ဆန္ဒ မရှိသော နေ့စွဲများ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ဒီနေ့ ရုံးဖွင့်ရက် ဖြစ်သဖြင့် အိပ်ယာမှ စောစောထကာ မြို့ထဲသို့ သွားရန် ကားဂိတ်သို့ လျှောက်လာခဲ့သည်။ လမ်းတလျှောက်တွင် မိမိ၏ အလုပ်အကိုင် အတည်တကျ မဖြစ်မှု၊ မိသားစု၏ အလုံပိတ်ထားသော အနာဂတ် စီးပွားရေး စသည်ဖြင့် တောင်တောင်အီအီ တို့သည်

 ခေါင်းထဲသို့ ရောက်လာ၏။ ဟူး…. စိတ်မောရပါဘိ လူ့ဘဝရယ်……။

ဟေ့ရောင်… စောစောစီးစီး ဘယ်လဲ!

အေး…ပန်းဆိုးတန်းဘက်ကွာ… စာအုပ်(နိုင်ငံကူးလက်မှတ်) သွားလုပ်မလို့….!

လဖက်ရည်ဆိုင်ရှေ့မှ အဖြတ် သူငယ်ချင်း၏ အမေးကို ခပ်သွက်သွက် ပြန်ဖြေ၍ ကားဂိတ်သို့ လှမ်းကြည့် လိုက်သည်။ ပျားပန်းခတ်မျှသော လူတို့သည် သမုဒ္ဒရာ ၀မ်းတထွာအတွက် မျက်စိနှစ်လုံး ပွင့်ကတည်းက ရုန်းကန်လှုပ်ရှား နေရသည်မှာ သာမန် လောကနိယာမ တခုသာ ဖြစ်သည်ဟု တွေးတောမိသည်။ လက်မှ နာရီကို ကြည့်မိတော့ ၈နာရီ ထိုးတော့မည်…ပန်းဆိုးတန်းရုံးသို့ ဖွင့်လျှင်ဖွင့်ချင်း ရောက်မှ ဖြစ်မည်။ သို့ပါ၍ မနက်စာပင် စားဖို့ အချိန်မရတော့ သောကြောင့် လဖက်ရည်ဆိုင်သို့ မဝင်ခဲ့ရပေ။

ထိုအခိုက် လဖက်ရည်ဆိုင်မှ လွင့်ပျံလာသော သီချင်းသံမှာ.. “လူဖြစ်ရတဲ့ ဒုက္ခ” တဲ့…။

ကားဂိတ်သို့ရောက်သော် ပန်းဆိုးတန်းတွင် ဂိတ်ဆုံးသော ၄၈ ကားလေးနှင့် ကွက်တိဆုံသဖြင့် ဘာမှ စဉ်းစားမနေတော့ပဲ လွယ်အိတ်ကို စလွယ်သိုင်းကာ ကားနောက်ပေါက်သို့ ပြေးတွယ်လိုက်ရ၏။ ရုံးချိန် ဖြစ်သဖြင့် ဤသို့သော အချိန်အခါတွင် တွယ်စီးခွင့်ရသည်မှာပင် အခွင့်ထူးတခု ဖြစ်သည်။ ထိုသို့သော အခွင့်အရေးကြီးတွင် သာယာနေ၍ မဖြစ်ချေသေး။ မိမိ၏ လက်တကိုင်စာ ခြေတစ်ချောင်း ချစရာ မြဲမြံဖို့လိုသည်.. ပြီးတော့ လမ်းတလျှောက်တွင် အသက်နဲ့ကိုယ် အိုးစားမကွဲစေရန် ရှိသမျှအင်အားကို ထုတ်သုံးဖို့ အသင့်အနေအထား အဖြစ် ခန္ဓာကိုယ်အား ပြုပြင်ထားလိုက်ရသည်။

ဒီကြားထဲ ကိုရွှေစပယ်ယာ တို့၏ ခရီးသည်များအပေါ် မပြောင်းလဲသော ဩဝါဒများကို တဖက်သတ် ခံစားရင်းပေါ့….

ဟေ့လူ… ဘယ်လိုကြီး စီးနေတာလဲ.. နောက်လူက ဘယ်လို တွယ်ရမှာလဲ…!

