ခေတ်သစ် ကျေးညီနောင် ပုံပြင်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ကျောင်းတော်ကြီးမှာ လေးနှစ်တာ ပညာဆည်းပူးခဲ့ရာ ဆိုတဲ့ မြန်မာပြည် သိန်းတန် သီဆိုတဲ့ သီချင်း စာသားလေးလိုပဲ စာရေးသူ တို့လည်း လေးနှစ်တာဆိုတဲ့ စစ်တက္ကသိုလ် ချယ်ရီရိပ်မှာ

တချိန်က ပညာတွေ သင်ကြားခဲ့ကြ ဖူးတယ်။ အခုများလို သုံးနှစ်နဲ့ စစ်ဗိုလ်တွေ အတင်း ရိုက်ထုတ်နေတာ မျိုးတော့ မဟုတ်ဘူးပေါ့။

စာရေးသူတို့ တုန်းက စည်းကမ်း ကောင်းတယ်။ သင်ပြမှုတွေ တိကျ တင်းကျပ်တယ်။ ဆရာ နည်းပြ အများစုက တိုင်းပြည်အပေါ် တကယ် စေတနာထားတဲ့ အရာရှိတွေ ဖြစ်ကြတယ်။ လေးနှစ်တာ ဆိုတဲ့ ကာလက မနည်းတဲ့ အပြင်။ စာရေးသူ်တို့ စစ်ကျောင်း ဆိုတာကလည်း ကျောင်းအိပ် ကျောင်းစား ကျောင်းမှာပဲ ပညာသင်ကြရတာမို့ သင်တန်းတက်ဖေါ် တက်ဖက် ( အင်တိတ်တူ) အပတ်စဉ်တူချင်း ဆိုတာ ညီအကို အရင်းထက်တောင် ရင်းနှီးချစ်ခင် ကြပါတယ်။ အတွင်းသိ အဆင်းသိ ဘယ်သူ ဘယ်လိုအကျင့် ရှိတယ် ဆိုတာက အစ သိကြပါတယ်။ အခုတော့ ခွဲခွါခဲ့ကြပြီး မြန်မာမြေ နေရာအနှံ့မှာ ယုံကြည်ချက် ကိုယ်စီနဲ့ အလုပ်ကိုယ်စီ လုပ်နေကြရောပေါ့။ အချို့က တပ်မတော် အတွင်းမှာ အချို့က အရပ်ဘက် ဌာနဆိုင်ရာတွေမှာ အချို့ကတော့ တပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေး စသဖြင့် စသဖြင့်ပေါ့။

လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ဘယ်သူတွေ ဘယ်လိုနေခဲ့ကြရပြီး အခု အချိန်ရောက်တော့ ဘယ်သူတွေ ဘာဖြစ်နေကုန်ကြပြီ ဆိုတဲ့ သံဝေဂ ရစဖွယ် မယုံကြည်နိုင်လောက် စဖွယ်လေးတွေ ပြောပြချင်သေးသဗျာ။ ဒါတွေက အပြင်လောကမှာ တကယ်ဖြစ်ပျက် နေတာပါ။ တကယ့်ကို လက်ရှိဖြစ်နေတုန်း ရက်စွဲတွေပါ။ စာရေးသူနဲ့ အတူ ဗထူးမြို့တိုက်ခိုက်ရေး ကျောင်းမှာ အရာရှိသင်တန်း အတူတူ တက်ဘက်ဖြစ်ခဲ့တဲ့ သူငယ်ချင်း တချို့အကြောင်းကို ဥပမာပြပြီး မြန်မာပြည် အုပ်ချုပ်ရေး ယန္တရားကြီး တောင့်ခံလည်ပတ် နေနိုင်ပုံကို အကြမ်းဖျဉ်း သုံးသပ်နိုင်ကြစေ ပေါ့ဗျာ။

