မြေနိမ့်ရာ လှံစိုက်ကြ သူများ

တည်ငြိမ်နေသော ရေပြင်ပေါ်သို့ ခဲလုံး သေးသေးလေးမျှပင် ကျရောက် စေကာမူ ထွက်ပေါ်လာသော လှိုင်းဂယက်သည် တဖြေးဖြေး ကြီးမား သွားသလိုပင်။ ယခုလက်ရှိ ထိုင်း နိုင်ငံအတွင်း ဖြစ်ပေါ်နေသော ကျွနု်ပ်တို့ ရွှေ့ပြောင်း အလုပ်သမားများ အကြားတွင်လည်း နိုင်ငံသား စီစစ်ခြင်းနှင့် ယာယီ ပတ်စ်ပို့ ပြုလုပ်ခြင်း ကိစ္စသည် ထိုနည်း နှင်နှင်ပင် ဖြစ်နေရသည်။

အဆိုပါ ကိစ္စသည် ယခုမှသာ ကျွနု်ပ်တို့ မြန်မာ တောင်ကျော်တို့ အတွက် အထူးအဆန်း ဖြစ်နေသော်လည်း ကျွနု်ပ်တို့ ကဲ့သို့သော လော (လာအို) နှင့် ကမ်ပူးချား (ကမော္ဘဒီးယား) အလုပ်သမားတို့ ပြုလုပ်ခဲ့ကြသည်မှာ သုံးနှစ် ကျော်ခန့် ကြာခဲ့ပြီဖြစ်သည်။ ထိုင်းအစိုးရ အနေဖြင့် လူကုန်ကူးမှု ပြဿနာ၊ အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှု ပြဿနာများဖြင့် နာမည်ပျက် ခံနေရခြင်းကို ဖြေရှင်းရန် လိုအပ်နေသည်။ သို့မဟုတ်ပါက ထိုင်းနိုင်ငံမှ ထုတ်ကုန်များ နိုင်ငံခြားသို့ တင်ပို့ရာတွင် နစ်နာချက် များစွာ ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။ ထိုပြဿနာ များအပြင် အိမ်နီးချင်း နိုင်ငံများမှ အလုပ်သမားများ တရားမဝင် ၀င်ရောက် လာသဖြင့် နိုင်ငံတော် လုံခြံုရေးကို ထိခိုက် လာနိုင်သည်။

ထိုပြဿနာ အထွေထွေများကို ဖြေရှင်းနိုင်ရန် နိုင်ငံသား စီစစ်ခြင်းနှင့် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်၍ တရားဝင် အလုပ်သမား ငှားရမ်းနိုင်ရန် စီမံကိန်းချ လုပ်ဆောင်ခဲ့သည်။ ဤကား ယာယီပတ်စ်ပို့ ဇာတ်လမ်းအစ ဖြစ်သည်။ မြန်မာ နိုင်ငံသားတို့ ပတ်စ်ပို့ လုပ်ခြင်းကို လွန်ခဲ့သော ၂၀၀၆ခု နှစ်လယ်ပိုင်း လောက်တွင် စတင်ခဲ့ပြီး ရာဂဏန်းခန့် ရှိသော မြန်မာ အလုပ်သမားတို့ ယာယီပတ်စ်ပို့ကို ရရှိခဲ့ကြသည်။ သို့သော် ထိုအချိန်တွင်ပင် ထိုင်းစစ်တပ် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့၍ ထိုယာယီပတ်စ်ပို့ လုပ်ခြင်းကိစ္စ ရပ်ဆိုင်း သွားခဲ့ရပြီး ရရှိပြီးခဲ့သူ မြန်မာ အလုပ်သမား တို့လည်း ထိုင်းနိုင်ငံတွင် အသုံးမချနိုင်ပဲ ဖြစ်ခဲ့ရသည်။ ယခု နှစ်ဦးပိုင်းကာလ များတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံလုံး ထိုကိစ္စကို ဆက်လက် အကောင်အထည် ဖေါ်ရန် ဆုံးဖြတ်၍ လွန်ခဲ့သည့် ဇူလိုင်လ ၁၅ရက်နေ့မှ စတင်ကာ နယ်စပ် ၃နေရာ(တာချီလိတ် ၊မြဝတီ ၊ကော့သောင်း) တွင် လုပ်ဆောင်ခဲ့သည်။

