ရန်ကုန် ဆင်ခြေဖုံး အင်တာနက် ဆိုင်ငယ်များအား ဆက်ကြေးတောင်းပြီ

alt

ရန်ကုန်မြို့ ဆင်ခြေဖုံးများရှိ မြို့သစ် မြို့နယ်များတွင် ဖွင့်လှစ်ထားသော အင်တာနက် ဆိုင်ငယ်များအား ပီအေစီ လိုင်စင် လျှောက်ထားကြရန် မြို့နယ် အာဏာပိုင်များက တနင်္လာနေ့တွင် ခေါ်ယူသတိပေး လိုက်သည်ဟု သိရှိ ရသည်။

ယခုလ အတွင်း စတင် လျှောက်ထား ကြရန်နှင့် ရန်ကုန်မြို့တွင်း ဆိုင်ကြီးများ နည်းတူ တပြေးညီ ပေးဆောင်ရမည် ဖြစ်ပြီး သက်ဆိုင်ရာမှ လာရောက် စစ်ဆေးသောအခါ လိုင်စင် မရှိလျှင် တည်ဆဲ ဥပဒေအရ အရေးယူမည်ဟု အကြပ်ကိုင် ပြောဆိုခဲ့သည်။

ထိုသို့ တပြေးညီ လုပ်ဆောင်မှုကြောင့် ၎င်းမြို့သစ်များရှိ အင်တာနက် ဆိုင်ငယ် ပိုင်ရှင်များမှာ လိုင်စင်ကြေး ပေးဆောင်ရန်အတွက် လုပ်ငန်း အခက်အခဲများ အလွန်ပင် တွေ့ရှိရသည်ဟု ရန်ကုန်မြို့သစ်မှ ဆိုင်လုပ်ငန်းရှင် တဦးမှ ဆိုသည်။

ပီအေစီ လိုင်စင် လျှောက်လိုက်တာနဲ့ ဦးဆုံး စတင် ထိတွေ့ရမယ့် လစဉ်ကြေး ငါးသောင်းနဲ့ နှစ်စဉ်ကြေးအတွက် လစဉ် ပျမ်းမျှငွေပါ ပေါင်းလိုက်ရင် တလကို တသိန်းခန့် စတင် ပေးဆောင် ရပါပြီ၊ ဒီအပြင် စည်ပင်သာယာ လိုင်စင်၊ မီးသတ်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အလိုက် ရံပုံငွေတွေကိုလည်း ပေးဆောင်ရဦးမှာမို့ မြို့သစ် လူစည်ကားခြင်း မရှိသော နေရာမှာ ကွန်ပြူတာ လေး၊ ငါးလုံးလောက်ဖြင့် ဖြစ်သလို လည်ပတ် တည်ထောင်နေရသော အင်တာနက် ဆိုင်အချို့ အတော်စိတ်ဒုက္ခ ရောက်ကြရသည်ဟု ဆိုင်ငယ်ရှင်လေး တဦးက ဖြေကြားသည်။

ရန်ကုန် မြို့တွင်းမှ ကွန်ပြူတာ အလုံး ငါးဆယ်လောက် နဲ့ လည်ပတ်တဲ့ ဆိုင်ကြီးတွေ အဖို့ လိုင်စင်ဖိုး တလ တသိန်းကျော်ဆိုတာ မမှုလောက်ပေမယ့် တလလုံးနေမှ ၀င်ငွေ လေးသိန်းတောင် မရတဲ့ ဆိုင်ငယ်လေးတွေမှာ အင်တာနက် လိုင်းကြေးက လစဉ် တသိန်းခွဲခန့် ယခု ပီအေစီ လိုင်စင်က တသိန်းနဲ့ အခြား ထွေလီကာလီ အခွန်အခများကို ပေါင်းလိုက်ရင် တလကို သုံးသိန်းကျော်မယ့် အခွန်အခ တွေကို ဘယ်လိုမှ ပေးဆောင်ဖို့ တတ်နိုင်ဖွယ် မရှိပါ။ နွမ်းပါးတဲ့ အခြေခံလူတန်းစား အများစု နေထိုင်ရာ မြို့သစ်ဖြစ်တဲ့ အတွက် အစစ အဆင်မပြေပါ။ ဒါအပြင် အင်တာနက် ကွန်နက်ရှင် မကြာခဏ ပြတ်တောက် လျော့ကျတာ အများဆုံး ခံရတဲ့ အပြင် လျှပ်စစ်မီး ကိုယ်တာ အနည်းဆုံး ရရှိတဲ့ မြို့သစ်ဒေသ ဖြစ်ပြန်တာကြောင့် အစစ အဆင်မပြေမှုများနဲ့ ဒုက္ခရောက် နေကြပါပြီ။

ဒါကြောင့် မြန်မာ အင်ဖိုတက်ချ် အနေနဲ့ အင်တာနက် ပီအေစီ လိုင်စင်ကို ဆိုင်အမျိုးအစား အလိုက် လိုင်စင်ကြေး အခွန်ငွေ အနည်းအများ ပြန်လည် သုံးသပ် ပြင်ဆင်သင့်ကြောင်း အားလုံးတန်းတူ ကောက်ခံလျှင် လုပ်ငန်းငယ်များ မတတ်နိုင်ကြောင်း ဆိတ်သတ္တဝါကို ထူးခတ်သကဲ့သို့ ဖြစ်နေသည့် အခွန်အခများကို ပြင်ဆင် ပေးသင့်ကြောင်း လှိုင်သာယာမှ အင်တာနက် ဆိုင်ငယ် လုပ်ငန်းရှင်မှ လူထုအသံသို့ ထောက်ပြ ပြောဆိုလိုက်သည်။

အခြေခံ လူတန်းစား အကြား နေဘုန်းလတ် တို့လို ဝါသနာရှင် အသေးစား စီးပွားရေး လုပ်ငန်းရှင် များသဖွယ်၊ မဖွံ့ဖြိုးသေးသော မြို့သစ်ဒေသများတွင် စတင် အခြေစိုက်ပြီး ဒေသခံလူငယ်များ အကြား ကွန်ပြူတာနည်းပညာ ထိတွေ့ ကျွမ်းဝင်မှုရအောင် စွန့်ဦးကြိုးပမ်းနေသော လူငယ် လုပ်ငန်းရှင်ငယ်များ အတွက် အဆင်ပြေနိုင်မယ့် နည်းလမ်းများ အာဏာပိုင်များက ချက်ချင်းလက်ငင်း ပြင်ဆင်ဆောင်ရွက် ပေးနိုင်ကောင်း၏ဟု ရန်ကုန်မြို့နေ ဘလောက်ဂါ တဦးမှ သုံသပ် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here