အမေရိကားရောက် မြန်မာ့ စပါးကြီးမြွေများ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

အမေရိကန် တောင်ပိုင်းပြည်နယ် တွေကို တစတစ နယ်ချဲ့နေပြီး ဒေသခံတွေနဲ့ ယှဉ်ပြိုင် အနိုင်ယူ လာနေတဲ့ သူတို့တွေကတော့ မြန်မာပိုင်သွန် တွေပါ၊ သူတို့တွေ ဘယ်လောက် အထိ နယ်ချဲ့နိုင်မလဲ ဆိုတာကို

ခန့်မှန်းထားတဲ့ မြေပုံကို ထုတ်ပြန်လာပါတယ်၊ ကောင်လေးတွေက ငယ်စဉ်တော့ သိပ်လှတယ််၊ အရောင် အသွေးစုံနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ပြီး အလွန်လိမ္မာ ပုံရတာကို မြင်တာနှင့် သိနိုင်ပါတယ််။

သူတို့တွေက အရှေ့တောင် အာရှသား မြန်မာမျိုးရိုးတွေ၊ လွန်ခဲ့တဲ့ ၂၅ နှစ်ဝန်းကျင် လောက်ကစပြီး သူတို့တွေကို အမေရိကန်နိုင်ငံထဲ တင်သွင်း လာကြတာပါတဲ့၊ အခုတော့ သူတို့ကို ကျုးကျော်သူတွေ အဖြစ် မြင်သူတွေ မြင်လာကြပါပြီး သူတို့ အန္တရာယ်ကို တဖြေးဖြေးနှင့် သတိထားမိ လာကြပါတယ်၊ သူတို့တွေကတော့ မြန်မာ့ စပါးကြီးမြွေ (ခေါ်) စပါးအုံးမြွေ အမျိုးအစား Burmese Python တွေပါဘဲ၊ ကမာ္ဘ့အကြီးဆုံး မြွေမျိုးစု ၆မျိုး ထဲမှာပါဝင် ပါတယ်။

အဲဒီ မြန်မာ စပါးကြီးမြွေတွေကို စာရေးသူ ဖလော်ရီဒါမှာ ရေခြားမြေခြား စတင် တွေ့ခဲ့ဖူးပါတယ်၊ တညနေ သူများ ဈေးဝယ်တာကို ကားပါကင် နံဘေးမှာ ထိုင်စောင့်ရင်းက ပျင်းလာတာနဲ့ အနီးက အိမ်မွေး အကောင်လေးတွေ ရောင်းတဲ့ ဆိုင်ထဲ ဝင်ကြည့်မိတယ်၊ ဆိုင်ကလည်း အကြီးကြီးဆိုတော့ အိမ်အလှမွေး တိရိစာ္ဆန် အကောင်လေးတွေက စုံတယ်၊ ဒါနဲ့ မြွေတွေရောင်းတဲ့ ဘက်ရောက်သွားတော့ မြန်မာစပါးကြီး အကောင်ပေါက် လက်မလုံး သာသာ ကောင်ကလေးကို ဒေါ်လာ၉၉ လို့ ဈေးရေးထားတာ တွေ့ရတယ်၊ အမယ်..ဒီလိုမှန်းသိရင် အမေရိကန်ကို အလာမှာ တောကမြွေတွေ ဖမ်းထဲ့ခဲ့ရင်တောင် ခရီးစရိတ် ရနိုင်တယ်လို့ ရီစရာသဘောမျိုး တွေးမိသေးတယ်။

