မြန်မာ၊ အိန္ဒိယ တို့နှင့် ရေပိုင်နက် ခွဲခြား သတ်မှတ်ပေးရန် ဘင်္ဂလားဒေ့ရှ် တရားဝင် တောင်းဆို

alt

ဘင်္ဂလားဒေ့ရှ် နိုင်ငံက မိမိတို့နိုင်ငံနှင့် အိနိ္ဒယ၊ မြန်မာနိုင်ငံများ အကြား ရေကြောင်း ပိုင်နက်ကို တိတိကျကျ ခွဲခြားသတ်မှတ် ပေးပါရန် ကုလသမဂ္ဂထံ တရားဝင် တောင်းဆိုလိုက်ပြီ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ရေကြောင်းပိုင်နက် ခွဲခြားရေးကို နိုင်ငံတကာ ဥပဒေများနှင့် အညီ သတ်မှတ် ပေးစေလိုကြောင်း အောက်တိုဘာ (၉)ရက် နေ့က ပန်ကြားလိုက်ခြင်း ဖြစ်သည်။

ရေကြောင်းပိုင်နက် တိတိကျကျ မရှိခြင်းသည် အိမ်နီးချင်း နိုင်ငံများနှင့် မကြာခဏ အငြင်းပွားမှုများ ကြံုခဲ့ရ စေကြောင်း၊ လွန်ခဲ့သော (၃၅)နှစ် အတွင်းက ဖြစ်ပေါ်ခဲ့သည့် အငြင်းပွားမှုများကို ထပ်မကြံုချင်တော့ သဖြင့် ယခုလို တောင်းဆိုရခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမွန်နီး က သတင်းထောက် များထံ ပြောကြားခဲ့သည်။

ဘင်္ဂလား ပင်လယ်အော် အတွင်း သဘာဝ ဓာတ်ငွေ့သိုက်များ တည်ရှိရာ နေရာနှင့် ပတ်သက်ပြီး မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကြား တင်းမာမှုများ မကြာခဏ ပေါ်ပေါက်ခဲ့ဖူးပြီး ထိုနေရာသို့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာ စစ်အစိုးရက ကုမ္မဏီများ စေလွှတ်ရာမှ နှစ်နိုင်ငံ အစိုးရချင်း တင်းမာမှုများ မြင့်တက် လာခဲ့ရသည်။

ယခု တောင်းဆိုမှုကို (၁၉၈၂) ခုနှစ် ကုလသမဂ္ဂ၏ ပင်လယ် သမုဒ္ဒရာဆိုင်ရာ နယ်နိမိတ် ဥပဒေနှင့် အညီ ခွဲခြား သတ်မှတ်ပေးမည်ဟု မျှော်လင့်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးက ဆိုသည်။ ယခု တောင်းဆိုမှု အတွက် မိမိတို့အနေနှင့် အကောင်အထည် ပေါ်စေရေးအား တတ်စွမ်းသမျှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုနယ်နိမိတ် သတ်မှတ်မှုမှာ အမြန်ဆုံး ဖြစ်မြောက်လာမည် ဟု မျှော်လင့်ထားကြောင်း ၀န်ကြီးက ဒါကာမြို့တွင် ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ အတွင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here