မယ်လာ တိုင်ဖွန်းမုန်တိုင်း ဂျပန်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်

alt

အင်အား ပြင်းထန်သော တိုင်ဖွန်း မုန်တိုင်း မယ်လာသည် အောက်တိုဘာ (၈)ရက်နေ့က ဂျပန်နိုင်ငံ ကုန်းတွင်းပိုင်း သို့ ၀င်ရောက် တိုက်ခတ်ခဲ့ရာ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူ(၂)ဦး သေဆုံး သွားကြောင်း သိရှိရသည်။

လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာ ရရှိစေခဲ့သည့် တိုင်ဖွန်း မုန်တိုင်းကြီး ကြောင့် အိမ်အမိုးများ လေထဲတွင် လွင့်ပျံနေခဲ့သလို လျှပ်စစ်မီး များလည်း ပြတ်တောက် သွားခဲ့ရသည်။ လေယာဉ် ခရီးစဉ်များကိုလည်း ဆိုင်းငံ့ခဲ့ရသလို တိုကျိုတွင် လူ(၂)သန်း ခန့်မှာ မြေအောက်ရထား ဘူတာများတွင် စောင့်ဆိုင်း ပိတ်မိ နေခဲ့ရသည်။

ကြိုတင် ခန့်မှန်းသည်ထက် ပြင်းထန်ခဲ့သော လေမုန်တိုင်းကြီးသည် လေတိုက်နှုန်း တနာရီ မိုင်(၁၀၀) ကျော်ရှိပြီး မိုးများလည်း သည်းထန်စွာ ရွာသွန်းခဲ့ရာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဂျပန်ရှိ တံတား အချို့တို့ ပျက်စီးမှု အနည်းငယ် ရှိခဲ့ပြီး လမ်းများလည်း ပိတ်ဆို့ ကုန်ခဲ့သည်။ ၀ါကာယာမာတွင် လူတဦး၊ တိုကျိုတွင် လူတဦးတို့ သစ်ပင် ပိမိပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး လူ(၃၀) ထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြောဆိုသွားသည်။

လူပေါင်း (၁၁၀၀၀)ကို ဘေးလွတ်ရာ ကယ်ဆယ် နေရာချထားရေး ဌာနများသို့ မီးသတ်နှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ၀န်ထမ်းများက အလျင်အမြန် ရွှေ့ပြောင်း ပေးခဲ့ရသေးသည်။ ဂျပန်စွမ်းအင် ကုမ္မဏီများက နေအိမ်(၅၀၀၀၀) ကျော်သည် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း အတည်ပြုခဲ့သည်။

ပြင်းထန်သော လေတိုက်ခတ်မှု များကြောင့် ရထားခရီးစဉ် အမြောက်အမြားကို လမ်းခုလတ်တွင်ပင် အာဏာပိုင်များက ရပ်တံ့ထားရန် ညွှန်ကြားချက် ထုတ်ပြန် ခဲ့ရသေးသည်။ တိုင်ဖွန်းသည် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားသွားပြီး နောက် တစထက် တစ အားပျော့လာခဲ့ကြောင်း ဂျပန် မိုးလေဝသဌာန ပညာရှင်များက ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here