ စာရေးသူတို့ကို တချက် ဘုကြည့်ကြည့်တယ်။ ဒါနဲ့ “ဟေ့ရောင်.. မင်းလာအုံး” ဆိုပြီး လှမ်းခေါ် လိုက်တယ်။ စာရေးသူက သိုင်းသာ မတတ်တာ အဝင်အထွက် ကြမ်းတယ် ဆိုတာ ဒီကောင်မသိဘူး။ အဲဒီအချိန် မှာပဲ ဆိုင်ရှင်က သူ့စားပွဲထိုးကို လှမ်းခေါ်ပြီး စကားပြောတယ်။ ပြီးတော့ ကျနော်တို့ဆီ ဆိုင်ရှင်ကိုယ်တိုင် ပြေးလာပြီး “ အကိုတို့ရယ်.. ဆိုင်မှာ လူသိပ်ကျနေလို့ စားပွဲထိုးတွေကို စတာ နောက်တာ သည်းခံပါဗျာ” တဲ့။ ဟမ်.. ဘလိုင်းကြီးပါလား ဆိုပြီး စာရေးသူ ပိုတင်းသွားတာပေါ့၊ ဒီဆိုင်ရှင် ကိုယ်တိုင်က ကိုယ့် customer ကို ဒီလိုပြောစရာလား။“ဟေ့လူ.. မှာထားတဲ့ အမြည်းကြာမယ် ဆိုလို့.. ဥဩတပွဲ မှာတာ”ခင်ဗျား ကောင်တွေကို နောက်ဖို့ ပြောင်ဖို့ စိတ်မဝင်စားဘူး” လို့ ကိုယ်က ပြန်ပြီး ဘုတွန်း ပြောလိုက်တယ်။

ဆိုင်ရှင်က စိတ်ပျက်ဟန်နဲ့ ခေါင်းတခါခါ လုပ်ပြီး ကောင်တာကို ပြန်သွားတယ်။ ဒါနဲ့ စာရေးသူတို့ သူငယ်ချင်း နှစ်ယောက်လည်း တင်းတင်းနဲ့ မှာထားတဲ့ အမြည်းကိုပဲ စောင့်ပြီး သောက်လိုက်ကြတယ်၊ ပြီးတော့ ဒီဆိုင်ကို နောက်ဘယ်တော့မှ လာမသောက်တော့ဘူးလို့ သံဓိဌာန်ချ တေးမှတ်ထား လိုက်တယ်။ စိတ် မကြည်မသာနဲ့ သောက်လိုက်တာ ဂျီအာရ်ဒဘလျူ တထောင့်လည်းကုန်ရော နှစ်ယောက်သား ပြန်မယ်ဆိုပြီး ပိုက်ဆံရှင်းဖို့ စားပွဲထိုးကို ခေါ်လိုက်တယ်။

အဲဒီမှာ ကိုရွွှေဘော်ဘော်က ဘယ်လိုဖြစ်သွားတယ် မသိပါဘူး၊ ပိုက်ဆံ ရှင်းနေတုန်း စားပွဲပေါ် ထိုးအန် ပါလေရော၊ ဒီကောင်က အပွဲပွဲ နွှဲလာတာ အခုမှ လာအန်တော့ စာရေးသူလည်း ရောပြီး စိတ်ညစ်ရတာပေါ့။ ပြဿနာက ဒီကောင် အန်ယုံနဲ့ မပြီးသေးဘူး၊ ကံမကောင်း လိုက်ပုံများ ပိုက်ဆံရှင်းတော့ ဆိုင်ကငွေပိုပြီး တွက်ထားတာ တွေ့ရတယ်.. မမူးသေးပဲနဲ့ ဒါ သက်သက် အကြံပက်စက်တာပဲ ဆိုပြီး ငွေရှင်းတဲ့ ဘောင်ချာကို ပြန်စစ်တယ်။ တိတိကျကျ ပဲဗျာ မှာတုန်းက မရတဲ့ ဥဩ တပွဲစာ ပိုတွက်ထားတယ်။

((((တောက်))))

ရန်ကုန် သား စစ်စစ်ကို ဒီလို လုပ်ခံရတာ ဘယ်လောက်ရင်နာစရာ ကောင်းလည်း ရောင်းရင်းတို့ စဉ်းစားကြည့်..။

ဒါနဲ့ နဂိုရ်ထဲက ကြည့်မရတော့တဲ့ စားပွဲထိုးကို ပြန်ခေါ်လိုက်တယ်။ “ဟေ့ရောင်…. ငါတို့မစားတဲ့ ဥဩတပွဲ ဘာလို့ ပိုတွက် ထားတာလဲ” “မင်းကိုမင်း လည်လှပြီ ထင်နေလား..မင်းဆိုင်ရှင် အခု ခေါ်လိုက်စမ်းဘာ”… ကိုယ့် မိတ်ဆွေကလည်း အားကိုး ရတယ်ဗျာ ပုလင်းခွံတွေ ဘာတွေ ကောက်ဆွဲလိုက်ပြီး ဖဲ့တော့မှာ။ ဆိုင်ရှင် ရောက်လာတော့ ဆိုင်ရှင် ကိုယ်တိုင်က အကျင်္ီ လက်တွေဘာတွေ ခေါက်တင်ပြီး “ကိုယ့်လူ ဘာကိစ္စလဲ” တဲ့..။ ဆက်ဆံရေးက တမ်ပိုမြှင့်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းလို အထာတွေ အထိတင်းမာ လာကြတယ်။