သေမှာ ကြောက်ရင် လိုင်းကားလာမစီးနဲ့…. ဘယ်လိုလူစားတွေလဲ မသိဘူး!

ခင်ဗျားတို့က စီးပွားရှာသူချင်း ကိုယ်ချင်းစာမှပေါ့ ဗျ!

ကားဆရာရေ… အမုန်းသာ ဆွဲဗျာ.. ကျ..သေ..အေးရော..!

အပြောခံရသော ပုဂ္ဂိုလ်မှာ အသက်နှင့် ခန္ဓာတည်မြဲရေး အတွက်သာ အာရုံထားနေရသည်။ ဒီလို ဩဝါဒတွေက နယ်က လာသူတွေနဲ့သာဆို ရန်ဖြစ်ပြီ.. ဒါပေမယ့် ရန်ကုန်သားများတော့ ဒါမျိုးတွေက ရိုးလို့သာ နေပါ တော့တယ်…။ ေဩာ်.. ဒါလဲ ခန္တီပါရမီ တခုပါပဲလေ….။

ဤသို့ဖြင့် ပန်းဆိုးတန်း နိုင်ငံကူး လက်မှတ်ရုံးရှေ့သို့ ရောက်လာခဲ့သည်။ ရုံး၏ အရှေ့တွင်မတော့ ကြက်ပျံမကျ စည်ကားလှသော လူအုပ်ကြီးသည် ရုံးတံခါးဖွင့်သည်နှင့် တပြိုင်နက် ရုံးတွင်းသို့ တိုးဝှေ့ ၀င်ရောက် နေကြသည်ကို တွေ့ရသည်။ ဘာဘာညာညာ တွေးနေချိန်မရ ပုဆိုးကို တိုတိုပြင်ဝတ်ပြီး လူအုပ်အတွင်းသို့ စီးမျောလိုက်ရသည်။ ရုံးတွင်းသို့ ရောက်သော် လျှောက်လွှာပုံစံ ရရှိရေးအတွက် ၁နာရီခွဲခန့် စောင့်ဆိုင်းပြီး သကာလ.. လျှောက်လွှာနှင့်အတူ အဖွဲ့အစည်း တခုမှ အလကား ပေးရင်တောင် မည်သူမျှမဖတ်သော ဂျာနယ်တစောင်အား ကာလပေါက်ဈေးထက် နှစ််ဆမျှသော နှုန်းထားဖြင့် အဖိုးနှုန်းချိုသာစွာ ရောင်းချ လိုက်သည်။ ထိုဂျာနယ်၏ မျက်နှာစာ၌ အပေါ်ရုံးတွင် မိမိလျှောက်လွှာအား စစ်ဆေးလက်ခံမည့် အမှတ်စဉ်အား ရေးသားထားသည်။

ထို့နောက် အပေါ်ရုံးသို့ ဆက်လက် ချီတက်ခဲ့သည်။ ထိုလျှောက်လွှာ စီစစ်ရေး ဌာနတွင်လည်း အသင့် စောင့်ဆိုင်းနေသော လူအုပ်မှာမူ ပေ၅၀ ပတ်လည် အခန်းအတွင်း၌ ထိုင်စရာနေရာဆိုတာ ဝေးစွ ခြေချစရာပင် မရှိချေ။ ထိုအခါ အောက်ရုံးမှ ရောင်းချလိုက်သော ဂျာနယ်၏ တန်ဖိုးကို ကောင်းစွာ သဘောပေါက်တော့သည်။ သူ၏ စွမ်းဆောင်ရည်မှာ ကြံုရာနေရာ၌ ဖြန့်ခင်း၍ ကာလရှည်ကြာ စောင့်ဆိုင်းနိုင်ခြင်း ပင်တည်း… ။

မင်္ဂလာဆောင် တခု၏ ဧည့်ခံချိန်ထက် မနည်းသော အချိန်တခုမျှ ကြာသောအခါ အမှတ်စဉ် ၅၂ ဟူသော ခေါ်သံ ခပ်ပါးပါးကြောင့် စီစစ်ရေး ကောင်တာသို့ အပြေးလှမ်းလိုက်သည်။ လျှောက်လွှာ စီစစ်သူ အရာရှိသည် စာရွက်စာတမ်းများကို စစ်ဆေးရင်း မျက်မှောင်တချက် ကျုံ့ဝင်သွားသည်။ ပြီးတော့….