မြန်မာဖက် အခြမ်းတွင် နိုင်ငံသား စီစစ်ပြီးသူ များသည် ယာယီ ပတ်စ်ပို့ကို ရရှိပြီး ထိုင်းက ၂နှစ် နေထိုင်ခွင့်ဗီဇာ ခွင့်ပြုခဲ့သည်။ ကုန်ကျစရိတ်မှာ ယာယီပတ်စ်ပို့ စာအုပ်ဖိုး ၃၀၀၀ကျပ် (ဘတ် ၁၀၀ ခန့်) နှင့် ထိုင်း ဗီဇာကြေး ဘတ်၂၀၀၀ စုစုပေါင်း ဘတ်၂၁၀၀ ခန့်သာ ကုန်ကျမည် ဖြစ်သည်။ ယခုအခါ ထိုင်းက ဗီဇာကြေးကို ဘတ်၅၀၀သာ ယူတော့မည် ဖြစ်သဖြင့် ကုန်ကျစရိတ်မှာ ဘတ်၆၀၀ခန့်သာ ရှိတော့မည် ဖြစ်သည်။ အဆိုပါ နိုင်ငံသား စီစစ်ခြင်းနှင့် ယာယီ ပတ်စ်ပို့ ပြုလုပ်ခြင်းသည် ပြဿနာများစွာ တို့ကို တပါတည်း ယူဆောင်လာခဲ့သည်ဟု ဆိုရ ပေတော့မည်။ ဘက်ပေါင်းစုံ အမြင်ပေါင်းစုံတို့ ပေါ်ထွက်လာခဲ့ပြီး အကြမ်းဖျင်း အားဖြင့် ယာယီ ပတ်စ်ပို့လုပ်ခြင်းကို ထောက်ခံ အားပေးသူနှင့် ကန့်ကွက် ဆန့်ကျင်သူဟု ကွဲပြား နေတော့သည်။ ထိုကွဲပြားနေသည့် နှစ်ဖက်လုံးတွင်လည်း ကိုယ်ကျိုးစီးပွါးကို ရှေ့တန်းထားသည့် သူများ ပါ၀င်နေသည်ကို တွေ့ရှိရသည်။

ထိုကွဲပြားနေသည့် နှစ်ဖက်အုပ်စု အကြောင်းကို မပြောခင်တွင် နိုင်ငံသားစီစစ်ပြီး ယာယီပတ်စ်ပို့ ရရှိပြီးနောက် ခံစားရမည့် မြန်မာ အလုပ်သမားတို့ အတွက် ကောင်းကျိုး၊ ဆိုးကျိုးများကို ယေဘူယျ အနေဖြင့် ဖေါ်ပြသွားပါမည်။