အဲ့ဒီ မြန်မာစပါးကြီးမြွေ တွေက ဖလော်ရီဒါကို စမြိုနေပြီလို့ တချို့ကလည်း တင်စားလာကြတယ်၊ သူတို့တွေက အမေရိကန် သဘာဝ ပတ်ဝန်းကျင်ကို စတင် တိုက်ခိုက်လာနေပြီ ဆိုတာပါဘဲ၊ ဘယ်လိုဘဲ ပြောပြော မွေးချင်သူတွေ များလွန်းလို့ ပြည်ပကနေ တင်သွင်းနေဆဲ ပါတဲ့၊ ခန့်မှန်းချေ သက္ကရာဇ် ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၅ခု ငါးနှစ် အတွင်းမှာဘဲ မြန်မာ စပါးကြီးမြွေပေါက် ကလေးတွေ အကောင် တသိန်း ငါးသောင်းခန့် တင်သွင်း ခဲ့ပါတယ်တဲ့၊ သူတို့တွေကို အိမ်မွေးတိရိစာ္ဆန် အဖြစ်တင်သွင်းနေတာ ကတော့ ကြာပါပြီ၊ အခုတော့ တင်သွင်းစရာ မလိုလောက်အောင် သူတို့တွေ အမေရိကန်ရာသီဥတုမှာ မျိုးဆက်ပြန်ပွားပြီး နေနိုင်ပါပြီ။

တခါတုန်းက ဖလော်ရီဒါကို ဝင်မွှေသွားတဲ့ မုန်တိုင်း တခုက အိမ်မွေးတိရိစာ္ဆန် အရောင်းဆိုင် တဆိုင်ကို ဖျက်ဆီး ပစ်လိုက်ရာကနေ မြန်မာစပါးကြီးတွေ အတော်များများ လွတ်သွားဘူးတယ် ဆိုပါတယ်၊ အဲ့ဒါကို ပြဿနာ အစလို့ တချို့ကလည်း ပြောကြပါတယ်၊ ဇာတ်လမ်းကတော့ ဒီလိုပါ လူတွေက အိမ်မွေးအဖြစ် ဝယ်ယူမွေးမြူကြတဲ့ မြန်မာစပါးကြီးမြွေ တွေဟာ အရောင်အသွေး အကွက်တွေက လှပပြီး အေးဆေး လိမ္မာကြပါတယ်၊ သူတို့က အဆိပ်လည်း မရှိပါဘူး၊ ဒီတော့ အကောင်ပလောင် မွေးရတာ အလွန် ဝါသနာပါတဲ့ အမေရိကန် တွေက စတိုင်ကျကျ မြန်မာ စပါးကြီးမြွွေ တွေကို မွေးလာကြပါတယ်၊ သူတို့တွေက အသက် ၂၅နှစ် ၃၀လောက် အထိ နေနိုင်ပါတယ်၊ အရှည် က ပေနှစ်ဆယ်ကျော်နဲ့ ပေါင် ၄၀၀ လောက် အထိ ရှိနိုင်ပါတယ်၊ မှတ်တမ်းတခု အရတော့ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်က Scrpent Safari Park မှာ ၂၇ ပေအရှည် အလေးချိန် ၄၀၃ ပေါင်ရှိတဲ့ မြန်မာစပါးကြီးမြွေ တကောင် ဖမ်းမိဖူးတယ်လို့ ဆိုပါတယ်၊ သူတို့ ဇာတိကတော့ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ နေပါတယ်တဲ့၊ အိနိ္ဒယကနေ အင်ဒိုနီးရှား ကြားထဲမှာ နေကြတာလို့ ဆိုပါတယ်၊ သူတို့ရဲ့ဇာတိက မြန်မာပြည်မှာ အထင်အရှား အများအပြား နေကြလို့ နာမည် ကိုတော့ Burmese Python လို့ ပေးထားတာပါ။