လွန်လေပြီးသော ဆယ်စုနှစ်များမှာ ဗထူး တိုက်ခိုက်ရေး ကျောင်းမှာ သင်တန်းတက်နေတုန်းက စားစရာ အတူမျှဝေစား အရက်တောင် မျှဝေ သောက်တဲ့ သူငယ်ချင်းသုံးဦး ရှိခဲ့ဖူးတယ်။ တယောက်က နေဗွီဆိုတဲ့ ရေတပ်က။ နှစ်ယောက်က ခြေလျှင်တပ်တွေက အရာရှိငယ် လေးတွေပါ။ နှစ်ပွင့် တပ်ပြီးကာစ လေးတွေ ကျောင်းဆင်းပြီး မကြာသေးခင် တက်ရတဲ့ သင်တန်းဖြစ်လို့ လာကြတဲ့ အရာရှိတိုင်း လိုလိုက ဆင်းရဲချို့တဲ့သူ များပါတယ်။ အဲဒီ သုံးယောက်ကလည်း အိမ်က ပို့ပေးတဲ့ ငွေလေး ကြေးလေးကိုပဲ ချိုးခြံချွေတာပြီး သုံးရလောက်အောင် ဆင်းရဲကြပါတယ်။ အရာရှိတွေ ထုံးစံအတိုင်း ညနေစောင်းလို့ အာမီရမ် အရက်လေး သောက်ဖို့တောင် သူတို့မှာ မလောက်ငှ ကြပါဘူးတဲ့။ တယောက်ပါလာတဲ့ ငွေနဲ့ သုံးယောက် မျှသောက်ခဲ့ကြ ရတယ်တဲ့။

အဲဒီ သင်တန်းလည်း ဆင်းပြီးရော သူတို့သုံးယောက် ဟာ ဆိုင်ရာ တပ်ဌာန အသီးသီးကို ထွက်ခွါ သွားကြရပြီး လေးနှစ်လောက် ပြန်မတွေ့ကြဘူးတဲ့။ အဲဒီနောက် လေးနှစ်လောက်လည်း ကြာရော ။ သူငယ်ချင်းတွေ အချင်းချင်း ပြန်ဆက်သွယ် မိကြပါတယ်တဲ့။ အဲဒီမှာတင် ခံယူချက်နဲ့ လုပ်ဆောင်ချက်တွေ ကြိုးပမ်းမှုတွေ အားထုတ်မှုတွေ အရ သူတို့ သုံးယောက်ရဲ့ အဆင့်အတန်း ကြွယ်ဝမှုဟာ ကွာခြား သွားကြကုန်ပြီတဲ့။

တယောက်သော အရာရှိက လာဒ်စားခြင်း၊ ကိုယ်ကျိုးရှာခြင်း ၊ နေရာကောင်း ရဖို့ ဟိုလူ့ဖား ဒီအဘကို ကန်တော့ရ ဆိုတာတွေ မလုပ်တတ်ဘူး။ ခပ်တည်တည် နေတတ်တယ်၊ စားစရာမရှိရင် ငါးပိရည် တို့စရာနဲ့ ရအောင်စားမယ်။ ရာထူး အာဏာကိုသုံးပြီး ကိုယ်ကျိုးစီးပွား ရှာမစားဘူး ဆိုတဲ့ အရာရှိလေးကတော့ ဆေးလိပ် မီးပေါက်နေတဲ့ စစ်ဘောင်းဘီကို စီနီယာ ကပ္ပတိန် ဗိုလ်ကြီးဘဝ အထိ ၀တ်နေရတုန်း ပဲတဲ့။ လိုင်းကား တိုးစီး။ လူဆင်းရဲ ပြည်သူတွေနဲ့ တန်းတူနေနေ ရတုန်းပဲတဲ့။ ပိုင်ဆိုင်မှု ဆိုတာလည်း ဘာမှ မရှိရှာဘူးတဲ့။ တပ်ပြောင်းမယ် ဆိုရင်တောင် ဆိုက်ကားနဲ့ ပြောင်းလို့ ရလောက်တဲ့ အထိ သေတ္တာတလုံးနဲ့ အဝတ်စား တချို့ စာအုပ်တချို့ပဲ ပိုင်ဆိုင်သတဲ့။

