ပါကစ္စတန်တွင် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားပြန်

alt

ပါကစ္စတန် နိုင်ငံတွင် လူစည်ကားလှသော ဈေးတခုအတွင်း  အသေခံ ဗုံးခွဲမှု တခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၃၀) သေဆုံးပြီး ဒါဇင်ပေါင်း များစွာ ဒဏ်ရာ ရရှိသွားကြောင်း တာဝန်ရှိသူ များက အတည်ပြု ပြောဆိုခဲ့သည်။

အောက်တိုဘာ (၁၂)ရက် နေ့က ဆွက်တောင်ကြား အနီး ရှန်ဂလာ ခရိုင် ဈေးတခုတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် တာလီဘန် တို့၏ လက်ချက် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ထိုနေ့ နံနက်ပိုင်းက ပါကစ္စတန် လေတပ် တိုက်လေယာဉ် များသည် အာဖဂန်နစ္စတန် နယ်စပ်အနီး ၀ါဇီရစ်စတန်ရှိ တာလီဘန် ဌာနချုပ်ကို အလုံးအရင်း ဗုံးကြဲခဲ့ပြီးနောက် ယခုလို အသေခံ ဗုံးခွဲမှုနှင့် ကြံုခဲ့ရခြင်း ဖြစ်သည်။

ပါကစ္စတန် တပ်မတော်သည် အောက်တိုဘာ (၁၁)ရက် နေ့ကလည်း ရာဝါပင်ဒီ ရှိ အစိုးရ ရုံးတခုအတွင်း ပြန်ပေးဆွဲ ခံထားရသူ များကို ကွန်မန်ဒို တပ်ဖွဲ့များဖြင့် ၀င်ရောက် ကယ်တင် ခဲ့ရသေးသည်။ ယခု အသေခံ ဗုံးခွဲမှုအတွက် မိမိတို့တွင် တာဝန်ရှိကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အာဇမ်တာရစ်က အတည်ပြုခဲ့ပြီး ထိုလုပ်ငန်း အတွက် ပန်ဂျပ်တပ်ခွဲက တာဝန်ယူခဲ့ကြောင်း ဆက်လက် ပြောဆိုသွားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးချိန်တွင် ပါကစ္စတန် လေတပ်သည် တောင်ပိုင်း ၀ါဇီရစ်စတန်ကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစါကာ ထိုတိုက်ပွဲများ အတွင်း တာလီဘန်တို့၏ မာကင်း နှင့် လက်ဒဟာ အခြေစိုက် စခန်းများ အကြီးအကျယ် အထိနာခဲ့ပြီး အနည်းဆုံး စစ်သွေးကြွ (၁၆)ဦး သေဆုံးသွားကြောင်း ပါဂီ စစ်ဖက်က တရားဝင် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here