Burmese Python မျိုးစိတ်တွေထဲမှာ Albino Burmese Python ကတော့ အဝါရောင် အကွက်နဲ့ အတော် လှပါတယ်၊ မြန်မာပြည်မှာတော့ စာရေးသူ တခါမှ မမြင်ဖူးပါဘူး၊ Dwarf Burmese Python ကတော့ ရပေ ထက် ပိုမရှည်ပါဘူးတဲ့၊ နောက်ပြီး Green Burmese Python, Granite Burmese Python, Caramel Burmese Python မျိုးတွေလည်း ရှိပါသေးတယ်၊ နောက်တမျိုး Reticulatus Python တွေကတော့ မြန်မာနာမည် မပါပေမယ့် မြန်မာပြည် ပင်လယ် ကမ်းရိုးတန်းတွေမှာ တွေ့ရပြီး ဖိလစ်ပိုင် ကျွန်းစုများနဲ့ အင်ဒိုနီးရှား ဒေသတလျှောက် အထိနေကြပါတယ်၊ သူတို့ကတော့ ကမာ္ဘ့အရှည်ဆုံး မြွေတွေပါ၊ မြန်မာ ပိုင်သွန်တွေရဲ့ ထူးခြားချက် နောက်တခုကတော့ အလွန်ကြီးထွားနှုန်း မြန်တာပါဘဲ၊ ဖြစ်နိုင်တာက သူတို့ကို မွေးထားပြီး အစာကျွေးနေရင် ကျွေးသလောက် စားတယ်နိုင်တယ်၊ ဒါကြောင့်မို့လည်း တနှစ်ကျော်မှာ ၈ပေကျော် အထိ ကြီးနိုင်ပါတယ်တဲ့၊ ပိုင်သွန် တကောင်နဲ့ Anaconda တကောင် ယှဉ်မွေးတဲ့ လူတယောက် ကတော့ မြန်မာပိုင်သွန် တနှစ်သားဟာ Anaconda ၂နှစ်သား ထက်တောင် ပိုကြီးပါတယ်တဲ့။

မြန်မာပိုင်သွန် တွေဟာ ရေထဲမှာ နာရီဝက်လောက် အသက်မရူဘဲ ဆက်တိုက် ရေငုတ်ပြီး နေနိုင်ကြပါတယ် ကုန်းပေါ်မှာရော ရေထဲမှာရော သစ်ပင်တွေပေါ်မှာပါ နေကြပါတယ်၊ သိကြတဲ့ အတိုင်း သူတို့ထက် အဆမတန်ကြီးတဲ့ အကောင်ကြီး တွေကိုတောင် ရအောင်ဖမ်းပြီး မြိုချ စားသောက်ကြတဲ့ အကောင်တွေဆိုတော့ သူတို့ဟာ သိပ်သန်တယ် ဆိုတာ အထူးပြောစရာ မလိုပါဘူး၊ သူတို့ကို ဝယ်ယူစဉ် ကတော့ အကောင်ငယ်လေး ဆိုတော့ ဘာမှပြဿနာ မရှိပါဘူး၊ အကောင်ပလောင် ချစ်တတ်တဲ့ အမေရိကန် တွေကလည်း ဂရုစိုက်ကြမှာ ပြောစရာမလိုပါဘူး၊ ဒီမှာက လူ့အခွင့်အရေးထက် တိရိစာ္ဆန် အခွင့်အရေးကို ပိုအလေးပေးတယ်လို့ တချို့တွေ ဝေဖန်ကြတာ ကြားဖူးတယ်။

