ဥရောပ အကောင်းဆုံး ဆုရရန် မက်ဆီ ရေပန်းစားနေ

alt

ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီသည် ယခုနှစ် ဥရောပ အကောင်းဆုံး ဘောလုံး သမားဆု Ballon d’Or ကို ရရှိရန် ထိပ်ဆုံး နေရာမှ ရေပန်းစား လျှက်ရှိနေသည်။

ဘောလုံး လောကတွင် ဩဇာကြီးသည့် စာနယ်ဇင်း တစောင်ဖြစ်သော ပြင်သစ် ဘောလုံးမဂ္ဂဇင်းက ပုံမှန် ချီးမြှင့်သည့် ယင်းဆု အတွက် ဆန်ခါတင် အယောက် (၃၀)စာရင်းကို ထုတ်ပြန်ခဲ့ ပြီးနောက် အာဂျင်တီးနား လက်ရွေးစင် မက်ဆီသည် ကျန်(၂၉) ဦးထက် လူကြိုက် များနေခဲ့သည်။

ယင်းဆုကို ဒီဇင်ဘာ လဆန်းတွင် ဥရောပ အားကစား ဂျာနယ်လစ် များက မဲပေး ရွေးချယ်ကြမည် ဖြစ်သည်။ ယမန်နှစ် ဆုရှင် ပေါ်တူဂီ တောင်ပံသမား ခရစ်စတီယာနို ရော်နာဒို သည်လည်း ဆန်ခါတင် စာရင်းတွင် ပြန်လည် ပါ၀င်လာပြီး မက်ဆီ နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

သို့သော်လည်း မက်ဆီသည် စပိန်နှင့် ဥရောပချန်ပီယံ ဘာစီလိုနာ အသင်း ယမန်နှစ် ဘောလုံးရာသီက ဖလား(၃)ခု ဆွတ်ခူးရေးတွင် စွမ်းစွမ်းတမံ ခြေစွမ်း ပြခဲ့ပြီးနောက် ထိပ်ဆုံးနေရာမှ ရေပန်းစား နေခြင်း ဖြစ်သည်။

မက်ဆီ အပါအဝင် ဘာစီလိုနာ ကစားသမား (၆)ဦး တို့သည် ယခု စာရင်းတွင် အများဆုံးအဖြစ် စာရင်းဝင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် က ဒုတိယ နေရာမှ ရပ်တည် နေခဲ့သည်။

ယမန်နှစ် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်ရောက်ခဲ့သော အင်္ဂလန်ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် မှာမူ အီတလီ ချန်ပီယံ အင်တာမီလန် ကဲ့သို့ပင် (၃)ဦးထိ ဆန်ခါတင် စာရင်းတွင် ပါ၀င်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here