အဲဒီအချိန်မှာ ကျန်တဲ့ သူ့သူငယ်ချင်း နှစ်ယောက်က သူနဲ့ အကြွင်းမဲ့ လုံးဝကို ကွာခြား သွားနေပါပြီ။ တယောက်က စစ်ထောက်လှမ်းရေး တပ်မှာ ကိုယ်ပိုင်ကားနဲ့ ကိုယ်ပိုင် ဟမ်းဖုန်းနဲ့ ကိုယ်ပိုင်တိုက်နဲ့ ပိုးလုံချည် တရွှမ်းရွှမ်းနဲ့ ကောင်းပေ့ညွှန့်ပေ့ ရွှေကိုင်းမျက်မှန်နဲ့ ဘယ်လိုမှ မမှတ်မိတော့ လောက်အောင်ပဲ သူဌေးတဦးလို ပုံစံ ဖြစ်နေပါပြီ။ သူ့နံဘေးမှာလည်း လုပ်ငန်းရှင်တွေ ကုန်သည်တွေ ၀ိုင်းဝိုင်းလည်လို့ ပါပဲ။ သူဟာ အခါအခွင့်နဲ့ အခြေအနေကို ကောင်းစွာ အသုံးချခဲ့တဲ့ တပ်မတော်သား တဦးပါ။ အဲဒီအချိန် နေဗွီ ရေတပ်က စစ်ဗိုလ်လေးက သိပ်မချမ်းသာ သေးပါဖူး။ ဒါပေမယ့် အူစို နေလောက်တယ်လို့ ဆိုနိုင်ပါတယ်။ တနည်းဖြင့် ဆိုရယင် မဆင်းရဲတော့ဘူးလို့ ဆိုနိုင်ပါတယ်။ သုံးနိုင် ဖြုန်းနိုင်တဲ့ အဆင့်ပါ။

ဟော ကံကြမ္မာတွေ အလှည့်အပြောင်းက သိပ်ကို မြန်ပါတယ်။ ကိုယ်ကျင့် စာရိတ္တခံယူချက်ကို လုံးဝ မစွန့်လွှတ်တဲ့ လူဆင်းရဲ စစ်ဗိုလ်ကြီးဟာ တပ်ထဲမှာ သူဆက်နေသ၍ တိုးတက်ဖို့ မဖြစ်နိုင်ဘူး ဆိုတာကို သိနားလည် သွားပါပြီ။ စစ်အာဏာရှင် စနစ်အတွင်းမှာ ပွဲလန့်တုန်း ဖျာမခင်းတတ်တဲ့ သူ။ ကိုယ်ကျိုး စီးပွားကိုသာ အပြိုင်အဆိုင် ရှာစားနေကြတဲ့ အာဏာပိုင် အသိုင်းအဝိုင်းထဲမှာ လူထုအကျိုး နိုင်င့ံအကျိုး တပ်မတော်သား ရဲဘော်ရဲဘက်တွေ ကောင်းကျိုးကို သယ်ပိုး မြင့်တင်ပေးချင်တဲ့ သူလို အရာရှိတဦး အဖို့ စစ်တပ်ဟာ လတ်တလော အားဖြင့် ဆက်မနေသင့်တဲ့ ရပ်ဝန်းမှန်း ဆုံးဖြတ် လိုက်ပါတယ်တဲ့။

ဒါနဲ့ သူဟာ ထွက်ခွင့်တင်ပြီး တပ်က ထွက်ခဲ့ပါတော့တယ်။ အပြင်မှာ ရရာ ကြံုရာလုပ်ငန်း စီးပွားပညာ အားလုံး ကျုံးရုန်းသင်ကြား လုပ်ကိုင်ပါတယ်။ ရိုးဖြောင့် သစ္စာရှိမှုနဲ့ ခံယူချက် မှန်ကန်မှုကြောင့် သူ့အပေါင်းအသင်းတွေ ဆွေမျိုးသားချင်း တွေက ၀ိုင်းဝန်း ကူညီစောင့်ရှောက် မြေတောင်မြောက်ပေးလို့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းငယ် တခုကို ထူထောင် လုပ်ကိုင်နိုင်ပါပြီ။ သူဟာ သူ့ခံယူချက် အတိုင်း နိုင်ငံ့ ကောင်းကျိုးအတွက် စွမ်းသလောက် လုပ်နေ ကြိုးပမ်း နေတုန်းပါ။ တပ်မတော် ကောင်းရာ ကောင်းကျိုးအတွက် ဝေဖန် ထောက်ပြ အကြံပေး နေတုန်းပါပဲ။ သူငယ်ချင်း တပည့် စစ်သည် အရာရှိတွေ တွေ့တိုင်း တိုင်းပြည်ကို ချစ်ဖို့ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့ ပြည်သူသာလျှင် တကယ့် ကျေးဇူးရှင်မို့ ပြည်သူလူထုကို စောင့်ရှောက်ဖို့ မှာကြား အကြံပေး သွန်သင်နေတုန်းပါ။