ဖလော်ရီဒါမှာ လူတယောက် ကားထဲကနေ မြန်မာ့ စပါးကြီးမြွေကြီး လည်ပင်းပတ် ဆင်းလာကာ တိရိစာ္ဆန် အစာဆိုင်ထဲ ဝင်သွားတာ တွေ့ဖူးပါတယ်၊ လျှပ်စစ်စောင်ကြီး တထည်လုံးကို မျိုချလို့ ခွဲစိတ်ပြီး ထုတ်ပေးတာလည်း ဖတ်ရပါတယ်၊ အဲ.. ဒီလို မွေးရင်းနဲ့ ၁နှစ်ကျော် လောက်လဲကြာရော ပိုင်သွန် ကလေးဟာ ၆ပေ ရပေကျော် ရှိလာပါတော့တယ်၊ အဲဒီကနေ တဖြည်းဖြည်းနဲ့ ကြီးလာတော့ သူ့ကို ထိမ်းဖို့ ခက်လာပါတယ်၊ အစာဖိုး တတ်နိုင်တယ် ထားအုံး ထိမ်းသိမ်းရတာက မလွယ်ကူလှပါဘူး၊ တချို့လည်း မှန်ကန်ကြီးတွေ လုပ်ပြီး ထားကြပါတယ်၊ ဒီလိုနဲ့ တနေ့မှာ မွေးထားတဲ့မြန်မာ စပါးကြီးမြွေ တကောင်က ခွေးပုလေးကို သခင်ရှေ့မှာဘဲ ကောက်ကာငင်ကာ ဖမ်းပြီး ရစ်ပတ် လိမ်ချိုးသတ်ပစ်ပြီး မျိုချလိုက်တော့ အားလုံးလန့်ဖျန့် ကုန်ပါတယ်၊ နောက်တခါ ဖလော်ရီဒါမှာဘဲ မွေးထားတဲ့ အယ်ဘီနို မြန်မာပိုင်သွန် တကောင် လှောင်အိမ်ကနေ လွတ်ပြီး အိပ်နေတဲ့ ၂နှစ် အရွယ်ကလေးကို သွားပြီး တိုက်ခိုက်နေတာ အသိနောက်ကျလို့ ကလေးသေ သွားပါတယ် ကလေးကို စမြိုဖို့ လုပ်နေတုန်း တွေ့သွားတာပါ၊ အဲ့ဒါတောင် မြွေက သိပ်မကြီးသေးပါဘူး၊ စာရေးသူ အထင်ပြောရရင် လှောင်ထားတဲ့ မြွေက ဗိုက်ဆာလို့ ဆိုးလာတာလားတော့ မသိနိုင်တော့ပါဘူး၊ သိရတာ တခုက အဲဒီ သတင်းက အမေရိကန် တနံတလျား တောမီးလိုပြန့်ပြီး မြန်မာပိုင်သွန် အမေရိကားမှာ ဆိုးသတင်း ပိုလို့ သတင်းမွှေး လာပါတယ်။

အဲဒီ အချိန်ကစပြီး တိရိစာ္ဆန် အလှမွေးမြူရေး ဥပဒေတွေ တင်းကြပ် လာပါတယ်၊ လိုင်စင်ကြေးတွေ တိုးလာပြီး စည်းကမ်းချက်တွေပို ထုတ်လာရပါတယ်၊ ဒါပေမယ့် နောက်ကျ သွားပါပြီ၊ အရင် မွေးသူတွေဟာ မြွေတွေ သိပ်ကြီးလာလို့ မထိမ်းသိမ်း နိုင်တော့ရင် အစိုးရ တိရိစာ္ဆန် ထိမ်သိမ်းရေး စခမ်းတွေမှာ အပ်နှံရတာ ဈေးကြီးလွန်းတော့ အလကားရတဲ့ တောထဲမှာ သွားလွှတ်လိုက်ကြ တော့တာပါပဲ၊ အထူးသဖြင့် ဖလော်ရီဒါက Everglades National Park ထဲမှာ လွှတ်ကြတယ်လို့ နောက်များမှ သိရပါတယ်၊ နောက်ပြီး မုန်တိုင်း တိုက်တုန်းက လွတ်သွားတဲ့ မြွေတွေလည်း ဆက်လက် ရှင်သန်နေကြမယ်လို့ ယူဆကြပါတယ်၊ သူတို့ရဲ့ ပတ်ဝန်းကျင်ဒေသ အသစ်နဲ့ လိုက်လျောညီထွေ နေနိုင်ကြတယ် ဆိုတာ နောက်ပိုင်းမှ သိရှိ လာရပါတယ်၊ ဖလော်ရီဒါ ကလည်း မြန်မာပြည်လို ပူအိုက် စွတ်စိုတာကိုး၊ အဲဒီကနေ ပြီးတော့ မြန်မာပိုင်သွန် တွေဟာ သူ့ဟာသူ မျိုးဆက်တွေ ပြန့်ပွား ကုန်ကြတော့တာပါဘဲ။

