အီရန် ရွေးကောက်ပွဲ ရလဒ်အား ဆန္ဒပြခဲ့သူ တဦး သေဒဏ် ကျခံရ

alt

အီရန် သမ္မတ မိုဟာမက် အာမက် ဒီနီဂျက် ၏ ရွေးကောက်ပွဲ အောင်မြင်မှု ကို မကျေနပ် သောကြောင့် ရှုတ်ချ ဆန္ဒပြခဲ့သူ အမျိုးသား တဦးအား အီရန် တရားရုံး တခုက သေဒဏ်ချမှတ် ခဲ့ကြောင်း သိရသည်။

မိုဟာမက် ရာဇာအလီ ဇမာနီ အား သေဒဏ် ချမှတ်လိုက်ကြောင်း အီရန် တရားရုံးက အတည်ပြု ခဲ့သော်လည်း ၎င်းအား စွဲဆိုထားသည့် စွဲချက် အတိအကျ ကိုမူ မကြေညာခဲ့ပေ။

အစိုးရက ဖက်စပ် ပိုင်ဆိုင်ထားသည့် Mehr သတင်း အေဂျင်စီက ဇမာနီသည် သမ္မတ၏ ဇွန်လ ရွေးကောက်ပွဲ ရလဒ်ကို နှောင့်ယှက်ခြင်းဖြင့် အစ္စလာမ်ဝါဒ ထူထောင်မှုကို ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲခံရကြောင်း ဖော်ပြခဲ့ကြသည်။

၎င်းသည် ဩဂုတ်လ အတွင်းက အဖမ်းခံရပြီး အကြမ်းဖက်သမားဟု သမုတ် ခံခဲ့ရသည်။ အသက် (၃၇)နှစ်ရှိ ဇမာနီသည် ပြည်သူများအား ဆန္ဒပြပွဲတွင် အုံကြွ ပါ၀င်လာအောင် သွေးထိုးပေးခဲ့သဖြင့် သေဒဏ် ကျခံရခြင်း ဖြစ်ကြောင်း အခြား သတင်းတခုက ဆိုသည်။ အီရန် အစိုးရသည် ဇမာနီ အပါအဝင် အတိုက်အခံ (၁၀၀) ကျော်တို့ကို ဩဂုတ်လ အတွင်းက ဖမ်းဆီး ထားခဲ့ပြီးလည်း ဖြစ်သည်။

ယခုကဲ့သို့ သေဒဏ် ချမှတ်မှုနှင့် ပတ်သက်ပြီး အာဏာပိုင် အဖွဲ့အစည်းများက တစုံတရာ မှတ်ချက်ပေးခြင်းမျိုး လုံးဝ မရှိသေးချေ။ အီရန်အရေး လေ့လာသူများက ယခုတရားရုံး ဆုံးဖြတ်ချက် များသည် အစိုးရ၏ စွက်ဖက်မှု အချို့ ရောယှက် နေဖွယ်ရှိကြောင်း သုံးသပ် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here