မင်း..မှတ်ပုံတင် ကတ်ပြားက နံပါတ်နဲ့.. သန်းခေါင်စာရင်းမှာ သွင်းထားတဲ့ မှတ်ပုံတင် နံပါတ်က နောက်ဆုံးဂဏန်း လွဲနေပါလား…!

အဲဒါမှ ဒုက္ခ… ပြူးပြဲကာ ကြည့်မိတော့ သန်းခေါင်စာရင်း စာရွက်အတွင်းရှိ နောက်ဆုံးဂဏန်း “ ၀ ” မှာ စာရွက် ခေါက်ရိုး ကျိုးနေသောကြောင့် အနည်းငယ်မှိန်ကာ “ ၁ ” သဏ္ဍာန် ဖြစ်နေခြင်းသာ ဖြစ်သည်။ ထို့နောက် စီစစ် ရေးအရာရှိမှ… မြို့နယ် လ.၀.က ရုံးသို့ ပြန်သွားကာ သန်းခေါင်စာရင်းအား ပြင်ဆင်ရန်သာ ပြောသည်။ သန်းခေါင်စာရင်းမှာ အနည်းငယ်မျှ ခေါက်ရိုး ကျိုးနေခြင်းကြောင့် ဖြစ်သည်ကို ထိုအရာရှိလည်း သိသည်။ သို့သော် ခေါင်းရှုတ်ခံချင်ပုံ မရသောကြောင့် ထင်သည်။ နောက်ဆုံး အနေဖြင့် ရှင်းပြဖို့ ကြိုးစားကြည့်သည်.. ထိုအရာရှိမှ အေးစက်စက် မျက်လုံးဖြင့် ကြည့်ကာ “လ.၀.က ရုံးကို ပြန်သွား” ဟု တခွန်းသာ ပြောလျက် နောက် အမှတ်စဉ်ကို ခေါ်လိုက်သည်။ သေချင်စော် နံသွားသည်… နာရီကို ကြည့်တော့ နေ့လည် ၁နာရီခွဲ ကျော်ပြီ.. မထူးတော့ပြီမို့ စိတ်လျှော့ကာ မြို့နယ်လ.၀.က ရုံးသို့ တဖန် ပြေးရပြန်တော့သည်။ အစာအိမ် အတွင်း၌လည်း တဂျုတ်ဂျုတ်ဖြင့် အာဖဂန်နစ်စတန် စစ်ပွဲဆင်နွဲနေလား အောက်မေ့ရသည်….။

မြို့နယ် လ.၀.က ရုံးရောက်တော့ စောင့်နေတဲ့လူ သိပ်မများတာ တွေ့ရတယ်ဗျ..။ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်း…။ အဲဒါနဲ့ စာရေးတယောက်ကို အကျိုးအကြောင်း ပြောပြတော့ လက်ထောက် ဦးစီးမှူးနဲ့ အရင်တွေ့ လိုက်ပါတဲ့..။ တွေ့ဆိုတော့လည်း သွားတွေ့လိုက်တာပေါ့..။ လက်ထောက်မြို့ ဦးစီးမှူးနဲ့ တွေ့တော့ သေသေချာချာ ရှင်းပြလိုက်တယ်.. အဲဒီတော့ သူ့က ခဏ စဉ်းစားဟန်ပြုပြီး ဦးစီးမှူးက အရေးကြီးတဲ့ ဧည့်သည်နဲ့ စကား ပြောနေလို့ စောင့်ပါတဲ့..။ ဒီနေ့အဖို့ စောင့်ရတဲ့ အလုပ်က မဆန်းတော့ဘူး ဆိုတော့ ဆက်စောင့်တာပေါ့ဗျာ..။