စိုးရိမ်စရာကတော့ Everglades ထဲမှာ စပါးအုံးမြွေ အသိုက်တွေတောင် ရှာတွေ့ လာရပါတယ်၊ ဒီမှာက တောပစ် ဥပဒေသတွေက တင်းကြပ်တာ တကြောင်း၊ သူတို့ များစွာ ရှင်သန်ခွင့် ရကြပါတယ်၊ မြန်မာပြည်မှာ ဆိုရင်တော့ သူတို့ ဒီလို လွတ်လပ်စွာ ရှင်သန်ကြီးထွားခွင် ့ရှိပါ့မလား၊ တွေးမိသေး၊ မြွေဖမ်းသမားတွေက များက များနဲ့၊ ဈေးကလည်း ကောင်းတယ်၊ အဲ..အမေရိကား မှာတော့ မြန်မာ့ စပါးကြီးတွေ အေးအေးဆေးဆေး ကလေးတွေ မွေးပြီး နယ်မြေ တစတစ ချဲ့လာ နေလိုက်ကြတာ အမေရိကန်ဒေသခံ အကောင် ပလောင်လေးတွေ လည်း သူတို့အစာ ဖြစ်လာကြရပါပြီ၊ ဒါကို သဘာဝဝန်းကျင် ထိမ်းသိမ်း သူတွေက အတော်ကို စိုးရိမ် လာကြပါတယ်၊ အမေရိကားက ဒေသခံ အပူပိုင်း အဆိပ်ရှိ မြွေတွေနဲ့ အဆိပ် မရှိတဲ့မြွေ တချို့ဟာ ရပေ၊ ၈ပေ အထိ ရှိတတ်ကြပါတယ်၊ ဒါပေမယ့် အားကောင်းမောင်းသန် မြန်မာပိုင်သွန် တွေကတော့ သူတို့ကို အစာလို့ဘဲ သဘောထားမှာ သေခြာပါတယ်။

သူတို့ကို ယှဉ်ပြိုင် အနိုင်ယူပြီး သဘာဝ ဘက်မျှမှုကို ထိမ်းထားဖို့ ဒေသခံ တိရိစာ္ဆန် တမျိုးမျိုး လိုအပ်ပါတယ်၊ ဒီနေရာမှာ အများစုက အမေရိကန် မိကျောင်း (Alligator) တွေရှိတယ်လို့ ဆိုပါတယ်၊ မိကျောင်း Crocodile က ပါးစပ်ရှည်ပြီး Alligator ကတော့ ခေါင်းကြီးကြီး ပါးစပ်ပြဲပြဲနဲ့ပါ၊ ဟုတ်ပါတယ် ဖလော်ရီဒါ တဝိုက်က နွံအိုင်တွေမှာ မင်းမူ သူတွေက အယ်လီဂေတာ အမေရိကန်ဒေသခံ မိကျောင်းတွေပါဘဲ၊ သူတို့တွေက မြွေတွေကို ကိုက်ဖြတ်ဖမ်းစား တတ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီ မြွေတွေထဲမှာ မြန်မာ့ စပါးကြီးမြွေ ပါရဲ့လား ဆိုတာတော့ ဘယ်သူမှ အသေအခြာ မပြောနိုင်သေးပါဘူး၊ ပြောနိုင်တာ ကတော့ အဲဒီ မြန်မာ စပါးကြီးမြွေ တွေက အယ်လီဂေတာ တွေကိုပါ ဖမ်းစားတာကို တွေ့လာ ရလို့ပါပဲ။

