ဖိလစ်ပိုင် နိုင်ငံတွင် မုန်တိုင်း နောက်ဆက်တွဲ မြေပြိုမှုများ ဖြစ်ပွားနေ

alt

အောက်တိုဘာ (၈)ရက်နေ့ ညပိုင်းနှင့် (၉)ရက်နေ့ နံနက်ပိုင်း တို့က ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်းတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၁၆၀)ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့ကြသည်။

ပါးမား တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီး နောက်ဆက်တွဲ အဖြစ် မိုးများ သည်းသည်းထန်ထန် ရွာသွန်းခဲ့ရာမှ ယခုလို မြေပြိုမှုများ ပေါ်ပေါက် လာခဲ့ရခြင်း ဖြစ်သည်။

လူဇုန်ကျွန်းရှိ နေရာ အနှံ့အပြားတွင် ရေကြီး ရေလျှံမှုများ ပေါ်ပေါက်နေသလို မြေပြိုမှု များလည်း ဖြစ်ပေါ်ခဲ့ရာ ဘန်းဂွတ် ဒေသရှိ လာထရီနီဒက် မြို့တစ်မြို့ တည်းတွင်ပင် အိမ်(၃၄)လုံး မြေမြှုပ်ပြီးသား ဖြစ်သွားကြောင်း သိရှိရသည်။

ဘန်းဂွတ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့ဒေသ တခုတည်း တွင်ပင် အနည်းဆုံး လူ(၉၆)ဦး သေဆုံးကြောင်း အတည်ပြုခဲ့သည်။ ပါးမား တိုင်ဖွန်း မုန်တိုင်းသည် ဖိလစ်ပိုင်ကို ကျော်ဖြတ်သွားပြီးမှ နောက်တကြိမ် ဂငယ်ကွေ့ ကွေ့ပြီး ၀င်ရောက် တိုက်ခတ်ပြန် သဖြင့် ယခုကဲ့သို့ စံချိန်တင် ရေကြီးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဖိလစ်ပိုင် မြောက်ပိုင်းရှိ မြို့အတော် များများသည် အာဏာပိုင်များက အကြီးအကျယ် လျှံတက်လာသည့် ဆည်ရေများကို ဖောက်ချ လိုက်ရပြီးနောက် ရေစီးသန်သော ရေလွှမ်းမှုများနှင့် ကြံုတွေ့ နေရသည်။ လူဇုန်ကျွန်းရှိ မြို့များတွင် လူအများသည် အိမ်ခေါင်မိုးပေါ်သို့ တက်နေရပြီး အချို့နေရာများတွင် ရေအမြင့်မှာ နှစ်ထပ်တိုက် အမြင့်အထိ ရောက်ရှိနေကြောင်း သိရှိရသည်။

ဖိလစ်ပိုင် အစိုးရသည် ရေကြီးမှုများ ပေါ်ပေါက်နေသည့် ဒေသများသို့ ရဟတ်ယာဉ်နှင့် ရော်ဘာလှေများ ပို့ပေးကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here