ဗုံးဖောက်ခွဲမှု တရားခံများအား ပါကစ္စတန် ရဲတပ်ဖွဲ့ စတင် ဖော်ထုတ်နေ

alt

ပါကစ္စတန် ရဲတပ်ဖွဲ့သည် လူပေါင်း (၄၅)ဦးထက် မနည်း သေဆုံး စေခဲ့သည့် ဗုံးဖောက်ခွဲမှု အတွက် မသင်္ကာသူများကို စတင် ဖော်ထုတ် ဖမ်းဆီးနေပြီ ဖြစ်သည်။

အောက်တိုဘာ (၁၂)ရက် နေ့က အနောက်မြောက်ပိုင်း ပက်ဆာဝါ မြို့ရှိ အယ်ပူရီ အနီး စစ်ဆေးရေး စခန်းတွင် အသေခံ ဗုံးသမား တဦးက ၎င်း၏ ခန္ဓာကိုယ်တွင် တပ်ဆင်ထားသော ဗုံးများအား ဖောက်ခွဲ ပစ်လိုက်ရာ အနီးဝန်းကျင်ရှိ လူအများ ထိခိုက်သေကြေ ခဲ့ရသည်။

ယခု အသေခံ ဗုံးခွဲသမားအား ကြိုးကိုင် စေလွှတ်သူဟု ယူဆရသည့် စစ်သွေးကြွများနှင့် ဆက်နွယ် နေသူဟု သံသယရှိသူ အချို့အား ဖမ်းဆီးခဲ့ပြီး အချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ အနည်းဆုံး လူ(၂၄)ဦး တို့သည် ရဲတပ်ဖွဲ့၏ ဖမ်းဆီး စစ်ဆေးမှုကို ခံခဲ့ရပြီး ထိုသူများသည် အစ္စလာမ်မာဘတ် နှင့် ရာဝါပင်ဒီ မြို့ကြီးများမှ ဖြစ်ကြသည်။

ပါကစ္စတန်တွင် ပြီးခဲ့သည့် သီတင်းပါတ် ကလည်း ရာဝါပင်ဒီရှိ စစ်စခန်း တခုအား တာလီဘန် လက်နက်ကိုင် အကြမ်းဖက်သမား (၁၀)ဦးက စီးနင်း တိုက်ခိုက်ခဲ့သေးပြီး ကွန်မန်ဒိုများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။ အောက်တိုဘာ (၁၀)ရက် နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများကို (၁၈)နာရီ အကြာတွင် အဆုံးသတ် နိုင်ခဲ့ပြီးနောက် စစ်သွေးကြွ အချို့ သေကြေကာ အချို့လည်း လွတ်မြောက် သွားကြောင်း၊ ဓားစာခံ (၃၉)ဦးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်ဖက်က အတည်ပြု ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here