အာဖဂန်နစ္စတန်တွင် အသေခံ ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွား

alt

အာဖဂန်နစ္စတန် နိုင်ငံ၊ ကဘူးမြို့တော်ရှိ အိန္ဒိယ သံရုံးကို ရည်ရွယ် ဖောက်ခွဲခဲ့ဟန်ရှိသည့် အသေခံ ကားဗုံးကြောင့် လူ(၁၂)ဦး ထက်မနည်း သေဆုံး သွားကြောင်း သိရှိရသည်။

အောက်တိ်ုဘာ (၈)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု အတွင်း အနီးရှိ မော်တော်ကားများ ပျက်စီးသွားသလို သံရုံး၏ လုံခြံုရေး အကာအကွယ် အချို့လည်း ပြိုကျ ထိခိုက်ခဲ့ရသည်။

လူ(၈၄)ဦး ထက်မနည်းမှာလည်း ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းတို့အနက် အာဖဂန် လုံခြံုရေး တပ်ဖွဲ့များနှင့် သံရုံးအစောင့် အိန္ဒိယပါလီမန် စစ်သားများ ပါ၀င်ခဲ့သည်။ ပြင်းထန်လှသောဗုံး ပေါက်ကွဲ သွားသည့်နေရာသည် အာဖဂန် ပြည်ထဲရေးဌာနနှင့် နီးကပ်နေသော်လည်း တာဝန်ရှိသူများက အသေခံဗုံးသမား ရည်ရွယ်သော ပစ်မှတ်မှာ အိနိ္ဒယ သံရုံးသာ ဖြစ်နိုင်ကြောင်း သုံးသပ် ထားကြသည်။

ဗုံး ပေါက်ကွဲမှုကြောင့် အညိုရောင် မီးခိုးလုံးကြီးများ ထိုးတက်သွားကြောင်း မျက်မြင်များက ဆိုသည်။ ရုပ်မြင်သံကြား ဌာနများက အပျက်အစီး များကြားမှ အလောင်းများကို သယ်ထုတ်ကာ လူနာတင် ယာဉ်ဆီသို့ ပို့ဆောင်ပေးနေသည့် ကယ်ဆယ်ရေး ၀န်ထမ်းများ၏ပုံကို ရိုက်ကူး ပြသခဲ့သည်။

ကဘူးရှိ အိနိ္ဒယ သံရုံးသည် (၂၀၀၈)ခုနှစ်၊ ဇူလိုင်လ ကလည်း ကားဗုံးဖြင့် တိုက်ခိုက်မှုကို ခံခဲ့ရသေးပြီး ထိုစဉ်က လူ(၄၁)ဦး သေဆုံးကာ (၁၄၁)ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here