ကောင်းကျိုးများမှာ –

  • ထိုင်း အလုပ်သမားများ နည်းတူ အခွင့်အရေး တန်းတူ ရရှိခံစားနိုင်မည် ဖြစ်သည်။
  • ကိုယ်ပိုင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု အခွင့်အရေး ပိုမိုတိုးတက် လာပါမည်။ ( ဥပမာ- ချင်းမိုင် နှင့် မဟာချိုင် တို့တွင် မြန်မာ အလုပ်သမား ဆိုင်ကယ် မောင်းပါက ပုလိပ် တခါမိလျှင် ဒဏ်ငွေ ၂၀၀၀ ဘတ် ဆောင်နေရသည်။ ပတ်စ်ပို့ ရှိလျှင် လိုင်စင်ကိစ္စများ ပြေလည်နိုင်သည်။)
  • လွတ်လပ်စွာ သွားလာခွင့်၊ ပြောင်းရွှေ့ခွင့်များ ရရှိလာမည်။ ( လက်ရှိတွင် မိမိအလုပ် သမားကဒ်(ဘတ်) လုပ်ထားသော ခရိုင်တွင်သာ သွားလာခွင့် ရှိသည်။ မြန်မာပြည် ပြန်လိုလျှင် ပွဲစားကို ဈေးကြီးပေးပြီး သွားလာ နေရသည် )
  • နိုင်ငံထဲကို ခိုးဝင်သူ၊ နိုင်ငံမဲ့ကလေးများ အစရှိသော စကားအသုံးအနှုန်း များဖြင့် နှိမ့်ချဆက်ဆံ ခံနေရမှု များကို ချေဖျက်နိုင်ပြီး လူသား ဂုဏ်သိက္ခာနှင့် အညီ နေထိုင်လုပ်ကိုင် ခွင့်ရရှိ လာနိုင်သည်။
  • အခွင့်အရေး များကို တောင်းဆိုရာတွင် ယခင်ကထက်ပို၍ ရဲရဲဝံ့ဝံ့ တောင်းဆိုလာနိုင်မည် ဖြစ်သည်။
  • ထိုင်းနိုင်ငံတော် လုံခြံုရေးကို အကြောင်းပြု၍ ကန့်သတ် တားဆီးမှုများ လုပ်ခြင်းကို လျော့နည်း လာစေနိုင်သည်။
  • မြန်မာပြည်မှလာ၊ မြန်မာပြည်သို့ပြန်၊ အလုပ်ရှာ အစရှိသည့် ကိစ္စအဝဝတွင် ပွဲစားကို အားကိုး ငွေပေးဆောင် နေရမှုများ လျော့နည်း သွားနိုင်သည်။
  • ဆိုးကျိုးများမှာ-

    • နေရပ် လိပ်စာအမှန်နှင့် အမည်မှန်များကို နှစ်နိုင်ငံ အစိုးရထံ ပေးထားရသည်။
    • မြန်မာဖက်က မဖမ်းပါ၊ အခွန် မကောက်ပါဟု တရားဝင် အာမခံထားသော်လည်း မယုံ မရဲရဲ ဖြစ်နေရသည်။
    • မြန်မာဖက်က အချိန်မရွေး အရေးယူခံ ရနိုင်သည်။ ( သိပ်တော့လည်း ယုတ္တိမရှိပါ )

    အခြားသော မထင်မှတ်သည့် ဖက်မှ ဆိုးကျိုးများလည်း ရှိနိုင်ပါသေးသည်၊ သို့သော် လက်တွေ့ ကျရန်တော့ လိုအပ်ပါမည်။

    အထက်တွင် ဆိုခဲ့ပြီးသလို ၎င်းယာယီ ပတ်စ်ပို့ ပြုလုပ်ခြင်း စတင်သည်နှင့် သဘောကျသည့် လူပုဂ္ဂိုလ်အဖွဲ့ များနှင့် သဘောမကျသည့် လူပုဂ္ဂိုလ်အဖွဲ့များ တဖွဲဖွဲ ပေါ်ပေါက်လာခဲ့ပြီး သန်ရာသန်ရာ ၀ါဒဖြန့် လှုံ့ဆော်မှုများ ပြုလုပ်လာကြ တော့သည်။ အထူးသဖြင့် ယာယီပတ်စ်ပို့ကို မလုပ်စေချင်သော လူပုဂ္ဂိုလ် အဖွဲ့များကို ပိုမို အားကောင်းနေပြီး နေရာပေါင်းစုံ ဘက်ပေါင်းစုံမှ နေ၍ သတင်းအမျိုးမျိုးကို ထုတ်လွှင့်ခဲ့ သောကြောင်း များစွာသော မြန်မာအလုပ်သမားတို့ ယာယီ ပတ်စ်ပို့ကို မလုပ်ရဲကြတော့ပဲ မြန်မာပြည်သိ့ုပြန်ခဲ့၊ ပြန်ဆဲ ဖြစ်လာကြသည့် အပြင် တချို့သော အလုပ်သမား တို့ကလည်း ယာယီပတ်စ်ပို့ လုပ်စရာမလိုဟု ပြောသော အလုပ်ရုံ၊ အလုပ်ရှင် များထံသို့ ပြောင်းရွှေ့ကြတော့သည်။ အင်တာနက် ထဲတွင်လည်း အင်းစိန်ထောင် ထဲရောက်သွားပြီ၊ ခြံမြေတွေကို သိမ်းလိုက်ပြီ၊ အိမ်မှာ ပိုက်ဆံသွားတောင်းပြီ၊ ပေါ်တာထဲ ထည့်လိုက်ပြီ စသည်ဖြင့် သတင်းများ ပေါ်ထွက်လာသည်။ သို့သော် ထိုသတင်းများ ဘယ်လောက် တိကျမှန်ကန်မှု ရှိသည်ကိုတော့ ဆုံးဖြတ်ရန် ခက်ခဲနေပေသည်။