ဖြစ်ပုံက ဒီလိုပါ.. ၁၃ပေ အရှည်ရှိတဲ့ မြန်မာပိုင်သွန် တကောင်က ၆ပေ ရှည်တဲ့ အယ်လီဂေတာ တကောင်ကို မြိုပြီးနောက် သူ့ဗိုက်ပွင့်ထွက်ပြီး သေသွားပါတယ်၊ ခေါင်းပြတ်နေတဲ့ မြွေအသေကြီးနဲ့ ဗိုက်ထဲကနေ တပိုင်းတစ ထွက်လို့နေတဲ့ မိကျောင်း ကိုကြည့်ပြီး ပြိုင်ဘက်ကို တိုက်ခိုက်အနိုင်ယူ မြိုချပြီးကာမှ မြွေဘာလို့ သေသွားတယ် ဆိုတာ အခုထိ အတိအကျ ဘယ်သူမှ ပြန်မပြောနိုင် ကြသေးပါဘူး၊ တချို့ကတော့ မိကျောင်းကို မြိုအချ အပြီးမှာ နောက် မိကျောင်းတကောင်က လာတိုက်ခိုက် လက်စားချေ သွားတယ်လို့ မှန်းဆဆိုပါတယ်၊ အခြားတယောက် ပြောတာကတော့ မဖြစ်နိုင်ဘူးတဲ့ မိကျောင်းကိုက်ရင် မြွေခေါင်းဟာ ဒီလိုပုံမျိုး မပြတ်နိုင်ဘူး ဆိုပါတယ်၊ ကျားသစ်လို အကောင် လာကိုက်တာ ဖြစ်နိုင်တယ်လို့လည်း ဆိုကြတယ်၊ ဒါပေမဲ့လည်း ကျားသစ်က နွံအိုင်ထဲ အထိ ဆင်းလာပါ့မလား မဖြစ်နိုင်ပါဘူးတဲ့၊ နောက်တယောက် ကတော့ (ပါမောက္ခ တဦး) မိကျောင်းက မြိုအချခံရ ပြီးတဲ့ နောက်ဗိုက်ထဲမှာ သတိပြန်ရပြီး ရုန်းလို့ မြွေဗိုက်ကွဲ တာတဲ့၊ ဘာပဲ ပြောပြော၁၃ပေ မြန်မာစပါးကြီးမြွေက ၆ပေ အယ်လီဂေတာကို ဖမ်းစားတာတော့ တွေ့လိုက် ရပါပြီ၊ ဖလော်ရီဒါမှာ မင်းမူနေတဲ့ အမေရိကန် အယ်လီဂေတာ တွေတော့ပြိုင်ဘက် အသစ်နဲ့ သူသေကိုယ်သေ ရင်ဆိုင်ပြီး အစာလု စားနေရပါပြီ၊ ကံဆိုးရင် သူပါ အစာ ဖြစ်သွားပါအုံးမည်။

သူတို့တွေ တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေကို မျက်မြင်တွေ့သူတွေ ရှိပါတယ်၊ တိုက်ပွဲ တခုမှာတော့ မြန်မာပိုင်သွန် တကောင်ဟာ မိကျောင်းကြီးရဲ့ ပါးစပ်ထဲမှာ ကိုုယ်လုံးတပိုင်း ဝင်လျှက်နဲ့ တိုက်ခိုက်ကြတာ ၂၄ နာရီကျော်တောင် ကြာတယ်တဲ့..နောက်တော့ နှစ်ကောင်လုံး မောပြီး တိုက်ပွဲကို အဆုံးသတ်ခါ သရေနဲ့ လမ်းခွဲ လိုက်ကြတယ်၊ အဲဒီလို မြန်မာ စပါးကြီးမြွေနဲ့ အမေရိကန် အယ်လီဂေတာတို့ရဲ့ တိုက်ပွဲ တခုကို အကောင်းဆုံး မှတ်တမ်း တင်ထားတာကို အွန်လိုင်းဝဘ်ဆိုဒ် ယူတုဘ် (သို့) Ojatro.com မှာ Python Battle ဆိုပြီး ကြည့်နိုင်ပါတယ်။

