ပါကစ္စတန် အစ္စလာမ် ဘာသာရေး တက္ကသိုလ်တခုတွင် အသေခံ ဗုံးခွဲမှုဖြစ်ပွား

alt

အစ္စလာမ် ဘာသာရေး တက္ကသိုလ်တခု အောက်တိုဘာ (၂၀)ရက် နေ့က အသေခံ ဗုံးခွဲမှု ဖြစ်ပွားခဲ့ပြီး နောက် ပါကစ္စတန်က အခြားသော ကျောင်းများ အားလုံးကို ပိတ်ထား လိုက်ကြောင်း သိရှိရသည်။

အမျိုးသမီး အသေခံ ဗုံးသမား နှစ်ဦးတို့သည် ပါကစ္စတန်ရှိ နိုင်ငံတကာ အစ္စလာမ် ဘာသာရေး တက္ကသိုလ်ကို ဦးတည်တိုက်ခိုက် လိုက်ခြင်းသည် အစ္စလာမ် ဘာသာဝင် အမြောက်အမြား နေထိုင်သည့် တိုင်းနိုင်ငံ တခွင်ကို ခြောက်ချား တုန်လှုပ် သွားစေခဲ့သည်။

တိုက်ခိုက်မှု အတွင်း ယင်းအမျိုးသမီး (၂)ဦး အပါအဝင် လူပေါင်း(၈)ဦး သေဆုံး သွားခဲ့ရသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ပါကစ္စတန် သတင်းဌာန များက ယခု လုပ်ရပ်သည် အလ္လာအရှင်မြတ်ကို နာမည်ဖျက်ခြင်း ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ သွားကြသည်။

ပါကစ္စတန် စစ်ဘက်သည် တောင်ပိုင်း ၀ါဇီရစ်စတန်ရှိ တာလီဘန် အခြေစိုက် စခန်းများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်နေရာ ယခု ဗုံးခွဲမှုသည် တာလီဘန်တို့၏ လက်တုန့်ပြန်သော ကိစ္စတခု ဖြစ်နိုင်ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့ကြသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တနေ့ တွင်ပင် ကျောင်းများအားလုံးကို ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း ပါကစ္စတန် ပညာရေး ၀န်ကြီးဌာနက အတည်ပြု ကြေညာလိုက်သည်။ ပါကစ္စတန် စစ်ဘက်က ၎င်းတို့၏ ထိုးစစ်အတွင်း စစ်သွေးကြွ (၉၀)ကျော် သေဆုံးသွားပြီဟု ကြေညာလိုက်ကာ ယခု ဗုံးခွဲမှုနှင့် စပ်လျဉ်းပြီး တာလီဘန်တို့က ၎င်းတို့ ပါ၀င်ပတ်သက်မှု ရှိမရှိ ပြောဆိုခြင်း မရှိသေးပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here