    အနှီကဲ့သို့ ယာယီပတ်စ်ပို့ မလုပ်ဖြစ်အောင် သတင်းလွှင့်သူ များကို ဆန်းစစ်ကြည့်ပါလျှင် နိုင်ငံရေးအုပ်စုများ (သို့) နိုင်ငံရေး အရောင်သွေးရှိသော အန်ဂျီအို များနှင့် ကယ်ရီ အလုပ်ဖြင့် စားသာနေသော ထိုင်း-မြန်မာ ပွဲစား အုပ်စုတို့က အဓိကဖြစ်ပြီး ၎င်းတို့နောက်မှ အခွင့်အရေးမပေး လိုသော အလုပ်ရှင်များက လိုက်ပါပြီး ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ၀ါဒဖြန့်ကြခြင်း ဖြစ်သည်။ နိုင်ငံရေးအုပ်စု (သို့) နိုင်ငံရေး အရောင်သွေးရှိသော အန်ဂျီအိုများက မြန်မာ စစ်အစိုးရကို မယုံကြည်ရ ဟူသော ရှုဒေါင့်မှနေ၍ ဆန့်ကျင် ကန့်ကွက်ခဲ့ခြင်း ဖြစ်ပြီး ထိုအထဲတွင် လူမျိုးရေးများ လည်း ရောယှက်နေသည်။ ထို့အတူ န.အ.ဖ က ဖြူလျှင် ငါတို့က လိုက်မဲမည်၊ န.အ.ဖ က မဲလျှင် ငါတို့က ဖြူမည်ဟူသော အမြင်မျိုးကို အဓိကထား၍ ဖျက်လိုဖျက်ဆီး လုပ်လိုသောသူ များလည်း များစွာ များစွာ ပေါ်ထွက်လာခဲ့ပြီး တချို့ကလည်း စစ်ပြေး၊ ရဲပြေး၊ ရာဇဝတ်မှုဖြင့် ပြေးလာကြသဖြင့် နေရပ်လိပ်စာ အမှန်၊ နာမည်အမှန်ကို မပေးလိုကြပေ။ ထို့ကြောင့်အခြား သူများကိုလည်း မလုပ်ရန် လှုံ့ဆော်ခဲ့ကြခြင်း ဖြစ်ချေမည်။