တော်တော်ကြာကြာလေး စောင့်ရတယ်..ခန့်မှန်းချေ ၂နာရီ ၀န်းကျင် လောက်ရှိမယ်..။ နောက်.. နာရီကို တခါ ပြန်ကြည့်တော့ ညနေ ၄နာရီထိုးတော့မယ်.. အဲဒါနဲ့ မဖြစ်တော့ဘူး ဆိုပြီး လက်ထောက် ဦးစီးမှူးကို ထပ်သွား ပြောရတာပေါ့..။ သူက အေးဆေးပဲပြန်ပြောတယ် “မင်း..လာအုံး” ဆိုပြီး ရုံးရှေ့ ကော်ရစ်တာကို ခေါ်ထုတ်သွားတယ်..။ အင်း… နည်းနည်းတော့ သဘောပေါက် လာတယ်ဗျ..။ ပွင့်လင်းတယ်ဗျို့.. အစိမ်းရောင် ခြင်္သေ့ မွေးထားလားတဲ့… ပြီးတော့ သူနဲ့ နှစ်ကိုယ်ကြား စကားသုံးလေးခွန်းပဲ ပြောလိုက်ရတယ်။ ဦးစီးမှူးကြီးနဲ့ တွေ့ဖို့ ကိစ္စ အဆင်ပြေသွားတယ်..။ ကြိုက်တယ်ဗျာ.. အဲလို ပွင့်လင်းမှပေါ့..။ လူကို အကြာကြီး စောင့်ခိုင်း ထားတော့ ဒီမှာ ဂန့်နေပြီ..။ စိတ်ဓာတ် စစ်ဆင်ရေး လားတော့ မသိဘူး.. ။

ဒီလိုနဲ့.. မြို့နယ်ဦးစီးမှူးကြီးနဲ့ တွေ့ရပါတော့တယ်ဗျာ.. ဟေး.ဟေး။ သူ့ရုံးခန်းထဲ ရောက်တော့ နည်းနည်းတော့ လန့်သား ဒီရုံးမှာက သူ့ထက်ကြီးတာ ဂေါ်ဇီလာပဲ ရှိတော့တာကိုး.. ။ သဘောတော့ ကောင်းမယ့်ပုံပဲ.. ထိုင်ပါ ဆိုပြီး သူ့ရှေ့ခုံကို လက်ညှိုးထိုးပြတယ်..။ ဒါနဲ့ ၀င်ထိုင်ပြီး… နိုင်ငံကူး လက်မှတ်ရုံးမှ ပြန်လွှတ်လိုက်တယ် ဆိုတဲ့ အကြောင်း၊ သန်းခေါင်စာရင်းက အလွဲလေးကို ထောက်ခံပေးဖို့ အကြောင်း ပြောရတာပေါ့..။ မြို့နယ်ဦးစီးမှူးကြီးက သန်းခေါင်စာရင်းကို သေချာကြည့်ပြီးတော့ ဒါက ဒီလောက် မခက်ပါဘူးတဲ့..။ အလှူငွေတော့ ထည့်ရမယ်တဲ့.. ဘယ်လောက် ထည့်မလဲတဲ့။ ဒီကကောင်ကလည်း ဘယ်ရမလဲ..ဟင်း.. ရပ်ကွက်ထဲက သာရေးနာရေး တွေတောင် လက်မနှေးခဲ့တာ..။ ခုဟာက ကိုယ့်အကျိုးစီးပွား အတွက််ဆိုတော့ ရက်ရက်ရောရာပဲ အိတ်ထဲကနေ ခြသေ့င်္ ၂ကောင် ဆွဲဖမ်းလိုက်တယ်..။ မြို့နယ် ဦးစီးမှူးကြီးက ကြောင်ပြီး ပြန်ကြည့်တယ်ဗျ..။ ဒီလို ကိစ္စတွေမှာ ခြင်္သေ့က ၅ကောင် အနည်းဆုံး လွှတ်ရတာတဲ့..။ အဲဒါမှ ဒုက္ခ.. ရုံးခန်း အပြင်မှာလည်း ၃ကောင်လွှတ်လိုက်ရတယ်..။ စုစုပေါင်း မွေးထားတာမှ ၆ကောင်တည်း..။ လက်ထဲမှာ ၃ကောင်ပဲ ရှိတော့တာပေါ့..။ ဒီတော့ သူ့ကို အပြင်မှာလဲ ခြင်္သေ့တွေ လွှတ်ခဲ့ရတဲ့ အကြောင်း ပြောပြ ရတော့တယ်။

