မလေးရှားရောက် မြန်မာများ အခက်အခဲ ကြုံရသဖြင့် ဘုန်းကြီးကျောင်းမှ ကူညီထောက်ပံ့ နေရ

alt

မလေးရှား နိုင်ငံ မြောက်ပိုင်း အချက်အချာ ကျသော မြို့တစ်မြို့ ဖြစ်သည့် ပီနန်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တခုသည် မလေးရှား ရောက် မြန်မာ နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ အတွက်

အထောက်အပံ့ ကောင်းများ ပေးလျှက် ရှိကြောင်း သိရှိရသည်။

ထို ဘုန်းကြီးတော်ကြီး ကျောင်းတွင် ကိုအောင်တင် အပါအဝင် စေတနာရှင် (၁၄)ဦး တို့သည် မြန်မာ နိုင်ငံသားများ မလေးရှားသို့ ရောက်ရှိနေစဉ် တွေ့ကြံု ရသည့် လူမှုရေးနှင့် စီးပွားရေး အခက်အခဲ များကို တတ်အားသရွေ့ ကူညီဖြေရှင်း ပေးနေကြသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ကန်ထရိုက် တဦးအဖြစ် အလုပ် လုပ်ခဲ့ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံကို ဖြတ်ကျော်ကာ မလေးရှားသို့ ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကိုအောင်တင်သည် ပီနန်မြို့ရှိ စေတီတော်တဆူ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဖိုမင်အဖြစ် လုပ်ကိုင်လျှက် ရှိသည်။

ပီနန်းသည် မလေးရှား၏ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ အဖွံ့ဖြိုးဆုံး အချက်အချာ ဒေသတခုလည်း ဖြစ်သည်။ ကိုအောင်တင်က ၎င်းသည် မွေးရပ်နိုင်ငံကို စွန့်ခွာခဲ့သည်မှာ (၁၉၉၀)ပြည့်နှစ် ကတည်းက ဖြစ်ပြီး (၁၉)နှစ် လုံးလုံး မြန်မာပြည်သို့ ပြန်မရောက် တော့ကြောင်း ရှင်းပြသည်။ စေတီတော် တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ပါ၀င် လုပ်ကိုင်နေသော မြန်မာလူမျိုး (၁၄)ဦး လုံးသည် ထိုကဲ့သို့ မြန်မာပြည်သားချင်း ကူညီရန် စုစုစည်းစည်း ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ကိုအောင်တင်က (၁၉၉၀) ခုနှစ်၊ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့ပြီးနောက် တိုင်းပြည်၏ အခြေအနေသည် တနေ့တခြား ဆိုးလာမည်ကို သဘောပေါက်ခဲ့သည်ဟု သူ၏အမြင်ကို ပြောဆိုသွားခဲ့သည်။

စစ်အာဏာရှင်များ အနေနှင့် အရာရာကို ချုပ်ခြယ်လာခြင်းဖြင့် ပြည်သူတဦး အနေနှင့် ဘဝရှင်သန် ရပ်တည်ရေး အတွက် အခက်အခဲများ ရင်ဆိုင်ရမည်ကို ကြိုတွေးမိခဲ့ကြောင်း ကိုအောင်တင်က ဆိုသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ဇနီးနှင့် သား(၂)ယောက်ကို ချန်ထားခဲ့ရပြီး သား(၂)ဦး သည်လည်း ဖခင်ကဲ့သို့ပင် အမိနိုင်ငံကို စွန့်ခွာလိုစိတ် ရှိနေကြကြောင်း သိရှိရသည်။ ကိုအောင်တင်သည် ဆိုင်ကလုန်း မုန်တိုင်း နာဂစ် တိုက်ခတ်ခဲ့စဉ်က နေအိမ်ပျက်စီး သွားကြောင်း ကြားသိရသဖြင့် စုဆောင်းထား သမျှ ငွေကြေးများကို အိမ်ပြင်ရန် ပြန်ပို့ လိုက်ရကြောင်းလည်း ပြောပြ သွားခဲ့သေးသည်။

မြန်မာနိုင်ငံသည် ကမာ္ဘပေါ်တွင် ဖွံ့ဖြိုးမှု အနှေးကွေးဆုံး နိုင်ငံတခုအဖြစ် ရပ်တည်လျှက်ရှိပြီး၊ ကုလသမဂ္ဂမှ နိုင်ငံပေါင်း (၁၈၂)ခုကို ကောက်ခံခဲ့သော လူသားရင်းမြစ် ဖွံ့ဖြိုးမှု စစ်တမ်းတွင် အရှေ့တောင် အာရှရှိ စစ်အစိုးရ လက်အောက်ခံ နိုင်ငံသည် နံပါတ်(၁၃၈)သာ ချိတ်ခဲ့သည်။ နိုင်ငံ၏ ယိုယွင်းပျက်စီးနေသော စီးပွားရေးနှင့် ခြစားနေသော အုပ်ချုပ်ရေး ယန္တရားတို့ကြောင့် ကိုအောင်တင် ကဲ့သို့ အလုပ်သမား ထောင်နှင့် သောင်းနှင့်ချီပြီး နှစ်စဉ်နှစ်တိုင်း နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာလေ့ ရှိကြသည်။

ထိုင်းနိုင်ငံသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများဆုံး သွားရောက် အလုပ် လုပ်လေ့ရှိသော နိုင်ငံဖြစ်ပြီး မလေးရှား သည်လည်း မြန်မာများ ပြောင်းရွှေ့လုပ်ကိုင်မှု အများဆုံး နိုင်ငံများ စာရင်းတွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ တို့နှင့်အတူ ပါ၀င်လျှက် ရှိကြောင်း (၂၀၀၈)ခုနှစ် ကုလသမဂ္ဂ အရှေ့နှင့် အရှေ့တောင်အာရှ ရွှေ့ပြောင်းလုပ်သား စစ်တမ်းအရ သိရှိ ရသည်။

မလေးရှားနိုင်ငံသည် ၎င်း၏ကုန်ထုတ် လုပ်ငန်းများ အတွက် နိုင်ငံခြားသားများ အပေါ် အကြီးအကျယ် မှီခိုနေရပြီး (၂၀၀၆)ခုနှစ် အထိ တရားဝင် မှတ်ပုံတင်ထားသော မြန်မာလူမျိုး (၉၂၀၂၀) ဦးသည် မလေးရှားရှိ အလုပ်ခွင်များတွင် ၀င်ရောက် လုပ်ကိုင်နေကြသည်။ ထိုပမာဏသည် နိုင်ငံတဝှမ်းရှိ စုစုပေါင်း နိုင်ငံခြားသား လုပ်သားဦးရေ၏ (၅) ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here