    မြန်မာ အလုပ်သမားများကို ကယ်ရီ လုပ်နေသော ပွဲစားများကလည်း ယာယီပတ်စ်ပို့ လုပ်ခြင်းကို ပြင်းပြင်းထန်ထန် နည်းမျိုးစုံသုံး၍ ဖျက်လိုဖျက်ဆီး လုပ်လျက် ကောလာဟလ မျိုးစုံကို ဖြန့်ဝေ ကြပြန်သည်။ မြန်မာ အလုပ်သမားများ ယာယီပတ်စ်ပို့ ကိုင်ဆောင်လိုက်ပါက ၎င်းတို့ စားပေါက်များ ပိတ်သွားမည် ဖြစ်သဖြင့်လည်း ဆတ်ဆတ်ထိမခံ ဖြစ်နေကြခြင်း ဖြစ်သည်။ ထို့အတူ အလုပ်သမား များကို နှိမ်ထားသော အလုပ်ရှင် များကလည်း မလုပ်စေလို ကြပေ။ ဖေါ်ပြပါ ယာယီပတ်စ်ပို့ကို မလုပ်စေလိုသော အုပ်စုများသည် အလွန် အင်အား ကောင်းနေကြရာ အလုပ်သမားထုများ ကြားတွင် ၎င်းတို့၏ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ထုတ်လွှင့်နေသော ကောလာဟလ သတင်းမျိုးစုံတို့သည် လျင်မြန်စွာ ပျံ့နှံ့နေသည့် အပြင် ထို့ထက်ပို၍ မြန်မာ ပြည်ရှိ မိဘဆွေမျိုးများ ထံသို့ပါ ကူးစက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်ရှိ မိဘဆွေမျိုး များကလည်း ထိုင်းနိုင်ငံရှိ သားသမီးများထံ ဖုန်းဆက်လာကြပြီး ပတ်စ်ပို့ မလုပ်ကြရန် ဘုမသိ ဘမသိ တိုက်တွန်း လာကြတော့သည်။

    တချိန်တည်းမှာပင် မြန်မာ အလုပ်သမားများကို ယာယီပတ်စ်ပို့ လုပ်စေချင်သော လူပုဂ္ဂိုလ်၊ အဖွဲ့ များလည်း ထွက်ပေါ်လာပြီး တိုက်တွန်း ရှင်းလင်းမှုများကို တွေ့မြင် လာရသည်။ ထိုသူ များသည်လည်း ရည်ရွယ်ချက် ကွဲပြားလျက် ရှိသည်။ ထုံးစံအတိုင်း ယာယီပတ်စ်ပို့ လုပ်ရာတွင် အကျိုးအမြတ် ယူမည့် ပွဲစားများက မြန်မာ အလုပ်သမားနှင့် ထိုင်း အလုပ်ရှင်များကို ၎င်းတို့နှင့်လုပ်ရန် ဆွဲဆောင်စည်းရုံး နေကြသည်။ တကယ်တမ်း လုပ်လျှင် ဘတ်၂၁၀၀ (ယခုအခါ ဘတ်၆၀၀ သာ ကုန်ကျတော့မည်) သာကုန်ကျမည်ကို ၎င်းတို့က ဘတ် ရ၀၀၀ – ၈၀၀၀ အထိယူကြမည် ဖြစ်သည်။ တချို့နေရာများတွင် အလုပ်ရှင်က ထပ်မံခေါင်းပုံဖြတ် သဖြင့် ဈေးနှုန်းမှာ ဘတ် ၉၀၀၀ မှ ၁၄၀၀၀ အထိ မြင့်တက်လာသည် ကိုလည်း ကြားသိနေ ရပြန်သည်။ ထို့ကြောင့် မြန်မာ အလုပ်သမားများ၏ အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာနှင့် မည်သူ့ စကားကိုယုံ၍ မည်သို့ ဆုံးဖြတ်ရမည်ဟု မဝေခွဲသာ ဖြစ်နေရတော့သည်။