သူ့တပည့်ကိုတောင် ခြင်္သေ့၃ကောင် လွှတ်ပေးတယ်.. သူ့ကို ၂ကောင် လွှတ်လို့ ရမလားကွ တဲ့ဗျာ..။ ဟုတ်တော့လည်း ဟုတ်တာပဲ..။ အဲဒီတော့ လက်ထဲမှာ တကယ်၃ကောင်ပဲ ကျန်တော့လို့ပါ ဆိုပြီး အိတ်ကြီးဖွင့်ပြ ရတော့တာပဲဗျို့..။ ဒီလိုအချိန် ဆက်ဆံရေး နယ်ပယ်မှာ ပွင့်လင်းဖို့ လိုတယ်ဆိုတာ အခြေအနေနဲ့ အချိန်အခါက သင်ပေးတယ်ပဲ ဆိုရမှာပဲ.. ။ အဲဒီတော့မှ သူက ရယ်ရယ်မောမောနဲ့ အဆင်ပြေသလိုသာ လုပ်ခဲ့ပါတော့တဲ့..။ သဘောပေါက်တယ်.. ဒီကလည်း ပါးပါးလေးသာ မဖြစ်တာ အဲဒီလောက်တော့ မထူသေးဘူး..။ ခြသေ့င်္ ၃ကောင်စလုံး လွှတ်ပေး လိုက်ရတယ်..။ သူကလည်း ချက်ချင်းပဲ ဘောပင်လေးနဲ့ သန်းခေါင်းစာရင်းက ခေါက်ရိုးကျိုးနေတဲ့ “၁” ကလေးကို “၀” ကလေးအဖြစ် ဥံုဖွ ဆိုပြီး ရက်ရက်ရောရော အသက်သွင်း လိုက်တယ်ဗျာ။ အော်.. ဒီလို ပညာတွေ တတ်လို့ ဒီစားပွဲမှာ အလုပ်လုပ်ခွင့် ရတာ ပါလားလို့ အထင်တွေ ကြီးမိတယ် ။ ပြီးတော့ မြို့နယ် ဦးစီးမှူးကြီးကို ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို လက်ဆွဲ နှုတ်ဆက်ရင်း မျက်ရည်တွေတောင် လဲ့ပြီး ၃ခါလောက် အားရ ပါးရ ပြောလိုက်တယ်..။ ဟဲ ဟဲ.. ဒါက အိုက်တင်.. ။

ရုံးခန်း အပြင်က လက်ထောက် ဦးစီးမှူးစားပွဲ ရှေ့ကဖြတ်တော့ ကိုယ်ကလည်း ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလေး လှမ်းအပြော.. သူက “မင်း…လာအုံး” တဲ့..။ အဲဒီတော့ ဒီက နည်းနည်းတော့ လန့်နေပြီ..။ ပထမတုန်းကလည်း အဲဒီလိုခေါ်လို့ ခြင်္သေ့၃ကောင် လွှတ်လိုက်ရတာကိုး..။ ကြောက်ကြောက်နဲ့ သူ့စားပွဲရှေ့မှာ “ဘာပြောမလို့လဲ နောင်ကြီး” လို့ အသံပျော့လေးနဲ့ ရို့ရို့လေး မေးလိုက်တယ်..။ သူက ပြံုးပြီးတော့ မင်းရန်ကုန်သား ဖြစ်ပြီး အပိုင်း(၄)ကို နားမလည်လို့ အချိန်တွေ ကုန်တာကွ ဆိုပြီး ရယ်နေတယ်ဗျာ..။ အမှန်အတိုင်း ၀န်ခံရရင် ရုံးတွေရဲ့ ထုံးစံတွေကို နားမလည်တော့ မချိပြံုးလေးနဲ့ပဲ..“ဟုတ်ကဲ့.. ကျနော် လေ့လာမှု အားနည်းတာပါ ဗျာ” လို့ ပြောပြီး နှုတ်ဆက်ကာ ရုံးထဲက ထွက်ခဲ့ပါတယ်။