အဲဒီအချိန် မှာ စောစောက သူ့သူငယ်ချင်း စစ်ထောက်လှမ်းရေးက တယောက်ကတော့ တပ်ကနေ အနားပေးခံရပြီး ပိုင်ဆိုင်သမျှ စည်းစိမ်တွေလည်း ဘယ်ရောက်ကုန်မှန်း မပြောနိုင်တော့ ပါဘူးတဲ့။ ထောင်မကျတာပဲ ကံကောင်းတယ် ပြောရပါမယ်။ အလုပ်လက်မဲ့ စီးပွားခက်ပြီး လူရာဝင်ဆံ့ ဖို့တောင် အတော်ခက်ခဲ နေရ ရှာပါတော့တယ်။

နောက် …………. ဒီအချိန်မှာ ရေတပ်က သူ့သူငယ်ချင်း စီအိုရေယာဉ်မှူး ဗိုလ်မှူးကတော့ ချမ်းသာလိုက်သမှ တိန်တိန်မြည် နေပါရောတဲ့။ သောက်လို့ မကုန် ဖြံုးလို့ မကုန်။ ပေါလိုက်တဲ့ ငွေ ဆိုပါလားတဲ့။ မနက်ဖြန်ကျ သူတို့ ဘာဆက်ဖြစ်မယ် ဆိုတာ မသိနိုင်ပါဘူး။ နှောင်းတမြေ့မြေ့ ဇာတ်လမ်းလေးလို တခုခုတော့ အရွေ့အပြောင်း ဆက်ဖြစ်လာမှာ ပဲပေါ့။ စစ်အာဏာရှင် စံနစ်ကို ဆန့်ကျင်တဲ့ ပြည်သူ့စစ်သား စိတ်ဓါတ်ရှိသူ စစ်ဗိုလ် လူထွက်လေးပဲ ထောင်ကျမလား။ စစ်ထောက်လှမ်းရေး ထွက် စစ်ဗိုလ်ကြီးကပဲ သူတို့ဘဝတွေကို အမြင်မှန်ရပြီး တိုင်းပြည် အနာဂတ်အတွက် ထမ်းရွက်ရမယ့် သမိုင်းပေး တာဝန်တွေကို ထမ်းဆောင် လာလေဦးမလား။ သုံးမကုန် ဖြုန်းမကုန် စည်းစိမ်တွေ အကြား တနင့်တပိုး ခံစားရင်း အာဏာသုံး ကိုယ်ကျိုးရှာကျူးနေတဲ့ နေဗွီ စီအို ဗိုလ်မှူးလည်း လေးသံနားမထောင်ပဲ ညောင်သီးစွတ်စား လို့ အကျ နာလေဦး မလား။

နှောင်းတမြေ့မြေ့ ခံစားချက် နောင်တတွေနဲ့ ဆောင်းခဲ့ဖူးတဲ့ ရွှေထီးကို အောက်မေ့ နေလေမလား မနက်ဖြန်ဆိုတဲ့ ဘဝသံသရာ ဇာတ်ကား ငွေပိတ်ကားပေါ်မှာ ခေတ်သစ် ကျေးညီနောင် ပုံပြင် ဖြစ်ရပ်မှန် နောက်ဆက်တွဲတွေ ဆက်လက် ရှုစားရဦး မှာပါ။

ညီတိုးငြိမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here