    ရှားရှားပါးပါးဟု ဆိုရလောက်အောင် ထိုနိုင်ငံသား စီစစ်ခြင်းနှင့် ယာယီပတ်စ်ပို့ ပြုလုပ်ခြင်းကို တရားနည်းလမ်း ကျကျဖြစ်စေရန် တိုက်တွန်းလှုံ့ဆော်နေသော အန်ဂျီအို (လက်ငါးချောင်း မပြည့်) များရှိနေ၍သာ အနည်းငယ် ခံသာနေခြင်း ဖြစ်သည်။ ထိုအဖွဲ့များက ယာယီပတ်စ်ပို့ ပြုလုပ်ခြင်းသည် အလုပ်သမားတို့၏ ဘဝကို ကောင်းမွန် တိုးတက်စေသည် မှန်သော်လည်း လက်တွေ့တွင် မလွယ်ကူသော အခြေအနေများ ရှိနေခြင်းကို ထောက်ပြ၍ ထိုအချက်များကို ဖြေရှင်းပေးရန် ကုလသမဂ္ဂနှင့် ထိုင်းဝန်ကြီးချုပ်ထံ စာတင်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ တဖက်တွင်လည်း အလုပ်သမားထုများ ကြားတွင် သတင်းမှန်များ ပြန့်ပွါးရေး၊ ခေါင်းပုံဖြတ် မခံရရေး တို့အတွက် လှုံ့ဆော်မှုများ ပြုခဲ့ကြသည်။ ထို့အတွက် အမြင်မတူသည့် အန်ဂျီအို အချင်းချင်းက သော်လည်းကောင်း၊ ပွဲစားများက သော်လည်းကောင်း ၀ိုင်းဝန်း တိုက်ခိုက်ခြင်းများ ခံခဲ့ရသည်ဟု နီးစပ်ရာ သတင်းများအရ ကြားသိနေရသည်။

    မည်သို့ပင် ဆိုစေကာမူ ယခု ဖြစ်ပေါ်နေသော နိုင်ငံသား စီစစ်ခြင်းနှင့် ယာယီပတ်စ်ပို့ ပြုလုပ်သည့် ကိစ္စသည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ၏ ဘဝအရေးကိစ္စ ဖြစ်နေသဖြင့် ထိုရွှေ့ပြောင်း အလုပ်သမားတို့၏ အကျိုးစီးပွါးကိုသာ အဓိကထား၍ လုပ်သင့်၊ မလုပ်သင့်ကို ဆုံးဖြတ်ရမည်ဟု ထင်မြင်မိပါသည်။ မြန်မာ အလုပ်သမားတို့သည် တရားမဝင် ဘဝဖြင့် နယ်စပ်ကို ဖြတ်ကျော်လာရာတွင် အသက်အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ ရင်ဆိုင်နေရဆဲ ဖြစ်သလို ကံကောင်း ထောက်မ၍ ထိုင်းနိုင်ငံထဲကို ရောက်ရှိ လာပါလျှင်လည်း ရောင်းစား ခံရခြင်းများ၊ မတရား နှိပ်စက်ခံနေရခြင်း များနှင့်တကွ အခြားခြားသော ဒုက္ခမျိုးစုံ တို့ကို ကြံုတွေ့နေခဲ့၊ ကြံုရဆဲပင် ဖြစ်နေသည်။ ထိုထို များစွာသော မြန်မာ အလုပ်သမား တို့၏ နစ်နာချက်များသည် နှစ်ပေါင်းများစွာ ကြာမြင့်လာသည့် တိုင်အောင် ဖြစ်ထွန်းနေဆဲပင် ရှိနေသေးသည်။ မည်သူကမှ ထိုပြဿနာများကို ပပျောက်အောင် မလုပ်ဆောင်နိုင်သည့် အပြင် လျော့နည်း ကျဆင်းရန်ပင် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ပေ။

