လိင်မှုရေးရာများ ဖွင့်ချခဲ့သူ ဆော်ဒီအမျိုးသား ကြီးလေးသော အပြစ်ဒဏ် ချမှတ်ခံရ

alt

၎င်း၏ လိင်မှုရေးရာ ကိစ္စရပ်များကို ရုပ်မြင်သံကြား မှတဆင့် နှိုက်နှိုက် ချွတ်ချွတ် ပြောကြားခဲ့သည့် ဆော်ဒီ အာရေဗျ အမျိုးသားမှာ ထောင်ဒဏ် (၅)နှစ်နှင့် ကြိမ်ဒဏ် အချက် (၁၀၀၀) ကျခံ ရတော့မည် ဖြစ်သည်။

မာဇန် အက်ဘဒူ ဂျာဝက် သည် ဇူလိုင်လ က ပြသခဲ့သည့် TV အင်တာဗျူး တခုအတွင်း ၎င်း(၁၄)နှစ် အရွယ်က အိမ်နီးချင်း တဦးနှင့် စတင်ပြီး ကာမ ဆက်ဆံခဲ့သည့် အကြောင်းများအား အနီရောင် အိပ်ယာပေါ်တွင် ထိုင်ကာ ပယ်ပယ်နှယ်နှယ် ပြောဆိုသွားခြင်း ဖြစ်သည်။

ဇနီးသည် နှင့် ကွာရှင်းထားသူ ဖြစ်သော မာဇန်သည် တီဗွီရိုက်ကူးစဉ် အနီး၌ လိင်မှုဆိုင်ရာ ပစ္စည်းများကိုလည်း ခပ်ဝါးဝါး ပြသ ထားသေးသည်။ မာဇန်၏ လုပ်ရပ်သည် မွတ်ဆလင် ဘာသာကို ရိုသေစွာ ကျင့်ကြံ ထိန်းသိမ်းသော ဆော်ဒီ လူ့အဖွဲ့အစည်းတွင် ပြင်းထန်စွာ ဂယက် ရိုက်ခတ် သွားစေခဲ့သည်။ မာဇန် ကမူ ၎င်းသည် ဆော်ဒီ ရုပ်မြင်သံကြား အတွက် ပြောကြားခဲ့ခြင်း မဟုတ်ဘဲ လက်ဘနွန် ရုပ်သံဌာန LBC မှတဆင့် ပြောကြား ခဲ့သောကြောင့် ဆော်ဒီ၏ ဘာသာရေး စည်းမျဉ်းများနှင့် ငြိစွန်းမှု မရှိဟု ဆင်ခြေ ပေးခဲ့သေးသည်။

သို့သော်လည်း ဆော်ဒီ အစိုးရက မာဇန်အား ပြင်းပြင်းထန်ထန် ပြစ်ဒဏ် ချမှတ်ခဲ့ပြီး မာဇန်က ထိုပြစ်ဒဏ်ကို အယူခံ ၀င်သွားမည်ဟု ပြောဆိုလိုက်သည်။ ဆော်ဒီ အစိုးရသည် ထိုကဲ့သို့ လိင်ကိစ္စကို လူသိရှင်ကြား ဆွေးနွေးသည့် အခြားလူ (၃)ဦးကိုလည်း ထောင်ဒဏ် (၂) နှင့် ကြိမ်ဒဏ် အချက်(၃၀၀) စီ ချမှတ် ထားသလို LBC သတင်းဌာန ကိုလည်း ဆော်ဒီနိုင်ငံ အတွင်း ပြသခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

ဘုရင်စံနစ်ဖြင့် အုပ်ချုပ်သော ဆော်ဒီနိုင်ငံသည် မွတ်ဆလင် ဘာသာရေး စတင် ပေါက်ဖွားလာသည့် နေရာဖြစ်ပြီး ယခုထက်တိုင် လိင်ခွဲခြား ဖိနှိပ်မှုများ ရှိနေသေးသည့် ဒေသဖြစ်ပြီး၊ ဥပမာအားဖြင့် ဆွေမျိုး မတော်စပ်သော အမျိုးသား၊ အမျိုးသမီး များသည် ကားတစင်း ထဲတွင် နှစ်ယောက်ထဲ အတူ စီးခွင့် မရသလို ကော်ဖီတခွက် ထဲကို လူမြင်ကွင်းတွင် အတူသောက်ခွင့် မရှိသော ပြဌာန်းချက်များ ယခုတိုင် ဆော်ဒီတွင် ရှိနေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here