ကဲ..သူတို့တွေ ဘယ်လောက် ဖလော်ရီဒါမှာ ပတ်ပြီး ကြမ်းနေကြသလဲ ဆိုတာ ကိုတော့ သိလောက်ပါပြီ၊ သူတို့တွေက ဖလော်ရီဒါ မှာတင်နေမှာ မဟုတ်ပါဘူး နယ်မြေတွေ ချဲ့ထွင်နေမှာ သေခြာပါတယ်၊ ဒါကြောင့် ဒီမြန်မာ့ စပါးကြီးမြွေတွေ ဘယ်အချိန်မှာ ဘယ်လောက် အထိအမေရိကားမှာ ပြန့်နှံ့သွားမလည်း ဆိုတာကို ခန့်မှန်းချက် မြေပုံမှာ ကြည့်နိုင်ပါတယ်၊ နောင်ဆိုရင်တော့ တက္ကဆက်ကို ဖြတ်ပြီး ကာလီဖိုးနီးယား အထိတောင် ရောက်လာပါလိမ့်မယ်၊ ကံကောင်းတာ ကတော့ သူတို့ အအေးပိုင်းတော့ သွားမှာ မဟုတ်လို့ပါ၊ အခု တော့ ဗဟိုအစိုးရက သူတို့ကို ထိမ်းချုပ်ဖို့ ဒေါ်လာသန်း၂၀၀ ဘက်ဂျက် ချပေးမယ်လို့ ဖတ်လိုက် ရပါတယ်၊ တချို့ကလည်း ထိမ်းချုပ်ဖို့ သိပ်နောက်ကျ သွားပြီလို့ ဆိုပြန်တယ်။

တချို့ကတော့ ဒီ မြန်မာပိုင်သွန်တွေ ဖလော်ရီဒါ နွံအိုင်ဒေသကို မင်းမူနိုင်နေရင်၊ အမေရိကန် ရာသီဥတုကို လိုက်လျော ညီထွေ နေနိုင်တာတွေကို ကောက်ချက်ချပြီး၊ အမေရိကန် ပိုင်သွန်လို့ နာမည် ပြောင်းလိုက်ဖို့ (အလွတ်) အဆိုပြု ကြပါတယ်၊ တချို့ကလည်း Burmese Python လို့ ခေါ်မဲ့အစား Python လို့ ဘဲခေါ်ဖို့ အဆိုပြုပြန်ပါတယ်၊ ဒါပေမယ့်လည်း ပိုင်သွန် အမျိုးကွဲ ချည်းဘဲက ၃၂ မျိုးလောက် ရှိတာဆိုတော့ ဒီလို ခေါ်လို့လည်း မဖြစ်တန်ရာပါ၊ Python လို့ဘဲ ဖော်ပြထားတာ တွေ့ဖူးသလို၊ အချို့ကလည်း ( ဆောင်းပါးတခုမှာ ငါ့မှာ ၁၂ပေရှည်တဲ့ ဘားမိ(စ်) ရှိတယ်လို့ ရေးထားတာ ဖတ်ဖူးပါတယ် ) Burmese လို့ ချစ်စနိုး တင်စားခေါ်တာ ဖတ်ရဖူး ပါတယ်။

ဒီတော့ အမေရိကားမှာ ဘားမိ(စ်)တွေ တကယ် နယ်ချဲ့နေပြီလော ဟူ၍သာ!

ရန်မျိုး

LEAVE A REPLY

Please enter your comment!
Please enter your name here