ဟော်လန် လက်ရွေးစင်ဟောင်း အား ဆန်းဒါးလန်း အသင်း ခေါ်ယူ

alt

ဘာစီလိုနာ၊ ချဲလ်ဆီး နှင့် လီဗာပူး အသင်းများတွင် ခြေစွမ်းပြ ကစားခဲ့ ဖူးသော ဟော်လန် လက်ရွေးစင် ဟောင်း ဘိုလိုဇန်ဒန် အား ဆန်းဒါးလန်း အသင်းက အလွတ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဆန်းဒါးလန်း နည်းပြ စတိဘရု သည် ပြင်သစ်ကလပ် မာဆေး မှ ထွက်ခွာ လာပြီးနောက် အသင်း လက်မဲ့ဖြစ်နေ သော အသက် (၃၃)နှစ် အရွယ် ဘယ်တောင်ပံ ကစားသမားအား နိုင်ငံတကာ ပွဲများကြောင့် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲများ ခေတ္တ ရပ်နားထားစဉ် စာချုပ်လိုက်ခြင်း ဖြစ်သည်။

ဇန်ဒန်သည် ပြီးခဲ့သည့် ဩဂုတ်လ အပြောင်းအရွှေ့ ကာလအတွင်း အသင်း တသင်းသင်းနှင့် စာမချုပ် နိုင်ခဲ့သောကြောင့် ကလပ်အသင်း လက်ကိုင်မရှိသော ကစားသမား အဖြစ် တည်ရှိ နေခဲ့သည်။ ၎င်းသည် အောက်တိုဘာ (၁၇)ရက်နေ့ ဆန်းဒါးလန်း နှင့် အသင်းဟောင်း လီဗာပူး တို့ ထိပ်တိုက် တွေ့ဆုံမည့် ပွဲစဉ်တွင် ပါ၀င်လာဖွယ် ရှိနေသည်။

နည်းပြ ဘရုက ဇန်ဒန် ကဲ့သို့ အတွေ့အကြံုရင့် ကစားသမား တဦးအား ခေါ်ယူနိုင်ခြင်း အတွက် ပျော်ရွှင်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ဇန်ဒန်သည် ဟော်လန်အတွက် (၅၄)ပွဲ ကစားပေးဖူးပြီး ဟော်လန်ကလပ် PSV အင်ဒိုဗန် တွင် ကစားသမား ဘဝ စတင်ခဲ့သည်။

(၁၉၉၈) ခုနှစ်တွင်မူ ဘာစီလိုနာသို့ ပြောင်းရွှေ့သွားပြီး ထိုမှတဆင့် ချဲလ်ဆီး၊ မစ်ဒယ်ဘရော့ စသည့် အင်္ဂလန် ကလပ်များသို့ ရောက်ရှိ လာခဲ့သည်။ ထို့နောက်တွင် လီဗာပူးသို့ ရောက်ရှိလာပြန်ကာ လီဗာပူးနှင့်အတူ ချန်ပီယံလိဂ် ဖလား ဖိုင်နယ် အထိ တက်ရောက် နိုင်ခဲ့သည်။

လွန်ခဲ့သော ၂နှစ်ကမူ ပြင်သစ် မာဆေးကလပ်သို့ ပြောင်းရွှေ့လာပြီး ယခုနှစ် နွေရာသီက အသင်းနှင့် စာချုပ် ဖျက်သိမ်းရန် နှစ်ဦးနှစ်ဖက် သဘောတူ ညီခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here