    သို့ဆိုလျှင် ယခုအခါ ယာယီပတ်စ်ပို့ကို မလုပ်ဖြစ်အောင် တိုက်တွန်းနေသော လူပုဂ္ဂိုလ်အဖွဲ့ များကို အလုပ်သမားများ မေးခွန်းတခု မေးလာသည် ဆိုငြားအံ့ အကယ်၍ အလုပ်သမား များသည် ၎င်းတို့ တိုက်တွန်းသလို ယာယီပတ်စ်ပို့ မလုပ်ပဲ နေကြမည်ဆိုပါက ထို အလုပ်သမားများကြံု နေရသော သွားရေး လာရေးမှ အစ ရောင်းစားခံရမှုများ အလယ် အခွင့်အရေး ချိုးဖေါက်ခံရမှု အဆုံး ထိုသို့သော ပြဿနာများကို မည်သူက မည်သို့ တာဝန်ယူ ဖြေရှင်းပေးမည်နည်း။ ဤကား အလွန်စိတ်ဝင်စားဖွယ် ကောင်းသည့် မေးခွန်းဖြစ် သည်။ ထို့အတူ ဖြေရန်မလွယ်သော မေးခွန်းလည်း ဖြစ်နိုင်သည်။ သို့သော် မြန်မာ အလုပ်သမားများ အနေဖြင့် ယာယီပတ်စ်ပို့ ပြုလုပ်ပြီးပါလျှင် သွားရေး လာရေးမှအစ ရောင်းစားခံရမှုများ အလယ် အခွင့်အရေးများ အဆုံး လက်ငင်း တိုးတက်ကောင်းမွန် လာမည်မှာ ဧကန်မလွဲ ထင်သာမြင်သာပင် ဖြစ်နေရသည်။

    မည်သူပင်ဖြစ်စေ မိမိပြောသည့်စကားကို မိမိ တာဝန်ယူနိုင် ရပေမည်။ အထူးသဖြင့် ကာယကံရှင် အလုပ်သမားများသာ ရင်ဆိုင် ကြံုတွေ့ နေရသော ဘဝများကို အဲယားကွန်းအခန်း မှနေ၍ လက်(ပ်)တော့ပ် တလုံးနှင့် ဘာမသိညာမသိ ၀င်ရောက် ဘေးတီးခြင်းမျိုးတော့ မဖြစ်သင့်ပေ။ အလုပ်သမား များသည် ထိုင်းအစိုးရက သတင်းထုတ်ပြန်မှု အားနည်း၍ ယာယီပတ်စ်ပို့ လုပ်ခြင်းကို နဝေတိမ်တောင် ဖြစ်နေရရှာသည်။ ၎င်းကို န.အ.ဖ ကို ဆန့်ကျင်ရရင် ပြီးပြီးရောဟု သဘောထား၍ လုပ်ဆောင်ခြင်းမျိုး မဖြစ်ရန် သတိပြုသင့်သည်ဟု ထင်ပါသည်။ အထူးသဖြင့် ဤကိစ္စသည် အလုပ်သမားတို့၏ အကျိုးစီးပွါးကိုသာ အဓိကထား ဦးစားပေးပြီး မိမိတို့၏ ရင်တွင်း ခံစားချက်များကို ရှေ့တန်းမတင်သင့်ဟု ထင်မြင်မိသည်။

    ယခုအခါ အလုပ်သမားတို့သည် ထိုင်းအစိုးရက သေချာရှင်းလင်းမှု သတင်းထုတ်ပြန်မှု မရှိသော ပြဿနာ၊ ခေါင်းပုံဖြတ် အမြတ်ထုတ် လိုသော အလုပ်ရှင် ပွဲစားများ၏ ပြဿနာ၊ ဖျက်လိုဖျက်ဆီး လုပ်နေသော ပွဲစားများ၏ ပြဿနာ စသော ပြဿနာပေါင်း များစွာနှင့် ကြံုနေရသဖြင့် မိမိတို့၏ စကားကြောင့် အလုပ်သမားများကို ကူညီရာ မရောက်ပဲ နှောင့်ယှက် သလို ဖြစ်မသွားစေရန် အရေးကြီး ပါကြောင်း၊ မိမိ၏ ပြောချင်ရာ ပြော ဆန္ဒကို ဦးစားပေးပြီး မြေနိမ့်ရာ လှံ မစိုက်ကြဖို့ ပြောကြား လိုက်ပါရစေ ခင်ဗျာ….။

    မောင်ကျည်ပွေ့

LEAVE A REPLY

Please enter your comment!
Please enter your name here