အချိန်ကလည်း ညနေ၅နာရီ ထိုးပြီမို့ ပန်းဆိုးတန်းရုံးလည်း ပြေးလို့ မမှီတော့ဘူး..။ ဗိုက်ကလည်း ဆာတာမှ အူတောင်လိမ်နေပြီ ထင်တယ်..။ ဒါနဲ့ပဲ အိမ်ကိုပဲ တန်းပြန်ခဲ့တော့တယ်..။ မြိုင်ရာဇာတွတ်ပီ စကားနဲ့ ပြောရရင် “ဒီနေ့ ကံမကောင်းပါလား” ပေါ့..။ အိမ်အပြန်လမ်း တလျှောက် ဌာနဆိုင်ရာရုံးတွေနဲ့ ပက်သက်ရင် အပိုင်း(၄)ကို လေ့လာရမယ် ဆိုတာကို စဉ်းစားပြီး လျှောက်လာလိုက်တာ…မနက်စောစောက လှမ်းနှုတ်ဆက်တဲ့ သူငယ်ချင်းက လှမ်းခေါ်မှ သတိ၀င်လာတော့တယ်။ သူငယ်ချင်းကို လှမ်းကြည့်လိုက်တော့ မနက်က သူထိုင်နေတဲ့ လဖက်ရည်ဆိုင် စားပွဲလေးမှာပဲဗျာ..။ “မင်း.. အိမ်မပြန်ရသေးဘူးလား” လို့ မေးတော့ ပြန်ပါတယ်တဲ့.. အလုပ်မရှိလို့ လဖက်ရည်ဆိုင်ပဲ နင်းကန်ထိုင်နေတာတဲ့..။

ကိုယ်တိုင်ကလည်း ဗိုက်ကဆာ နေတော့ မထူးဘူး ဆိုပြီး သူနဲ့ ၀င်ထိုင်လိုက်တယ်..။ လဖက်ရည်ဆိုင် ကက်ဆက်ကဖွင့်တဲ့ သီချင်းကလည်း မနက်ပိုင်း ဖွင့်တဲ့ “လူဖြစ်ရတဲ့ ဒုက္ခ” တဲ့..။ တမင်များ စောင်းမြောင်းပြီး ဖွင့်နေသလား မှတ်ရတယ်.. ။ သူငယ်ချင်းက သူလည်း အလုပ်ရှာနေတယ် ဆိုတဲ့ အကြောင်း တတွတ်တွတ်ပြော နေတယ်.. သူ့စကားတွေက နားထဲမှာတော့ မကြားတချက် ကြားတချက်…။ မနက်ဖြန် ပန်းဆိုးတန်းရုံးမှာ ဘာတွေ ထပ်လှုပ်ရှားရအုံးမလဲ ဆိုတာပဲ တွေးပြီး ရေနွေးခွက်ကို သောက်လိုက်တာ… “ ဖွီး…………” ဆိုပြီး ပြန်မှုတ်ထုတ် လိုက်ရတယ်.. ရေနွေးက အပူကြီးဗျာ..။

“တောက်…..” သီချင်းသံကလည်း “ လူဖြစ်ရတဲ့ ဒုက္ခ” ဆိုတာကို စီဒီများ ထစ်နေလား မသိဘူး…။

လူဖြစ်ရတဲ့ ဒုက္ခ… လူဖြစ်ရတဲ့ ဒုက္ခ… လူဖြစ်ရတဲ့ ဒုက္ခ!

ရွှင်လန်းချမ်းမြေ့ပါစေ…

မိုးမောင်

P.S/ နောင် ၆လခန့် အကြာ လဝကရုံး မြို့နယ် ဦးစီးမှူးနှင့် လက်ထောက် ဦးစီးမှူးသည် အပိုင်း(၄) အပေးလိုင်း အား ပိုင်ပိုင်နိုင်နိုင် ကျင့်သုံးသည်ဟု အထက်မှ သိရှိသွားသဖြင့် နယ်သို့ အရွေ့ခံရသည် ဆိုသော သတင်းကို ကြားသိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here