အို…..ဒီက ကောင်တွေကလည်း အချဉ်မှ မဟုတ်တာ.. “ခင်ဗျာကောင်က ငွေတွက်တာ ဥဩတပွဲဖိုး ပိုတွက်ထားတယ်” “ကျုပ်တို့ မစားခဲ့တာ ခင်ဗျား အသိဆုံး.. ဒါဘယ်လိုဖြစ်တာလဲ” လို့ ခပ်ဆတ်ဆတ် ပြောပြီး မတ်တတ် ထရပ်လိုက်တယ်..။ ဆိုင်ရှင်က ကျုပ်ကို ခြေဆုံး ခေါင်းဆုံး တအံ့တဩ ကြည့်ပြီး ခင်ဗျား နယ်ကလားတဲ့။ တောက် ! …. အရေးထဲ ဆွေမျိုးစပ်မလို့လား မသိဘူး စိတ်တိုရတဲ့ အထဲ..။ “မဟုတ်ဘူး.. ဘာတွေ အကြောင် ရိုက်နေတာလဲ.. ပိုက်ဆံ ၃၀၀ ဘာမှမဖြစ်ဘူး၊ မဟုတ်တာ လုပ်တာ မခံချင်လို့..ရှင်းလား”…

အဲဒီတော့ ဆိုင်ရှင်က ဘာ သဘောပေါက်သွားလဲ မသိဘူး.. အားရပါးရ ပြံုးပြီးတော့… “ဒီမယ် ကောင်လေး.. ဥဩ = ၃၀၀ ဆိုတာ.. အမြည်း မဟုတ်ဘူးကွ” “ဆိုင်မှာ မင်းတို့ ကြိုက်သလောက် သောက်လို့ရတယ်.. ဒါပေမယ့် အန်ရင်တော့ သန့်ရှင်းရေး လုပ်ခ ၃၀၀ ပေးရမယ်လို့ သဘောပေါက်အောင် ရေးထားတာ” “မော်ဒန် ၀တ္ထုတိုတွေ ရေးတဲ့ ဘလော့ဂ်လောက က ဆရာတွေ ခဏခဏ လာလာအန်လို့… ဒီစနစ်ကို ငါကိုယ်တိုင် တီထွင်ထားတာ ကြာလှပေါ့.. ရန်ကုန်တမြို့လုံး သိတယ်” “အို…ရှင်းရှင်းပြောရရင် ငါ့ အငယ်ဆုံး နို့ မပြတ်သေးတဲ့ ကလေးတောင် သိတယ်ကွာ” “မင်းစဉ်းစားကြည့်လေ.. သူများတကာ စားသောက်နေတဲ့ နေရာမှာ မင်းတို့က လာအန်တော့.. အများကို ထိခိုက်တာပေါ့.. ဒီတော့ ဒီစနစ်ဟာ တရားမျှတတယ် ကောင်လေး..” “ဒီတော့ မင်း … စိတ်ဆိုးလို့မရဘူး..လက်ခံလိုက်ပါ..လက်မခံရင်တော့ (အင်း..လက်ခံ လိုက်ပါလေ)..

(((((ဗျာ))))))

စာရေးသူရော သူငယ်ချင်းပါ မျက်လုံး အပြူးသားနဲ့ ဆိုင်ရှင်ရဲ့ ဥဩတရားကို နာယူလိုက်ရတယ်..။ ရန်ကုန်မှာ တနေ့တနေ့ မော်ဒန်တွေ ဘယ်လောက် ခေတ်ထနေသလဲ ဆိုရင် ဒီအရက် ဆိုင်တွေတောင် မော်ဒန်ဆန် လာပါလားလို့ တွေးမိရင်း “ဥဩ=၃၀၀” လို့ ပါတဲ့ ဘောင်ချာလေးကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ခါ အိမ်ပြန်ခဲ့ရ ပါတော့တယ်။

အိမ်အပြန် လမ်းမှာတော့ ဥဩ ငှက်ကလေးတွေ မတွန်ကျူး နိုင်ပါဘူး.. မိုးတွင်းကြီးကိုး..။ အဲဒီနေ့က ကျနော့ သူငယ်ချင်း ဘယ်လို ဖြစ်နေတယ်ကို မပြောတတ်ဘူး.. ဘတ်စ်ကားပေါ်မှာ အန်ချလိုက် ပြန်တယ်ဗျာ…. ဝေါ့…………

ဘဝအမူးများ (အဲလေ) အမောများ ပြေကြပါစေဗျာ…

မိုးမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here